သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲစောင့်ကြည့်မှု ကနဦး အစီရင်ခံစာများ


နေပြည်တော် ဇေယျာသီရိမြို့နယ် မဲရုံတရုံမှာ မဲရေတွက်နေတဲ့မြင်ကွင်း။ (နိုဝင်ဘာ ၈၊ ၂၀၂၀)
နေပြည်တော် ဇေယျာသီရိမြို့နယ် မဲရုံတရုံမှာ မဲရေတွက်နေတဲ့မြင်ကွင်း။ (နိုဝင်ဘာ ၈၊ ၂၀၂၀)

(Zawgyi / Unicode)

အခုဆိုရင်တော့ ၂၀၂၀ ရွေးကောက်ပွဲကြီး ကျင်းပပြီးစီးသွားပြီဖြစ်လို့ ကြိုတင်မဲတွေနဲ့အတူ ဒီကနေ့မဲပေးခဲ့တဲ့ မဲဆန္ဒရှင်တွေရဲ့ မဲစာရင်းတွေ စတင်ရေတွက်နေကြပါပြီ။ ဒီတော့ ဒီကနေ့ မဲရုံစဖွင့်တာကနေစလို့ မဲရုံ နောက်ဆုံးပိတ်သိမ်းသွားတဲ့ အချိန်အထိ ရွေးကောက်ပွဲကျင်းပခဲ့တဲ့ ပြည်နယ် တိုင်းအသီးသီးက မဲရုံတွေမှာ အနီးကပ်စောင့်ကြည့် လေ့လာခဲ့ကြတဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခဲ့ကြတဲ့ အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေရဲ့ နောက်ဆုံးတွေ့ရှိချက်၊ ရွေးကောက်ပွဲ ကနဦးအစီရင်ခံစာတွေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

ဒီကနေ့ တနင်္ဂနွေနေ့ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ လွှတ်တော်အသီးသီးအတွက် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မနက် ၆ နာရီကနေစလို့ ညနေ ၄ နာရီအထိ ပြည်နယ် တိုင်းအသီးသီးမှာ ကျင်းပခဲ့တာမှာတော့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ အများစု စောင့်ကြည့်ခွင့်ရခဲ့ပြီး ကနဦးအစီရင်ခံစာတွေ အသီးသီး ထုတ်ပြန်နိုင်ခဲ့ကြပါတယ်။

ရွေးကောက်ပွဲ အထူးလေ့လာစောင့်ကြည့်ရေးအဖွဲ့ New Myanmar Foundation နဲ့ မိတ်ဘက်အဖွဲ့အစည်းတွေပေါင်းပြီး လေ့လာစောင့်ကြည့်သူ ၁,၉၀၀ ကျော်နဲ့ ပြည်နယ် တိုင်း အကုန်လေ့လာခဲ့ကြတဲ့ နောက်ဆုံးအခြေအနေကို ကိုယ်တိုင် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခဲ့တဲ့ New Myanmar Foundation က မမြနန္ဒာသင်းက ဗွီအိုအေမြန်မာပိုင်းကို ပြောပြပါတယ်။

"ဒီနေ့ကတော့ ကျမတို့ New Myanmar Foundation ရယ်၊ ကျမတို့ မိတ်ဘက်အဖွဲ့ဖြစ်တဲ့ ရွေးကောက်ပွဲ ပညာပေးရေးနဲ့ မိတ်ဘက်များအဖွဲ့ (EEOP) နှစ်ဖွဲ့ပေါင်းပြီးတော့ ၁,၈၂၄ ယောက်၊ ဒီဘက်က ၁၀၀ နဲ့ ၁,၉၂၄ ပေါ့နော်၊ ရန်ကုန်တိုင်းအပါအဝင် ပြည်နယ် တိုင်း ၁၄ ခုမှာ အဓိက လေ့လာစောင့်ကြည့်ပါတယ်။ အဓိကကတော့ မြို့ပေါ်တွေမှာရော ကျေးရွာတွေမှာရောပေါ့နော်။ တချို့နေရာတွေမှာ မဲရုံထဲဝင်ဖို့ အချေအတင် ပြောခဲ့ရတာလေးတွေ ရှိတယ်။ နောက် ပခုက္ကူဘက်က တချို့နေရာတွေမှာ ညနေပိုင်းလေးတွေမှာ အငြင်းပွားမှုလေးတွေ အနည်းငယ်ရှိခဲ့တယ်။ ကျမတို့ အခု နောက်ဆုံးအခြေအနေကို ကြည့်နေကြပါတယ်။”

အခုဆိုရင် မမြနန္ဒာသင်းတို့လို မဲလေ့လာစောင့်ကြည့်သူတွေက ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး နောက်ဆက်တွဲ ကြိုတင်မဲရေတွက်မှုတွေနဲ့ ဒီကနေ့ မဲဆန္ဒရှင်တွေ မဲရေတွက်မှုတွေကို ဆက်စောင့်ကြည့်နေတာပါ။ ဒီလို မဲရေတွက်မှုကို ကိုယ်တိုင်စောင့်ကြည့်နေသူ ကနောင်အင်စတီကျုရဲ့ အမှုဆောင်ဒါရိုက်တာ ကိုသန်းမြတ်စိုးကလည်း ဒီကနေ့ မန္တလေးတိုင်း တတိုင်းလုံး အတိုင်းအတာနဲ့ လူငယ်တွေ အနီးကပ် စောင့်ကြည့်လေ့လာနိုင်ခဲ့တဲ့ အခြေအနေက ပြောပြပါတယ်။

"ဒီနေ့ တရက်တာကို ကျနော်တို့ လေ့လာစောင့်ကြည့်သူ ၁၂၉ ဦးနဲ့ မန္တလေးတိုင်း ၂၈ မြို့နယ်ကို စောင့်ကြည့်လေ့လာခြင်းတွေ လုပ်ခဲ့တယ်။ စောင့်ကြည့်လေ့လာခွင့် ၉၈ ရာခိုင်နှုန်းအထိ စောင့်ကြည့်လေ့လာခွင့် ရခဲ့တယ်လို့ အကြမ်းဖျင်း ပြောလို့ရမယ်။ အဲ့ဒါအပြင်ကို COVID-19 ပြင်ဆင်ထားရှိမှု အခြေအနေကို ကျနော်တို့ လေ့လာသုံးသပ်တဲ့အခါမှာ ၉၈ ရာခိုင်နှုန်းအထိ သူတို့ ပြင်ဆင်ထားတာကို တွေ့ရတယ်။ မသန်စွမ်း မဲဆန္ဒရှင်တွေအတွက် မဲရုံပြင်ဆင်ထားမှု အခြေအနေကို ကြည့်တဲ့အခါမှာတော့ ၅၀ ရာခိုင်နှုန်းအထိ ကောင်းမွန်ပြီး ၅၀ ရာခိုင်နှုန်းကတော့ အားနည်းမှုလေးတွေ ရှိနေသေးတာကို တွေ့ရတယ်။

“ရွေးကောက်ပွဲ မဲပေးခြင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ပြဿနာလေးတွေ မန္တလေးတိုင်းအတွင်းမှာ ဖြစ်သွားတာတွေ တွေ့ရတယ်။ မြင်းခြံမှာဆို တံဆိပ်တုံးအတု ပြုလုပ်တဲ့ ကိစ္စလိုမျိုး တွေ့ရတယ်။ မန္တလေးခရိုင်တွင်းမှာ တံဆိပ်တုံးကနေ မှင်မထင်တာမျိုး တွေ့ရတယ်။ နောက် မဲရုံမှူးလက်မှတ် မပါဘဲနဲ့ တယောက် နှစ်ယောက် မဲပေးမိသွားတာမျိုး တွေ့ရတယ်။ ပြီးတော့ မဲကို ၂ ကြိမ် ၃ ကြိမ်ထက်မနည်း မဲလာပေးတာမျိုး ဖြစ်စဉ် တေတွေ့ရတယ်။ အခု ကျနော်ကိုယ်တိုင် မဲရုံတွေကို ရောက်နေပြီး ကြိုတင်မဲရေတွက်မှုတွေကို တိုက်ရိုက်စောင့်ကြည့်နေကြပါတယ်ခင်ဗျ။"

ကချင်ပြည်နယ်တွင်းက မဲရုံတွေ ကိုယ်တိုင်လိုက်ကြည့်တဲ့ ကချင်ပြည်နယ်ရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုလွမ်းဇောင်းကတော့ ကချင်ပြည်နယ်တွင်း မဲရုံစောင့်ကြည့်မှုတွေမှာ အဓိက တပ်က ကြိုတင်မဲစာရင်း သိရပေမယ့် စစ်တပ်ကနေ ဒီနေ့ မဲလာပေးတဲ့သူတွေ စာရင်းကို သူတို့ အတိအကျမရတဲ့ အခြေအနေ ရှိနေတယ်ဆိုတဲ့ သူတို့စောင့်ကြည့်ခဲ့တဲ့ စောင့်ကြည့်မှု အခြေအနေတွေ ရှင်းပြတယ်။

"တပ်ဘက်ကနေ မဲပေးမယ့် မဲစာရင်းနဲ့ မဲအင်အား၊ မဲလာပေးတဲ့ အရေအတွက် ကျနော်တို့ တိတိကျကျ မသိရတဲ့ဟာက ပြဿနာဖြစ်နေတယ်။ ကျနော်တို့ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ကိုလည်း မေးကြည့်တယ်။ တပ်ဘက်ကနေ မဲပေးမယ့်အင်အား ဘယ်လောက်ရှိသလဲပေါ့။ ဘယ်လောက် လာပေးဖို့ရှိသလဲ ဆိုတဲ့ဟာတွေ ကျနော်မေးကြည့်တယ်။ ဒါပေမယ့်လည်း သူတို့က ကောင်းကောင်းမွန်မွန် မပြောပြဘူး။ ဒါ့အပြင် ရပ်ကျေးကိုမေးတော့လည်း တပ်ဘက်ကနေ မဲလာပေးမယ့်စာရင်း သူတို့ တိတိကျကျ မသိရဘူး။ ကျနော်တို့ ကျေးလက်ဘက်မှာကတော့ မဲလာပေးမယ့်ပြည်သူက ၇၀ ရာခိုင်နှုန်းအထက် ရှိမယ်လို့ ကျနော်တို့ သုံးသပ်ရတာပေါ့နော်။ အရမ်း ကြီးကြီးကျယ်ကျယ် ပြဿနာတွေတော့ ကျနော်တို့ မရှိပါဘူး။ တချို့ မဲရုံမှူးတွေ ပေါ့ဆမှုတွေ နည်းနည်းပါးပါးရှိတယ်။ ဒါပေမယ့် သူတို့ဘက်က ပြေပြေလည်လည်နဲ့ ပြန်ပြီး ပြင်ဆင်တယ်လို့ ပြောတယ်။ အခု ကျနော်တို့တွေ မဲရုံမှူးတွေ စောင့်ကြည့်လေ့လာသူတွေနဲ့ အခု မဲစာရင်း စတင်ရေတွက်မှုတွေ စောင့်ကြည့်နေကြပါတယ်။ မကြာခင်မှာတော့ အကြမ်းဖျင်းမဲရလဒ် ထွက်လာမယ့်လို့ ခန့်မှန်းပါတယ်။”

၂၀၂၀ ရွေးကောက်ပွဲကြီးကိုတော့ အထူးလေ့လာစောင့်ကြည့်ခဲ့ကြတဲ့ အဖွဲ့တွေထဲက ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) ကလည်း စောင့်ကြည့်လေ့လာသူ ၁,၈၈၈ ဦးအနက် ၂ ဦးမှအပ စောင့်ကြည့်လေ့လာသူ အများစု ပြည်နယ် တိုင်း ၁၄ ခုစလုံးမှာ ၉၅ ရာခိုင်နှုန်း စောင့်ကြည့်နိုင်ခဲ့ပြီး မဲရုံအားလုံးက COVID-19 ကြိုတင်ကာကွယ်ရေး ဘေးကင်းလုံခြုံစွာ မဲပေးနိုင်ရေး အစီအမံတွေကို ၉၀ ရာခိုင်နှုန်းကျော် စီမံဆောင်ရွက်နိုင်ခဲ့ကြောင်းနဲ့ မဲရုံအားလုံးရဲ့ ၉၉ ရာခိုင်နှုန်းက မဲရုံစဖွင့်ချိန်ကစလို့ မဲပေးရာမှာ လိုအပ်တဲ့ပစ္စည်းတွေ အသင့်ရှိခဲ့ကြောင်း ကနဦး အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ အလားတူ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲများ ပံ့ပိုးကူညီရေးကွန်ရက်အဖွဲ့ (MYNFREL) ကလည်း ၂၀၂၀ ရွေးကောက်ပွဲနေ့ လေ့လာတွေ့ရှိချက်တွေကို ကနဦးအစီရင်ခံစာ ထုတ်ပြန်တဲ့ အခမ်းအနားကို COVID-19 ကာကွယ်ရေး လမ်းညွှန်ချက်တွေနဲ့အညီ ထုတ်ပြန်သွားဖို့ ပြင်ဆင်နေပါတယ်။

အခုဆိုရင်တော့ မြန်မာနိုင်ငံတဝန်းလုံး အတိုင်းအတာနဲ့ ညနေ ၄ နာရီနောက်ပိုင်း မဲရုံပိတ်ချိန်ကစလို့ အခုဆိုရင်တော့ မဲရုံအလိုက် ကြိုတင်မဲရေတွက်မှုတွေနဲ့ မဲဆန္ဒရှင်စာရင်းတွေကို စတင်ရေတွက်နေပြီဖြစ်ပြီး ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေဟာ ဆက်လက်ပြီးတော့ မဲစာရင်းရေတွက်မှုနဲ့ မဲစာရင်းထုတ်ပြန်မှု နောက်ဆုံးအခြေအနေတွေကို အနီးကပ် ဆက်လက်စောင့်ကြည့် လေ့လာနေကြပါတယ်။ ဗွီအိုအေမြန်မာပိုင်းအနေနဲ့လည်း ၂၀၂၀ ရွေးကောက်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေနဲ့ မဲစာရင်းရလဒ် ထုတ်ပြန်မှုတွေကို အချိန်နဲ့တပြေးညီ ဆက်လက်တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------------

(Unicode)













XS
SM
MD
LG