သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

RCSS ရှမ်းတပ်ဖွဲ့ဝင် ဖမ်းဆီးခံထားရမှု မြန်မာစစ်တပ် အသံတိတ်


မှတ်တမ်းဓာတ်ပုံ - ရှမ်းပြည်နယ်တွင်း လှုပ်ရှားနေတဲ့ မြန်မာ့တပ်မတော်။
မှတ်တမ်းဓာတ်ပုံ - ရှမ်းပြည်နယ်တွင်း လှုပ်ရှားနေတဲ့ မြန်မာ့တပ်မတော်။

NCA အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ တောင်ပိုင်း ရှမ်းပြည်တပ်မတော် RCSS/SSA နဲ့ မြန်မာ့တပ်မတော်တို့ အကြား ဒေသအတွင်း တိုက်ပွဲဖြစ်ပွါးမှုတွေ၊ ရွာသားတွေ ဖမ်းဆီးခံရမှုနဲ့ RCSS တပ်သားတွေ အဖမ်းဆီးခံရမှု ကိစ္စရပ်တွေ မဖြေရှင်းနိုင်တဲ့ အတွက် ငြိမ်းချမ်းရေး နောက်ကြောင်း ပြန်လှည့်နေပြီလို့ RCSS တာဝန်ရှိသူတွေက ပြောပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် နိုင်ကွန်းအိန် ကနေ သတင်းပေးပို့ ထားပါတယ်။

ရှမ်းပြည်နယ်အတွင်း NCA အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ တောင်ပိုင်း ရှမ်းပြည်တပ်မတော်ရဲ့ တပ်ဖွဲ့ဝင်နှစ်ဦးကို မြန်မာ့တပ်မတော်ကနေ ဖမ်းဆီးထားတဲ့ ကိစ္စအပေါ် RCSS ဘက်က မေးမြန်းထားပေမဲ့ တပ်မတော်ဘက်က ရေရေရာရာ ဖြေကြားတာ မရှိဘူးလို့ တောင်ကြီး ဆက်ဆံရေးရုံး တာဝန်ခံလည်းဖြစ် ရှမ်းပြည်နယ် အပစ်ရပ် ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC-S အဖွဲ့ဝင်လည်း ဖြစ်တဲ့ ဒုဗိုလ်မှူးကြီး စိုင်းဦးက အခုလို ပြောပါတယ်။

“ ကျွန်တော်တို့က အရပ်ဝတ်နဲ့ဘဲ ရွာထဲကိုလာပြီးတော့ လိုတဲ့ပစ္စည်းတွေ လာဝယ်နေတဲ့ အချိန်မှာ တပ်ကဖမ်းသွားတာ ပေါ့နော်။ တပ်နဲ့သွားတွေ့တော့ သူတို့က ဖမ်းသွားတယ် အဲဒီလိုပါဘဲ။ ဘယ်မှာ ဘယ်ရောက်နေလဲ မသိဘူးဗျ။ ကျွန်တော်တို့ ဆက်ဆံရေးရုံး ကနေ ဗျူဟာမှူးတွေ၊ နောက်ပြီးတော့ တြိဂံတိုင်း G1 တွေကို ဖုန်းဆက်မေးပေမယ့်လည်း သူတို့က မသိသေးဘူး။ ပြန်မေးပေးပါ့မယ်ဆိုပြီးတော့မှ ဘာမှပြောတာ မကြားသေးဘူးဗျ။ အမှန်ဆို ကျွန်တော်တို့ လွတ်လပ်စွာ သွားလာခွင့် ရှိတယ်ပေါ့နော်။ ဖမ်းဖို့မသင့်ဘူး ပေါ့နော်။”

တောင်ပိုင်း ရှမ်းပြည်တပ်မတော် တပ်ဖွဲ့ဝင်နှစ်ဦးကို ဇူလိုင်လ ကုန်ပိုင်း မိုင်းပူးလုံ ဒေသ ကျိန်းဟင်ကျေးရွာမှာ အရပ်ဝတ်နဲ့ ဈေးဝယ် နေစဉ်အတွင်း တပ်မတော်ကနေ ဖမ်းဆီးသွားခဲ့တယ်လို့ RCSS ဘက်က ပြောပါတယ်။

တောင်ပိုင်း ရှမ်းပြည်တပ်မတော်ဟာ မြန်မာအစိုးရနဲ့ NCA အပစ်ရပ် လက်မှတ်ရေးထိုး ထားပေမယ့် မြန်မာ့တပ်မတော်နဲ့ စစ်ရေး ပဋိပက္ခ ဖြစ်ပွါးနေဆဲ အခြေအနေမှာ ရှိနေပါသေးတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ (၁၄) ရက်နဲ့ (၁၇) ရက်နေ့တွေမှာရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်နဲ့ ရှမ်းပြည်တောင်ပိုင်း ဟိုပုန်းမြို့နယ်တွေ ထဲမှာ တိုက်ပွဲ ဖြစ်ပွါးခဲ့ပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုန်းမြို့နယ်ထဲမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွါးခဲ့အပြီးနန်းခုတ် ဒေသခံ ရွာသား (၁၀) ဦး အဖမ်းဆီး ခံရသလို အဲဒီ အထဲ (၇)ဦး ပြန်လည် လွတ်မြောက်လာပေမဲ့ ရွာသား ၃ ဦးဟာ ပြန်လည် လွတ်မြောက်လာတာ မရှိသေးပါဘူး။

လက်ရှိ မြန်မာ့တပ်မတော်ကနေ ထိုးစစ်ဆင်နေမှု အရပ်သားတွေကို ဖမ်းဆီးနေမှှု လုပ်ဆောင်ချက်တွေဟာ ရရှိပြီးသား ငြိမ်းချမ်းရေး နောက်ကြောင်း ပြန်လှည့်နေပြီလို့ တောင်ပိုင်း ရှမ်းပြည်တပ်မတော်ရဲ့JMC-S ကော်မတီဝင် ဒုဗိုလ်မှူးကြီး စိုင်းဦး က အခုလို ပြောပါတယ်။

“ ကျွန်တော်တို့က NCA ကို ယုံကြည်မှုရှိရှိနဲ့ သွားနေတဲ့ အချိန်မှာ ဒီလို တိုက်ပွဲဖြစ်တာတို့ ဒီလို အရပ်သားပြည်သူတွေကို ဖမ်းဆီးတာတို့ ကျွန်တော်တို့ထဲမှာ မရှိသင့်ဘူး။ မဖြစ်သင့်ဘူး ပေါ့နော်။ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ကျွန်တော်တို့ NCA ကို ထိုးတာပေါ့နော်။ အခုလို အခြေအနေမှာ ကျတော့ ပိုပြီးတော့ ဆိုးလာတဲ့ အခြေအနေမှာ ရောက်နေတယ် ပေါ့နော်။ NCA အရ ငြိမ်းချမ်းရေး လမ်းကြောင်းကို မသွားဘဲနဲ့ နောက်ပြန်လှည့်နေတဲ့ သဘောမျိုး ဖြစ်နေတယ်။”

အခုလို ဖြစ်ပွါးနေတဲ့ ပြဿနာတွေကို ရှမ်းပြည်နယ် အပစ်ရပ် ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC-S တင်ပြထားပေမဲ့လည်း ထူးခြားမှု မရှိဘူးလို့ ဒုဗိုလ်မှူးကြီး စိုင်းဦးက ပြောပါတယ်။

NCA အပစ်ရပ်အဖွဲ့နဲ့ တပ်မတော်တို့ အကြား ဖြစ်ပွါးနေတဲ့ စစ်ရေးပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့ JMC ကနေ စိစစ်အတည်ပြုရေး အဖွဲ့တွေ စေလွှတ်နေတယ်လို့ ပြည်ထောင်စုအဆင့် အပစ်ရပ်ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ JMC ကော်မတီဝင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်က ဒုဗိုလ်မှူးကြီး ခွန်အောင်မန်းက ပြောပါတယ်။

“ လောလောဆယ်ကတော့ JMC ကနေပြီးတော့ စိစစ် အတည်ပြုရေး အဖွဲ့တွေ လွှတ်ပြီးတော့မှ သွားရောက် စိစစ်တာတွေတော့ ဆောင်ရွက်နေတာတွေ ရှိတယ်။ ဒီ စိစစ်အတည်ပြုရေး အဖွဲ့ကနေ ပြန်ပြီးတော့ တင်ပြထားတဲ့ဟာတော့ မရှိသေးဘူးပေါ့လေ။ အစည်းဝေးတွေ ရောက်မှဘဲ ဒီကော်မတီတွေ ကနေ ကြည့်ပြီးတော့မှ ဆုံးဖြတ်ရမှာပေါ့။ ဘယ်လို အပြစ်ပေး အရေးယူရမယ်ဆိုတာ။JMC ကလည်း ယန္တရား တခုလုံး ဟိုးအောက်ခြေအထိ လည်ပတ်နေတဲ့ အနေအထား မရှိသေးတာလည်း ပါတယ်ပေါ့လေ။”

လက်ရှိ JMC ကို ပြည်ထောင်စုအဆင့် ပြည်နယ်၊ တိုင်းဒေသကြီး အဆင့် ဖွဲ့စည်းထားပေမယ့် ဒေသဆိုင်ရာအဆင့်နဲ့ ဒေသဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ မဖွဲ့နိုင်သေးတာကြောင့်ပြဿနာ ဖြေရှင်းရေးမှာ နှောင့်နှေး ကြန့်ကြာနေရတယ်လို့ ဒုဗိုလ်မှူးကြီး ခွန်အောင်မန်းက ပြောပါတယ်။

တောင်ပိုင်း ရှမ်းပြည်တပ်မတော်ဟာ မြန်မာအစိုးရနဲ့NCA အပစ်ရပ်လက်မှတ်ရေးထိုး ထားပေမယ့် ရှမ်းအမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပနိုင်ခြင်း မရှိသေးပါဘူး။

ဒါ့အပြင် တောင်ပိုင်းရှမ်းပြည် တပ်မတော် အပါအဝင် မြောက်ပိုင်း ရှမ်းပြည်တပ်မတော် ရှမ်းနိုင်ငံရေး ပါတီတွေဖြစ်တဲ့ ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ်SNLD ၊ ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီ SNDP တို့နဲ့ဖွဲ့စည်းထားတဲ့ CSSU ရှမ်းပြည်ညီညွတ်ရေး ကော်မတီရဲ့ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဇူလိုင် (၂၀) ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့်ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ ကန့်ကွက်မှုကြောင့် ကျင်းပခွင့် မရခဲ့ပါဘူး။

တဖက်မှာလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ၂၁ ရာစု ပင်လုံ တတိယအကြိမ်အစည်းအဝေး အတွက် အကြိုပြင်ဆင်တဲ့ အနေနဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့နဲ့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား ဒီကနေ့ ထိုင်းနိုင်ငံမှာ အလွတ်သဘော တွေ့ဆုံ ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG