သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုးချဲ့လာတဲ့ စိုက်ပျိုးရေးလုပ်ငန်းကြောင့် သဘာဝသီးနှံပင်များ ပျက်သုဉ်းလာ


မွန်ပြည်နယ်အတွင်းက ခြံစိုက်ခင်းတခု။ (ဓာတ်ပုံ - မိအေးခိုင်၊ နိုင်ကျန်ရစ်၊ ဒေါ်ဒေဝီသန့်ဇင်)
မွန်ပြည်နယ်အတွင်းက ခြံစိုက်ခင်းတခု။ (ဓာတ်ပုံ - မိအေးခိုင်၊ နိုင်ကျန်ရစ်၊ ဒေါ်ဒေဝီသန့်ဇင်)

(Zawgyi / Unicode)

ရာဘာလို စက်မှုကုန်ကြမ်း စီမံကိန်းဝင် သီးနှံအပင်တွေ တိုးချဲ့စိုက်ပျိုးမှုများလာတဲ့ မွန်ပြည်နယ်မှာ အခုဆိုရင် သဘာဝအတိုင်းပေါက်တဲ့ သီးနှံပင်တွေ မရှိသလောက် ရှားပါးသွားပါပြီ။ ကနစိုသီး၊ သပြေသီး၊ ကန်မလင်းသီးလို သဘာဝအသီးအနှံတွေ မရှိသလောက် ရှားသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။ ခုလို သဘာဝသီးနှံတွေ ပျောက်ကွယ်ကုန်တာနဲ့ ပတ်သက်လို့ သဘာဝပတ်ဝန်းကျင်နဲ့ မြေယာအရေး တက်ကြွသူတွေရဲ့ အမြင်တွေကို ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က စုစည်းတင်ပြထားပါတယ်။

မွန်ပြည်နယ်မှာ အရင်ကရှိခဲ့ဖူးတဲ့ သဘာဝအသီးအနှံပင်တွေဟာ အခုအခါမှာ တိုးချဲ့လာတဲ့ စိုက်ပျိုးရေးလုပ်ငန်းကြောင့် ပျက်သုဉ်းရှားပါးလာနေတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ အထူးသဖြင့် ငယ်စဉ်က စားခဲ့ဖူးတဲ့ တောတောင် ခြံထဲက သဘာဝ သစ်သီးဝလံတွေ အခုအခါမှာ မရှိသလောက် ဖြစ်လာတယ်လို့ မွန်ပြည်နယ် ပေါင်မြို့က အသက် ၅၅ နှစ်အရွယ် ကျာင်းဆရာမ ဒေါ်ခင်ထားက ပြောပါတယ်။

“ဇီးဖြူသီးဆိုလည်း တို့ စားရတယ်၊ ငယ်ငယ်တုန်းက၊ ဇီးဖြူသီးစားပြီး ရေသောက်ရင် ချိုနေရောပဲ အဲဒီလိုမျိုးတွေပေါ့။ ကနစိုသီး အတွဲလိုက် သူရောင်းတယ်လေ။ နောက်ပြီး မရမ်းသီး အမှုန့်နဲ့ သူနယ်ထားတယ်လေ။ နောက်ပြီး သစ်တိုသီးတို့ သပြေသီးလေ၊ ဝါးသီးတမျိုးလည်း တို့ငယ်ငယ်တုန်းက စားရတယ်လေ။ ကန်မလင်းသီး၊ စွတ်ပလွတ်သီးလေ လှော်ထားတယ်လေ။ ပြီးရင် အစီးတွေစားရတယ်။ နောက် အရင်ကဆို တို့ ကွင်းက မာလကာသီးလေ၊ သေးသေးလေးတွေလေ၊ အခု လုံးဝကိုမရှိတော့တာ။ အဲဒီအစား ထိုင်းကလာတဲ့ မလကာသီး ကြီးကြီးတွေလေ။ အဲဒါပဲ နေရာယူလာတယ်။ ဈေးထဲမှာ အဲဒီအသီးလေးတွေ ရှားလာပြီ။ ကျောင်းထဲမှာလေ Ready Made သက်သက်ရောင်းတယ်။”

အရင်ကဆိုရင် တောတောင် ခြံတွေထဲမှာ သဘာဝထွက်ရှိတဲ့ သစ်သီးတွေ ရှိနေပေမဲ့ အခုအခါမှာ ရှားပါးလာပြီလို့ ခြံလုပ်ငန်းရှင် နိုင်အောင်သန့်ကလည်း အခုလိုပြောပါတယ်။

“အခုအခြေအနေမှာကျတော့ စီမံကိန်းပုံစံမျိုးလိုပေါ့။ ဟို ရာဘာဆိုလည်း ရာဘာပင်တွေ သီးသန့်စိုက်ကြတယ်။ ကွမ်းဆိုလည်း ကွမ်းပင်ပဲ သီးသန့်စိုက်ကြတယ်။ အဲဒီလိုမျိုး ရောပြွမ်းစားပင် သီးနှံမျိုးစုံထွက်တဲ့ အရင်ကပုံစံမျိုးတော့ မရှိသလောက် ခပ်ရှားရှားလေး ဖြစ်သွားပြီး။ ဒီ အခုခေတ်လူငယ်လေးတွေကျတော့ အဲဒီလို စားပင်သီးပင်တွေကျတော့ သူတို့ မတွေ့ဘူးသလောက် ခပ်ရှားရှားလေးဖြစ်သွားပြီ။ အခုလက်ရှိ အခြေအနေမှာကျတော့ မရမ်းတို့ မင်းကွတ်တို့ နာနတ်တို့ စုံပဒတ်တို့ အဲဒီအခြေအနေလောက်ပဲ ရှိတော့တယ်။”

လက်ရှိ မွန်ပြည်နယ်မှာ ရော်ဘာပင် အများအပြား စိုက်ပျိုးနေကြပြီး ကျွဲကော၊ ကွမ်းသီး၊ ကြက်မောက်သီးတွေလည်း စိုက်ပျိုးမှု ပိုများလာပါတယ်။ ဒါပေမဲ့လည်း အဲဒီ သစ်သီးဝလံတွေဟာ ပြည်တွင်းမှာသာ စားသုံးနေရတဲ့ အဆင့်မှာပဲ ရှိနေတာဖြစ်ပြီး နိုင်ငံခြားရောင်းတန်း မဝင်သေးပါဘူး။ ရာဘာဆိုရင်လည်း ကုန်ကြမ်းအဆင့်သာ ထုတ်လုပ်နိုင်ပြီး ဈေးကွက်ရောင်းတန်း မဝင်သေးပါဘူး။ ကုန်ချောအဆင့်ကို ထုတ်လုပ်ဖို့ဟာ နည်းပညာနဲ့ အရင်းအနှီး မရှိသေးတာကြောင့် ရာဘာစိုက်ပျိုးထုတ်လုပ်သူတွေအတွက် နစ်နာနေတယ်လို့ မွန်ပြည်နယ် ရာဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ နိုင်ကျန်ရစ်က ပြောပါတယ်။

“ထိခိုက်မှုဆိုတဲ့နေရာမှာ ကုန်ချောဖြစ်ဖို့က နည်းပညာရယ် အရင်းအနှီးရယ် အဲဒါတွေလိုတယ်။ ကုန်ကြမ်းကိုရောင်းရင် ကုန်ကြမ်းဈေးပဲရမယ်။ ဒါကို ကုန်ချောဖြစ်အောင် လုပ်လိုက်ရင် ကုန်ချောဈေးပဲ။ ကျနော်တို့ ရာဘာအစေးကို ကုန်ကြမ်းအဖြစ်နဲ့ပဲ အခုလောလောဆယ် ဗမာပြည်မှာ ထုတ်နိုင်သေးတယ်။ အဆင့်မြင့်ကုန်ကြမ်းဆိုပြီးတော့ မလုပ်နိုင်သေးဘူး။ အဲဒီတော့ ကုန်ချောက တော်တော်ဝေးသေးတယ်။ အရင်းစစ်လိုက်ရင် နည်းပညာနဲ့ အရင်းအနှီး ကျနော်တို့မှာလိုတယ်။ အဲဒါကို ကျနော်တို့က သိနေတယ်။ ဒါ နစ်နာနေတယ်ဆိုတဲ့ဟာကို။ ဒါပေမဲ့ မတတ်နိုင်ဘူး။”

မွန်ပြည်နယ် မြေစာရင်းဦးစီးဌာနရဲ့ ၂၀၁၉ ခုနှစ် စာရင်းအရ မွန်ပြည်နယ်မှာ ရော်ဘာစိုက်ဧက ၅ သိန်းကျော်ရှိပြီး ကျွဲကောစိုက်ဧက ၃ ထောင်ကျော် ရှိနေပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ မွန်ပြည်သစ်ပါတီ၊ KNU ကရင်အမျိုးသား အစည်းအရုံးတွေရဲ့ ထိန်းချုပ်ဒေသမှာလည်း ရာဘာတွေ အများအပြား စိုက်ပျိုးနေတာကြောင့် အစိုးရစာရင်းထဲမပါတဲ့ စိုက်ဧကတွေ အများအပြား ရှိနေပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းတွေ တွင်ကျယ်လာတာနဲ့အမျှ သဘာဝ သီးပင်စားပင်တွ ဆိတ်သုဉ်းလာခဲ့တာပါ။

အခုလို သဘာဝအလျောက်နဲ့ တပိုင်တနိုင် ရောပြွန်း ခြံထဲပေါက်ရောက်နေတဲ့ သီးပင်စားပင်တွေ ပျောက်ကွယ်သွားတာဟာ အစိုးရအဆက်ဆက်က ချမှတ်လုပ်ကိုင်နေတဲ့ မြေယာပေါ်လစီနဲ့လည်း သက်ဆိုင်နေတယ်လို့ မွန်ပြည်နယ် မြေယာအရေး တက်ကြွလှုပ်ရှားသူ ကိုအောင်မိုးက အခုလို ရှင်းပြပါတယ်။

“မြေလွတ်မြေလပ်မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေ ဆိုတာက သဘာဝအလျောက် ပေါက်ရောက်နေတဲ့ သစ်တောမြေတွေ၊ နောက်ပြီးတော့ သဘာဝအလျောက် ပေါက်ရောက်နေတဲ့ ခြံမြေတွေ၊ အဲဒီခြံမြေတွေရဲ့နေရာမှာ အစိုးရရဲ့ဥပဒေနဲ့ မကိုက်ညီဘူး ဆိုပြီးတော့မှ လယ်ယာမြေပုံစံ လျှောက်ခိုင်းတာတို့၊ မြေလွတ်မြေလပ် မြေရိုင်း စီမံခန့်ခွဲမှုဥပဒေအရ မြေလွတ်ဆိုပြီးတော့ သတ်မှတ်ပြီးမှပဲ မြေနေရာတွေကို သက်ဆိုင်ရာ အစိုးရ၊ အစိုးရနဲ့ နီးစပ်တဲ့သူတွေ၊ နောက်ပြီးတော့ သူဌေးတွေ ပြန်လည်ချပေးတဲ့ အလေ့အကျင့်တွေ မြန်မာပြည်မှာ ရှိခဲ့တယ်။ အခုကျတော့ အဲဒီမြေနေရာတွေဟာ အစိုးရရဲ့ ခွင့်ပြုချက်လက်မှတ် ပုံစံမရှိလို့ ဆိုပြီးမှပဲ သူတို့က မြေလွတ်မြေလပ်မြေရိုင်း သတ်မှတ်လိုက်တာလေ။ သတ်မှတ်လိုက်ပြီးမှပဲ သက်ဆိုင်ရာ တခြားလူတွေကို ချပေးလိုက်တယ်။ ဒီလူတွေကတော့ စီးပွားဖြစ် စက်မှုကုန်ကြမ်း ပစ္စည်းတွေ ထုတ်လုပ်ဖို့ အဲဒီလိုပုံစံမျိုး လုပ်လာတဲ့အခါကျတော့ ဒေသခံတွေ စိုက်ထားတဲ့ သီးပင်စားပင်တွေ သဘာဝအလျှောက် ပေါက်ရောက်နေတဲ့ သီးပင်စားပင်တွေ အကုန်လုံး ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ။”

မြန်မာအစိုးရကေန ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က ထုတ်ပြန်တဲ့ မြေလွတ်မြေလပ်မြေရိုင်း စီမံခန့်ခွဲမှု နည်းဥပဒေကြောင့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်း အပါအဝင် တိုင်းရင်းသားတွေရဲ့ မိရိုးဖလာ မြေယာတွေ ဆုံးရှုံးသွားနိုင်တယ်ဆိုပြီး စိုးရိမ်မှုတွေ ရှိခဲ့ပါတယ်။

ရော်ဘာလို စီမံကိန်းဝင် သစ်ပင်တွေ စိုက်ပျိုးမှု တွင်ကျယ်လာတဲ့အမျှ သဘာဝပတ်ဝန်းကျင် ပျက်စီးလာတယ်လို့ ကိုအောင်မိုးက ဆက်ပြောပါတယ်။

“အခုဆိုရင် စက်မှုကုန်ကြမ်းဖြစ်နေတဲ့ ရာဘာတွေ ရာဘာပင်တို့လိုမျိုးတွေ စိုက်ပျိုးတာတွေ များတဲ့အခါကျတော့ ဒေသတွင်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ ကြုံနေရပြီ။ နောက်ပြီးတော့ ဒီရာဘာပင်တွေ များလာတဲ့အတွက် ဒေသတွင်းမှာ ရှိနေတဲ့ အကောင်ပလောင် တိရစ္ဆာန် ကျေးငှက်တွေ နောက်ပြီးတော့ လိပ်ပြာတွေ နောက်ပြီးတော့ အမျိုးမျိုးသော ဝတ်မှုန်ကူးနေတဲ့ ပျားတို့လိုမျိုး ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ။ အဲဒါတွေ ကျနော်တို့ ဒေသမှာ ကြုံနေရပါတယ်။”

စိုက်ပျိုးရေးလုပ်ဆောင်တာမှာ ဖွံ့ဖြိုးရေးတခုတည်းကို အဓိကမထားဘဲ မိမိနိုင်ငံနဲ့ ကိုက်ညီတဲ့ သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ကို ထိန်းသိမ်းဖို့ လိုတယ်လို့ မြန်မာအစိမ်းရောင်ကွန်ရက်ရဲ့ တာဝန်ခံ ဒေါ်ဒေဝီသန့်စင်က အခုလို ထောက်ပြပါတယ်။

“ဒေါ်လေးတို့ ငယ်ငယ်က စားခဲ့တဲ့ အင်မတန်ကောင်းမွန်တဲ့ အာဟာရဟာတွေ အကုန်ပျက်စီးကုန်ပြီ။ မြေကြီးရော သီးနှံရော အကုန် ဘာမှမရှိတော့ဘူး။ ရင်နာစရာကောင်းတယ်။ ဂေဟစနစ် ပျက်စီးတယ် ဆိုတာကတော့ ပထမပေါ့။ ဖွံ့ဖြိုးပြီးတဲ့ နိုင်ငံတွေက ဥပမာ ဒီ ပိုသတ်ဆေး ဓာတ်မြေသြဇာတွေ အရင်တီထွင်လိုက်တယ်။ ဒါပေမဲ့လို့ သူတို့က ဒေါ်လေးတို့နဲ့ ဘာတပန်းသာလဲဆိုတော့ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှုက သူက တွဲနေတာပေါ့နော်။ သူတို့နိုင်ငံ ဖွံ့ဖြိုးဖို့ စီးပွားရေး ဖွံ့ဖြိုးဖို့ပေမယ့် သူတို့ ဒါကို ဒီအတိုင်းပဲ လွှတ်ထားတာမဟုတ်ဘူး။ မကောင်းဘူးလို့ တွေ့လာတဲ့အခါမှာ သူတို့က ရပ်လိုက်တယ်လေ။ ဖွံ့ဖြိုးမှုတခုတည်းကိုပဲပေါ့နော်။ တတိယနိုင်ငံတွေက ဝိုင်းတင်ချင်တယ်။ ဘယ်လိုဖွံ့ဖြိုးရေးနဲ့ တွဲပြီးမှ ကိုယ့်နိုင်ငံနဲ့ သဟဇာတဖြစ်မယ့် ကိုယ့်နိုင်ငံမှာရှိပြီးတဲ့ မျိုးစေ့တွေ မျိုးစိတ်တွေ မပျက်ဖို့ အဲဒီမှာ အရမ်းအရေးကြီးတယ်။”

မြန်မာနိုင်ငံလို ဖွံ့ဖြိုးတိုးတက်ဆဲ နိုင်ငံတခုအေနနဲ့ နိုင်ငံခြားဝင်ငွေရရှိဖို့ စီမံကိန်းဝင် သီးနှံအပင်တွေကိုသာ စိုက်ပျိုးနေရသလို တဖက်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု လုပ်ငန်းတွေမှာ အစိုးရအနေနဲ့ လုပ်ဆောင်ဖို့ အားနည်းနေတယ်လို့ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတွေက ထောက်ပြနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------------

(Unicode)


















XS
SM
MD
LG