သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လယ်သမားဘဝမြင့်တင်ရေး ဒီမိုအစိုးရသစ် လုပ်နိုင်ပြီလား


မြန်မာ့လယ်ယာလုပ်ငန်းခွင်က လယ်သူမတွေ လယ်စိုက်နေစဉ်။
မြန်မာ့လယ်ယာလုပ်ငန်းခွင်က လယ်သူမတွေ လယ်စိုက်နေစဉ်။

တောင်သူလယ်သမားတွေအတွက် ခိုင်မာတဲ့ဈေးနှုန်းနဲ့ ပြည်တွင်းပြည်ပ ဈေးကွက်တွေရဖို့ ဈေးပြိုုင်စနစ် ဖော်ဆောင်ပေးမယ်လို့ ဒီကနေ့ ကျရောက်တဲ့ တောင်သူလယ်သမားနေ့မှာ နိုင်ငံတော်သမ္မတက ဂတိပြု ပြောဆိုလိုက်ပါတယ်။ လယ်ယာကဏ္ဍမှာ ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုတွေ တိုးလာဖို့ ဆောင်ရွက်မယ်လို့လည်း ပြောပါတယ်။ ဒါပေမယ့်လည်း တောင်သူလယ်သမားတွေရဲ့ဘဝမြင့်လာဖို့ အစိုးရအဆက်ဆက်က ဂတိပြုပြောဆိုခဲ့ကြပေမယ့်၊ အခုအချိန်အထိ ဒီဂတိကဝတ်တွေကို ထိထိရောက်ရောက်မလုပ်နိုင်ကြဘူးလို့ တောင်သူလယ်သမားအရေးလှုပ်ရှားသေူတွက ဝေဖန်ပါတယ်။ ဒီအကြောင်း မမေခက စုံစမ်းမေးမြန်း သတင်းပေးပို့ထားပါတယ်။

ဒီကနေ့ဟာ မြန်မာနိုင်ငံရဲ့ တောင်သူလယ်သမားနေ့ပါ။ ဒီနေ့အတွက် သမ္မတကြီးကသဝဏ်လွှာပေးပို့တာပါ အခုလိုထည့်သွင်းပြီး ဂတိပြုပြောဆိုလိုက်တာဖြစ်ပါတယ်။ သမ္မတကြီးပေးပို့တဲ့သဝဏ်လွှာမှာ ဒီအချက်တွေအပြင် နိုင်ငံအဝှမ်း မှာ လယ်ယာထုတ်ကုန်သမဝါယမအသင်းတွေဖွဲ့စည်းထူထောင်ပြီး တောင်သူဘဝမြင့်တင်ပေးဖို့လုပ်ဆောင်မယ်လို့လည်း ဂတိ ပြုထားပါတယ်။

တောင်သူလယ်သမားတွေနဲ့ပတ်သတ်လို့တောင်သူလယ်သမားအခွင့်အရေးကာကွယ်ပေးဖို့ကို လုပ်ဆောင်မယ်လို့ပြောဆိုထား ပေမယ့် လယ်ယာမြေဆုံးရှုံးနေရတဲ့လယ်သမားတွေအတွက် လယ်ယာမြေနဲ့ပတ်သတ်လို့ ဘာတွေလုပ်ပေးမလဲဆိုတာကိုတော့ တိတိကျကျ ဘာမှမပြောခဲ့ပါဘူး။

တောင်သူလယ်သမားအရေးလှုပ်ရှားသူတွေကတော့ အစိုးရသစ်မှာလည်း အစိုးရဟောင်းတုန်းကလို တောင်သူလယ်သမား တွေအတွက် ဘာမှထိထိရောက်ရောက်လုပ်ပေးတာမျိုးမရှိဘဲ ဖယ်ကြဉ်ထားကြဆဲဖြစ်တယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။ လက်ရှိ အစိုးရသစ် လက်ထက်မှာ လယ်ယာမြေမတရားသိမ်းခံရတဲ့ တောင်သူလယ်သမားတွေအတွက် လယ်ယာမြေပြသနာဖြေရှင်းမှုက အရင်အစိုးရလက်ထက်ကလိုဘဲ တာဝန်ယူမှုမရှိသေးတာကြောင့် လယ်သမားတွေမှာ နစ်နာရဆဲဖြစ်တယ်လို့ မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂ(ဗဟို)မှ ဥက္ကဌ မစုစုနွေးက ခုလိုသုံးသပ်ပြောဆိုလိုက်ပါတယ်။

“နည်းနည်းလေးတော့ ပြောင်းလဲလာတာတွေ့ရပါတယ်။ တာဝန်ယူတဲ့အချိန်မှာ လယ်သမားကဏ္ဍတွေကို တိုင်းဒေသကြီးဝန်ကြီးချုပ်တွေကနေပြီးတော့ လယ်ယာမြေ ပြန်လည်စိစစ်ရေးအဖွဲ့တွေ နေပြည်တော်ကနေဖွဲ့တယ်၊ ဖွဲ့ပြီးတော့ ပြန်လည်စိစစ်တယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေကနေပြီးတော နေရာပြန်ပေးတာမျိုးတွေလုပ်တယ်ပေါ့နော် အဲဒီနောက်ပိုင်းလည်းကျတော့ မြေယာအငြင်းပွားမှုတွေကို တင်ပြပါဆိုပြီးတော့ အစိုးရဘက်က မြို့နယ်တွေ ကျေးရွာတွေမှာ မြေယာအငြင်းပွားမှုတွေကိုတင်ခိုင်းတာမျိုးလည်း ကျမတို့ တွေ့ရတယ်။ နောက်ပိုင်းလည်းကျတော့ မြေယာအငြင်းပွားမှုတွေဖြစ်တဲ့အခါ ပြတ်ပြတ်သားသား ဥပဒေနဲ့အညီ ရဲရဲဝံ့ဝံ့ဆောင်ရွက်တာမျိုးတွေတော့ မတွေ့ရဘူး။ ပထမ အစပိုင်းမှာပြောင်းလဲလာသလိုဖြစ်ပြီးတော့ နောက်အလယ်ပိုင်းလောက်ကျတော့ ပြောင်းလည်သလိုနဲ့ မပြောင်းလဲပဲနဲ့ မြေယာအငြင်းပွားမှုတွေသွားပြောတဲ့အခါမှာ တာဝန်ယူမှုတွေ၊ တာဝန်ခံမှုတွေ မရှိပဲနဲ့ ဘော်လုံး ပုတ်သလိုပေါ့နော် ဘယ်အဖွဲ့အစည်းမှ တာဝန်မယူဘူး။”

သိမ်းဆည်းထားတဲ့ လယ်ယာမြေများကို လယ်လုပ်ချင်စိတ်ရှိတဲ့ သိမ်းဆည်းခံ လယ်သမားလက်ထဲအမြန်ဆုံးထည့်ပေးဖို့နဲ့ တောင်သူ လယ်သမားနေ့ဆိုပြီး တောင်သူလယ်သမားများအတွက်နိုင်ငံလုံးဆိုင်ရာ တိုင်းဒေသကြီးအလိုက် ကျေးလက်အထိ ဂုဏ်ပြုကြိုဆိုတာမျိုးတွေ လည်းလုပ်ပေးစေချင်တယ်လို့ မစုစုနွေးကပြောပါတယ်။ တောင်သူလယ်သမားတွေအတွက် မစုစုနွေး က အခုလိုတောင်းဆိုလိုက်ပါသေးတယ်။

“ပြည်သူကတင်လိုက်တဲ့အစိုးရအနေနဲ့ တောင်သူလယ်သမားရဲ့ နည်းပညာပိုင်းဆိုင်ရာကိုလည်း ရပ်ကွက်လူ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ပေးဖို့ရယ်။ နောက်တခုကတော့ တောင်သူလယ်သမားတွေကို တိုက်ရိုက်အကျိုးမပြုတဲ့ ဥပဒေတွေရှိပါတယ်။ တောင်သူလယ်သမားကာကွယ်စောင့်ရှောက်ရေး ဥပဒေထဲမှာဆိုရင်လည်း ဒါက ပြတော့ ပြဌာန်းထားတယ် အဲဒါကို နည်းဥပဒေ နဲ့ပေါ့နော် မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်ပေးဖို့ရယ်။တောင်သူလယ်သမားတွေကို တိုက်ရိုက်အကျိုးမပြုတဲ့ ဥပဒေတွေကို ပြန်လည်ပြင်ဆင်ပြောင်းလဲပေးဖို့ရယ် ကျမတို့က တောင်းဆိုချင်ပါတယ်။”

ပြည်သူ့လွှတ်တော်က တောင်သူလယ်သမားအလုပ်သမားရေးရာကော်မတီကအဖွဲ့ဝင် ဦးစောတင်ဝင်းကတော့ တောင်သူလယ်သမား တွေဘဝဖွံ့ဖြိုးဖို့ ဥပဒေတွေနဲ့ကာကွယ်ပေးသွားဖို့ရှိတယ်လို့ ပြောပါတယ်။ သိမ်းဆည်းခံလယ်ယာမြေတွေနဲ့ပတ်သတ်လို့ လုပ်ဆောင်ပေးမယ့် လုပ်ငန်းစဉ်တွေနဲ့ပတ်သတ်ပြီး လုပ်ဆောင်နေတာကို အခုလိုရှင်းပြတာပါ။

“ကျနော်တို့ တောင်သူလယ်သမားတွေမတရား သိမ်းဆည်းခံရတာနဲ့ ပတ်သက်ပြီးတော့ တိတိကျကျ ဆုံးဖြတ်နိုင်အောင် ကျနော်တို့ တင်ပြထားတာ ရှိပါတယ်။ ဥပမာ လယ်သိမ်းမြေသိမ်းတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ၁၈၉၄ ခုနှစ် ဥပဒေနဲ့ ညီမညီပေါ့ဗျာ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ လုပ်ဆောင်နေပါတယ်။ အဲဒီအတွက်လည်း သက်ဆိုင်ရာ ကဏ္ဍတွေမှာ ကျနော်တို့ ထဲထဲဝင်ဝင်ပါဝင်ပြီးတော့ ကျနော်တို့ တင်ပြထားပါတယ်။ ကျနော်တို့ တိုင်းနဲ့ ပြည်နယ်အဆင့်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကို ဒါတွေကို စိစစ်ပေးဖို့ လုပ်ဆောင်ချက်တွေလည်းရှိပါတယ်။ အဲဒီတော့ ဥပဒေ ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က တင်ပြထားတာတွေလည်းရှိပါတယ်။ ဘယ်အခြေအနေအထိ ရောက်ပြီလဲဆိုတာကတော့ ကျနော်တို့ အသေးစိတ်ပြောလို့ မရသေးပါဘူး။”

လက်ရှိမှာတောင်သူလယ်သမားတွေဘဝက ကြွေးမြီးသံသရာနဲ့လည်ပတ်နေရဆဲပါ။ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်ဆီး ဆုံးရှုံးသွားတဲ့ စိုက်ပျိုးစာရိတ်ချေးငွေတွေမဆပ်နိုင်တဲ့တောင်သူတွေအတွက် အစိုးရဘက်က သက်ညှာစွာစဉ်းစားပေးဖို့နဲ့ မတ ရားသိမ်းဆည်းခံလယ်မြေတွေ တောင်သူတွေပြန်ရဖို့ တောင်သူလယ်သမားအရေးလှုပ်ရှားသူတွေကတောင်းဆိုနေကြပါတယ်။ တောင်သူလယ်သမားအခွင့်အရေးဥပဒေဆိုတာ ရှိနေပေမယ့် နည်းဥပဒေမထွက်သေးလို့ တောင်သူတွေကို ခုချိန်ထိတော့ ထိထိ ရောက်ရောက်မကာကွယ်ပေးနိုင်သေးသလို တောင်သူတွေရဲ့လယ်မြေတွေမှာလည်းမတရားသိမ်းဆည်းခံနေရဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG