သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၉ လွတ်လပ်စွာဖော်ထုတ်ခွင့် မြန်မာတက်ကြွသူတွေ စိုးရိမ်မကင်း


လွတ်လပ်စွာဖော်ထုတ်ခွင့် လူထုဆန္ဒပြပွဲ (မတ်လ ၂၀၁၈ )
လွတ်လပ်စွာဖော်ထုတ်ခွင့် လူထုဆန္ဒပြပွဲ (မတ်လ ၂၀၁၈ )

ဒီမိုကရေစီစံနှုန်းတွေနဲ့ မကိုက်ညီတဲ့ ဥပဒေပုဒ်မတွေကို ပြင်ဆင်နိုင်မယ်ဆိုရင်တော့၂၀၁၉ခုနှစ်အတွင်းမှာ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ရေးသားခွင့်လို အခြေခံလူ့အခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေးတွေ အပြည့်အဝရဖို့ မျှော်လင့်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်အတွင်းအရပ်သားအစိုးရလက်ထက် ပြည်နယ်တိုင်းအစိုးရအဖွဲ့၊လွှတ်တော်နဲ့ စစ်တပ်ဘက်က နိုင်ငံရေး၊ လူ့အခွင့်အရေး လှုပ်ရှားတောင်းဆိုသူ သတင်းသမားတွေကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ဆန္ဒထုတ်ဖော်မှုတွေနဲ့ တရားစွဲဆိုထောင်ချမှုတွေ အများအပြားရှိခဲ့တယ်လို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှု အသံက ထုတ်ပြန်လိုက်ပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်အတွင်းမှာတော့ နိုင်ငံရေးဝေဖန်ရေးသားမှုအပါအဝင် သတင်းရေးသားဖော်ထုတ်မှုတွေအပေါ် အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တပ်မတော်ဘက်က ရေးသားသူတွေကို ဆက်သွယ်ရေးဥပဒေပုဒ်မနဲ့ တရားစွဲဆိုမှုပေါင်း ၅၃ ခုရှိခဲ့ပါတယ်။ ဒါ့အပြင် တက်ကြွလှုပ်ရှားသူပေါင်း၂၂ ဦး အပါအဝင်၊ သတင်းသမားတွေ၊ ကျောင်းသား နိုင်ငံရေးသမားတွေပေါင်း အနည်းဆုံးလူအယောက် ၃၁ဦးကိုတော့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ (၅၀၅)ခ နဲ့ ဖမ်းဆီး တရားစွဲဆိုခဲ့ပြီး ကလေးစစ်သားဟောင်းကိုအောင်ကိုထွေးကိုလည်း တပ်ကို အသရေဖျက်မှုနဲ့ အမြင့်ဆုံးထောင်ဒဏ်အထိလည်း ချမှတ်ထားပြီးဖြစ်ပါတယ်။

တိုင်းရင်းဒေသတွေက တိုက်ပွဲတွေရပ်ရေးအပါအဝင် ပြည်တွင်းငြိမ်းချမ်းရေး တောင်းဆိုဆန္ဒပြတဲ့ ငြိမ်းချမ်းရေးလှုပ်ရှားသူ လူ့အခွင့်အရေးတောင်းဆိုသူပေါင်း ၁၂၄ဦးကိုလည်း ငြိမ်းစုစီပုဒ်မ(၁၈) (၁၉) (၂၀) တို့နဲ့ တရားစွဲဆိုထောင်ချထားပါတယ်။ တဆက်တည်းပါပဲ သတင်းမီဒီယာတွေနဲ့ ရိုက်တာသတင်းထောက်နှစ်ဦးအပါအဝင် သတင်းသမားတွေကို ဆက်သွယ်ရေးဥပဒေပုဒ်မ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ နိုင်ငံတော်လျှို့ဝှက်ချက်ဖောက်ဖျက်မှုအပါအဝင် ရာဇသတ်ကြီးပုဒ်မတွေနဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်လိုက်တာ တရားစွဲဆိုနေတာတွေလည်း ရှိနေခဲ့ပါတယ်။

ဒီလိုမျိုး အရပ်သားအစိုးရလက်ထက် နိုင်ငံသားတွေရဲ့ အခြေခံလူ့အခွင့်အရေး၊ ဒီမိုကရေစီစံနှုန်းတွေနဲ့ မလျော်ညီ မညီညွတ်တဲ့ ဥပဒေပုဒ်မတွေနဲ့ နိုင်ငံသားအခွင့်အရေးတွေကို ချိုးဖောက်နေတဲ့ တရားစွဲဆိုထောင်ချနေတာတွေအပေါ် အသံ-လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့ရဲ့ ဒါရိုက်တာ မောင်ဆောင်းခက အခုလိုပြောပါတယ်။

"ဒီအထဲမှာဆိုရင် ထူးထူးခြားခြား ၂၀၁၈ ခုနှစ်မှာ သတင်းမီဒီယာတွေကို တရားစွဲတဲ့နေရာမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေပြီးတော့ Eleven media ကို (၅၀၅)ခ နဲ့ တရားစွဲတာပေါ့လေ ။ အရင်က မီဒီယာကို စွဲရင် ဆက်သွယ်ရေးဥပဒေတို့ ၊ အခြား ရိုက်တာတွေကိုလည်း နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေတို့ စသဖြင့်နဲ့စွဲတာပေါ့။ သူတို့ကိုကျတော့ သူ့ရေးသားမှုတခုနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုတာ ဒီအစိုးရ လက်ထက်မှာမှ ဒါကို စသုံးတာ ကျနော်တို့ တွေ့ရတယ်။ ဆိုတော့ အဲဒါ ထူးထူးခြားခြားပေါ့။ နောက်တခုကတော့ ငြိမ်းစုစီနဲ့ ပတ်သက်ရင်လည်း တရားစွဲဆိုထားတဲ့ အမှုက ၆ မှုသာရှိပြီးတော့ အဲဒီအမှုထဲမှာမှ စုစုပေါင်း တက်ကြွလှုပ်ရှားသူ ၁၂၄ ဦးတိတိအထိ တရားရင်ဆိုင်နေရတာ ကျနော်တို့ တွေ့ရတယ်။ အမှုတခုတည်းမှာကို ပြုလုပ်မှု တခုတည်းအတွက်ကို တရားစွဲဆိုတဲ့လူတွေ အများကြီးတိုးလာတာကို ကျနော်တို့ ပိုသတိထားမိတယ်ခင်ဗျ။"

ငြိမ်းစုစီပုဒ်မ (၁၉)နဲ့ ကိုယ်တိုင်တရားစွဲဆိုခံထားရပြီး လက်ရှိတရားရင်ဆိုင်နေဆဲ လူ့အခွင့်အရေးလှုပ်ရှားသူ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီရဲ့ နှိုးဆော်တိုက်တွန်းရေးမှူး မသဉ္ဇာရွှန်းလဲ့ရည်ကလည်း ၂၀၁၈ခုနှစ် အကုန်-၂၀၁၉ အကူးမှာကို ကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေအပေါ် ဖမ်းဆီးအရေးယူထောင်ချမှုတွေရှိနေတယ်လို့ အခုလိုသုံးသပ်ပါတယ်။

"၂၀၁၉ - ၂၀၂၀ မှာ ဘာတွေဖြစ်လာမလဲဆိုတာ ကျမတို့ စိုးရိမ်တာတွေရှိတယ်။ အဲဒါကတော့ သိပ်မကြာခင် ရွေးကောက်ပွဲလာတော့မယ် အထူးသဖြင့် ရွေးကောက်ပွဲအတွက်ကို စပြီးတော့ ပါတီအသီးသီးက ဗျူဟာတွေ ခင်းတော့မယ် ၊ သူတို့ခင်းတဲ့ ဗျူဟာတွေမှာ လက်ရှိအာဏာရပါတီကို တိုက်ခိုက်လိုတာပဲဖြစ်ဖြစ် ၊ အာဏာရပါတီကလည်း သူတို့ အာဏာဆက်လက်တည်မြဲရေးအတွက်ကိုပဲဖြစ်စေလုပ်ကြတဲ့ အခါမှာ ဘယ်တော့မဆို ပြည်သူတွေထဲက တက်ကြွလှုပ်ရှားသူတွေ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေက အမှားအမှန်ဆိုတာ ပြည်သူတွေဘက်က ရပ်ပြီးတော့ ပြောကြမှာပါပဲ ၊ အဲလိုပြောလေလေ အာဏာရတဲ့ သူတွေပဲဖြစ်စေ လက်ရှိ စစ်တပ်ကပဲ ဖြစ်စေပေါ့နော်။ ပိုပြီးတော့ ကာကွယ်လာကြမယ် ပိုပြီးတော့ ခုခံလာမယ် အဲလိုဆိုရင် တက်ကြွလှုပ်ရှားသူတွေ လူ့အခွင့်အရေးကို နားလည်တဲ့ တက်ကြွပြည်သူတွေက ဒီနှစ်သစ်တွေမှာ ၂၀၁၉ - ၂၀၂၀ တွေမှာ ရွေးကောက်ပွဲနီးလာလေလေ ၊ ပစ်မှတ်ထား ထိန်းသိမ်းခံရလေလေ ပိုဖြစ်လာနိုင်တယ်ဆိုတာမျိုးပေါ့ ဒါကိုလည်း ကျမတို့ စိုးရိမ်ရပါတယ်။"

အရပ်သားအစိုးရလက်ထက် လွှတ်တော်တွင်းမှာ ဒီမိုကရေစီစံနှုန်းတွေနဲ့မကိုက်ညီတဲ့ ဥပဒေပုဒ်မတွေကို ပြင်ဆင်နိုင်မယ်ဆိုရင်တော့ အခုလို လှုပ်ရှားသူတွေအပေါ် ဥပဒေပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချမှုတွေ လျော့ပါးသွားနိုင်ခြေရှိတယ်လို့ မျှော်လင့်ပေမဲ့ ဖြစ်လာနိုင်ခြေတွေကိုလည်း မောင်ဆောင်းခက အခုလိုသုံးသပ်ပါတယ်။

"အစိုးရကသာလျင် တချို့ဟာတွေမှာ ဝါဒပိုင်း အပြောင်းအလဲလုပ်တာမျိုးတွေ အထူးသဖြင့် ကျနော်တို့ ထောက်ပြထားတဲ့ ဥပဒေတွေ ကို မြန်မြန်ဆန်ဆန်တင်လိုက်မယ်ဆိုရင် အခု ၂၀၁၉ မှာ တရားစွဲဆိုတာတွေ လျော့ကျသွားမယ်လို့ ကျနော်ထင်တယ်။ အဲဒါက ဒီဥပဒေပြင်တာနဲ့ မပြီးဘူး ၊ ဒီဥပဒေနဲ့ ရှေ့ဆက်ကာလမှာ တရားစွဲဆိုခံထားရသူတွေအပေါ်မှာ အမှုတွေ ပြန်လည်ရုပ်သိမ်းတာ ၊ နောက်တခါကျတော့ ပြန်လွှတ်ပြီးတော့ လွှတ်ငြိမ်းချမ်းသာခွင့်ပေးတာ ဒါတွေကို ပြန်လုပ်ဖို့လိုတယ်။ အဲလိုလုပ်နိုင်ရင်တော့ ရှေ့လာမယ့်ဟာကတော့ ကောင်းနိုင်ခြေအများကြီးရှိတယ်။ သို့သော် အခုလက်ရှိမြင်နေရတဲ့ ပုံစံအရ ဖြေလျော့ဖို့ မစဉ်းစားဘူး၊ ပိုပြီးတော့ တင်းကျပ်တဲ့ အခြေအနေဖြစ်အောင် လုပ်ဖို့ စဉ်းစားတာကို တွေ့ရတဲ့အတွက် ၂၀၁၉ မှာ အရမ်းကောင်းတဲ့ လက္ခဏာကို မမြင်နေဘူးခင်ဗျ။

လွှတ်တော်သက်တမ်းမကုန်ခင် ဒီလို ဒီမိုကရေစီစံနဲ့ မညီတဲ့ ဥပဒေတွေ ပြင်ဆင်နိုင်ရေး အရပ်ဖက်အဖွဲ့အစည်းတွေဘက်က တိုက်တွန်းဆောင်ရွက်သွားမယ်လို့လည်း မသဉ္ဇာရွှန်းလဲ့ရည်က အခုလိုပြောပါတယ်။

"ကောင်းမွန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေဖြစ်လာအောင်၊ ကောင်းမွန်တဲ့ ပြင်ဆင်ချက်တွေဖြစ်လာအောင် အရပ်ဘက်အဖွဲ့အစည်းရော ပြည်သူတွေကပါ ၂၀၁၉ မှာ တိုက်တွန်းကြရမယ့် အခြေအနေရှိပါတယ်။ တကယ် ဒီမိုကရေစီဘက်ကို သွားမယ့် ဥပဒေကောင်းဖြစ်လာဖို့ဆိုရင် ၊ ဘယ်လို ဥပဒေကောင်းဖြစ်သင့်သလဲ ၊ ဘယ်လို ပြင်ဆင်မှုတွေဖြစ်သင့်သလဲဆိုတာ အရပ်ဖက်အဖွဲ့အစည်းတွေက စပြီးတော့ ပြင်သင့်တယ်လို့ မြင်ပါတယ်။"

ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်အတွင်း အရပ်သားအစိုးရလက်ထက် ပြည်နယ်တိုင်းအစိုးရအဖွဲ့၊လွှတ်တော်နဲ့ စစ်တပ်ဘက်က နိုင်ငံရေး၊ လူ့အခွင့်အရေး လှုပ်ရှားတောင်းဆိုသူ သတင်းသမားတွေကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ဆန္ဒထုတ်ဖော်မှုတွေနဲ့ တရားစွဲဆိုထောင်ချမှုတွေ အများအပြားရှိခဲ့တယ်လို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှု အသံကနှစ်ချုပ်စာရင်းကို ဒီကနေ့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG