သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်ကြေးရုပ်ဆန္ဒပြသူ ကရင်နီလူငယ် ၆ ဦး ထောင်ဒဏ်ကျခံရ


(ဓာတ်ပုံ- ကရင်နီပြည်လူငယ်များသမဂ္ဂ )
(ဓာတ်ပုံ- ကရင်နီပြည်လူငယ်များသမဂ္ဂ )

(Zawgyi/Unicode)

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာမကြာသေးခင်က စိုက်ထူခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ရွှေ့ပြောင်းပေးဖို့ ဦးဆောင်ပါဝင်ခဲ့ပြီး အစိုးရကိုလည်း ဝေဖန်ထောက်ပြခဲ့တဲ့ ကရင်နီလူငယ်ခေါင်းဆောင် ၆ယောက်ကို မြို့နယ် တရားရုံးက ဒီနေ့ နိုဝင်ဘာလ ၇ရက်မှာ အလုပ်နဲ့ ထောင်ဒဏ် ၆လ ချမှတ်လိုက်ပါတယ်။

ဖွဲ့စည်းပုံမှာဖော်ပြထားတဲ့ နိုင်ငံသားတယောက်ရဲ့ လွတ်လပ်ခွင့်ကိုဆန့်ကျင်ပြီး အခုလိုအမိန့်ချခံရတာဟာ တရားစီရင်ရေးစနစ် တိမ်းစောင်းသွားတာ ဖြစ်ကြောင်း ဖမ်းဆီးခံလူငယ်တွေက လာရောက်ဝန်းရံသူတွေကို ပြောလိုက်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က စုစည်းတင်ပြပေးထားပါတယ်။

ကယားပြည်နယ်အစိုးရက ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို လူထုဆန္ဒမပါဘဲ အများပြည်သူပိုင်နေရာမှာ စိုက်ထူခဲ့တဲ့အတွက်ကြောင့်ဆိုပြီး ဦးဆောင်ဆန္ဒပြ၊ တောင်းဆိုခဲ့တဲ့ ကရင်နီလူငယ်၆ယောက်ကို ဒီနေ့ တရားရုံးက (၁၈) ကြိမ်မြောက်ရုံးချိန်းမှာ အလုပ်နဲ့ ထောင်ဒဏ် ၆လ အမိန့်ချမှတ်လိုက်ပါတယ်။ ကယားပြည်နယ်အစိုးရရဲ့ ဖမ်းဆီး၊ စစ်ဆေးမှုတွေဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း ခေါင်းဆောင်လူငယ် ၆ယောက်နဲ့ ဆွေးနွေးမှုတွေလုပ်နေတဲ့ကြားမှာပဲ အစိုးရက နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံရေးဆိုင်ရာ အကာအကွယ်ပေးရေးဥပဒေ ပုဒ်မ ၁၀နဲ့ တရားစွဲခဲ့တာပါတယ်။

ဆွေးနွေးမှုတွေရပ်ဆိုင်းသွားပြီး တရားစွဲတဲ့ကိစ္စတွေ ဖြစ်ပေါ်လာတဲ့အပေါ်မှာ ဒီမိုကရေစီနည်းလမ်းမကျဘဲ၊ အာဏာရှင်ဆန်ကြောင်း လူငယ် ၆ယောက်ထဲက တဦးအပါအဝင်ဖြစ်တဲ့ ခွန်းသောမတ်စ်က ဒီနေ့တရားရုံး အမိန့်ချအပြီးမှာ အခုလိုပြောပါတယ်။

“ ကျနော်တို့ကို ဖမ်းရလောက်အောင် ခိုင်လုံတဲ့ သက်သေလည်းမရှိပါဘူး။ သို့သော် အနေအထားအရ ဒီမိုကရေစီနိုင်ငံ သွားပါတယ် ဘယ်လောက်ပဲ ပြောပြော လက်ရှိကျင့်သုံးနေတဲ့ပုံစံက အာဏာရှင်ပုံစံမျိုးပဲ ရှိနေတယ်ဆိုတာ ဒီကနေ့ ထောင်ဒဏ် ချမှတ်လိုက်တဲ့အပေါ်မှာ သက်သေပြတာ ဖြစ်ပါတယ်။”

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဟာ ဒီမိုကရေစီရဲ့ အခြေခံလိုအပ်ချက်ဖြစ်ပြီး တရားစီရင်ရေးစနစ်မှာ အုပ်ချုပ်ရေးက ဝင်ရောက် စွက်ဖက်နေတာဖြစ်တယ်လို့ ထောင်ဒဏ် ချမှတ်ခံရတဲ့ ကရင်နီလူငယ် ခူးကြူးဖဲကေးက တရားရုံးကိုလာရောက် ဝန်းရံလာတဲ့သူတွေကို အခုလို ပြောပါတယ်။

“ ဒါဟာ ဘာကိုပြလဲဆိုရင် ကျနော်တို့တိုင်းပြည်ရဲ့ဒီမိုကရေစီစနစ်က ယိုင်နဲ့နေပြီဆိုတာကိုပြတယ်။ တရားစီရင်ရေးစနစ်မှာ အုပ်ချုပ်ရေးစနစ်က ဝင်ရောက်ပြီးစိုးမိုးနေတယ်ဆိုတာပြတဲ့ အချက်တချက် ဖြစ်ပါတယ်။ ဆိုတော့ ဒါကို ကျနော်တို့ ရှုတ်ချပါတယ်။ ဒုတိယတချက်က ကျနော်တို့က ဖွဲ့စည်းပုံကပေးထားတဲ့ နိုင်ငံသားဆိုင်ရာ အခွင့်အရေးဖြစ်တဲ့ ပုဒ်မ ၃၅၄ကို ကျနော်တို့က ထိထိရောက်ရောက် အသုံးချခဲ့ခြင်းပဲဖြစ်တယ်။ ဖွဲ့စည်းပုံက ပေးထားတဲ့ နိုင်ငံသားဆိုင်ရာ အခွင့်အရေးတွေ ချိုးဖောက်ခံရတယ်ဆိုတာကို ဒုတိယအချက်အနေနဲ့ ပြောချင်တယ်။”

မြန်မာနိုင်ငံ ဆယ်စုနှစ်ပေါင်းများစွာ ရင်ဆိုင်နေရတဲ့ ပြည်တွင်းစစ်အဆုံးသတ်ရေးအတွက် လက်ရှိမှာ အစိုးရက ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေ လုပ်နေဆဲ ကာလဖြစ်တာကြောင့် ဒေသခံတိုင်းရင်းသားတွေရဲ့ သဘောဆန္ဒနဲ့ ဆန့်ကျင်ပြီး ဗိုလ်ချုပ်ကြေးရုပ်ကို ဆက်လက်ထားရှိခြင်းဟာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပျက်ပြားစေတဲ့ လုပ်ရပ်ဖြစ်တာကြောင်း ထောင်ဒဏ်ချမှတ်ခံရတဲ့ ကရင်နီလူငယ်တွေက ပြောပါတယ်။

နိုင်ငံသားတယောက်အပေါ်မှာ အစိုးရကိုယ်တိုင်က နိုင်လွတ်လုံ ဥပဒေနဲ့ တရားစွဲတာဟာ မှားယွင်းနေကြောင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား တရားလိုလုပ်ပြီးတရားစွဲတဲ့ ပြည်နယ်အစိုးရရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နောင်ဘက်က တင်သွင်းတဲ့ သက်သေတွေဟာ လွတ်လပ်တဲ့ သက်သေတွေ မဟုတ်ခဲ့ကြောင်း ကရင်နီလူငယ် ၆ ဦးရဲ့ရှေ့နေ ဦးစောခူးတလေ က ဗွီအိုအေကို အခုလိုပြောပါတယ်။

“ ဒီကိုယ်စားစွဲဆိုတဲ့ တရားလိုဆိုရင်လည်း ပြည်နယ်အစိုးရရဲ့ လက်ထောက် ညွှန်ကြားရေးမှူးဖြစ်တယ်။ လာထွက်ဆိုတဲ့ သက်သေတွေထဲက ရဲမဟုတ်တဲ့ သက်သေတွေအားလုံးက အစိုးရရုံးမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေဖြစ်တယ်။ ဝန်ကြီးချုပ်ရဲ့ လက်အောက်မှာရှိနေတဲ့ သက်သေတွေ ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ လွတ်လပ်တဲ့သက်သေ မဟုတ်ဘူးလို့ ပြောလို့ရတာပေါ့။”

နိုင်လွတ်လုံပုဒ်မအရဆိုရင် ထောင်ဒဏ် ၆လကနေ အမြင့်ဆုံး ၃နှစ်အပြင် ဒဏ်ငွေ ၁၅သိန်း ပူးတွဲချမှတ်ခံရနိုင်တဲ့ အမှုဖြစ်ပေမယ့် တရားသူကြီးက အနိမ့်ပြစ်ဒဏ်ကို ဒီကနေ့ ချမှတ်ခဲ့တာပါ။

မတူညီတဲ့ အဖွဲ့အစည်း၊ အသိုင်းအဝန်းကြားမှာ ညှိနှိုင်းမှုမရှာဘဲ ပုဒ်မတွေအမျိုးမျိုးနဲ့ အခုလို ထောင်ဒဏ် ချမှတ် အပြစ်ပေးတာဟာ ပြဿနာရဲ့အဖြေမဟုတ်ကြောင်း ကရင်နီ နိုင်ငံရေး အဖွဲ့အစည်းတွေက ပြောပါတယ်။

ဒီကနေ့ ပြစ်ဒဏ်ချမှတ်ခံရတဲ့ ကရင်နီလူငယ်တွေကတော့ ခူးကြူးဖဲကေး၊ ခူးရီးဒူ၊ ခွန်းသောမတ်စ်၊ ပါစကွားလယ်၊ ခွန်းဂျွန်ပေါလ်နဲ့ ဒီးဒီ တို့ ဖြစ်ပါတယ်။ အခုလို အမိန့်ချမှတ်ခံရတာနဲ့ ပတ်သက်လို့ မိသားစုဝင်တွေနဲ့ ကာယကံရှင်တွေရဲ့ သဘောထားအပေါ်မူတည်ပြီး ဘယ်လိုတုံ့ပြန်သွားမယ် ဆိုတာ လက်တလော ဆွေးနွေးနေကြောင်း ကရင်နီလူငယ်တွေရဲ့ ရှေ့နေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


..................


(Unicode)













XS
SM
MD
LG