သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်ကောင်စီ ပြည်ပအကျိုးဆောင်ငှားရမ်းမှု ဘယ်လောက်ထိရောက်မလဲ 


မှတ်တမ်းဓါတ်ပုံ- အစ္စရေးနွယ်ဖွား ကနေဒါနိုင်ငံသား Ari Ben Menashe ကို ၂၀၀၂ နှစ်တုနန်းက Harare လေဆိပ်တွင် တွေ့ရစဉ်
မှတ်တမ်းဓါတ်ပုံ- အစ္စရေးနွယ်ဖွား ကနေဒါနိုင်ငံသား Ari Ben Menashe ကို ၂၀၀၂ နှစ်တုနန်းက Harare လေဆိပ်တွင် တွေ့ရစဉ်

(Zawgyi/Unicode)

မြန်မာစစ်တပ်အုပ်ချုပ်ရေးကောင်စီက၊ အမေရိကန်နဲ့ နိုင်ငံတကာကို စည်းရုံးပေးဖို့၊ ကနေဒါနိုင်ငံအခြေစိုက် အကျိုးဆောင်အဖွဲ့ကို ဒေါ်လာ ၂ သန်းနဲ့ ဌားရမ်းခဲ့တာက၊ မထိရောက်နိုင်တာအပြင်၊ ပြောင်းပြန်ဆိုးကျိုးပါသက်ရောက်နိုင်တယ်လို့ သုံးသပ်မူတွေရှိနေပါတယ်။

မြန်မာစစ်ကောင်စီအတွက် ဆော်ဒီအာရေးဗီယား၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ အစ္စရေး၊ ရုရှားနဲ့ ကုလသမဂ္ဂအပါအဝင် အမေရိကန်ကိုစည်းရုံးပေးဖို့ အစ္စရေးနွယ်ဖွား ကနေဒါနိုင်ငံသား Ari Ben Menashe ထူထောင်ထားတဲ့ Dickens & Madson ကုမ္ပဏီကို ငှားရမ်းခိုင်းစေတဲ့အတွက် တရုတ်နဲ့ ဆက်ဆံရေးကိုတောင်ထိခိုက်နိုင်တယ်လို့လဲ သုံးသပ်သူတွေက ပြောပါတယ်။

ကိုဝင်းမင်းက ပြောပြမှာပါ။

အခုလို အကျိုးဆောင်ဌားရမ်းမှုက ကနေဒါအစိုးရရဲ့ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ဥပဒေအပြင် အမေရိကန် ဥပဒေနဲ့ပါ ငြိနိုင်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်ရဲ့ လူမှုစီးပွားရေးဆိုင်ရာ သံအမတ်ကြီးဟောင်း Kelley Currie က ဆိုပါတယ်။

“ အမေရိကန် တရားရေးဝန်ကြီးဌာနမှာ သူ မှတ်ပုံတင်ထားတာအတွက်၊ မြန်မာစစ်အုပ်စုက ပေးမယ့် လစာကို၊ အခုလောလောဆယ် သူ လက်ခံလို့ရမှာ မဟုတ်ဘူးဆိုတာကို သူသိထားပါတယ်။ ဘာလို့လဲဆိုတော့ အမေရိကန်နဲ့ ကနေဒါ ဒဏ်ခတ်ပိတ်ဆို့မူ ဥပဒေတွေထဲမှာ၊ အခုလို လစာမျိုးကို လက်ခံဖို့ ပိတ်ပင်ထားပါတယ်။”

ဒါ့အပြင် မြန်မာသံမှူးဟောင်းနဲ့ စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ်ကလည်း ဒီ ဌားရမ်းမှုက ထိရောက်မှုမရှိဘူးလို့ အရင်အတွေ့အကြုံတွေနဲ့ ယှဉ်ပြီး ရှင်းပြပါတယ်။

“အောင်မြင်မှုကတော့ လုံး၀ ရနိုင်စရာအကြောင်းမရှိပါဘူး။ ကျနော်တို့ ခေတ်ပေါ့လေ ၂၀၀၁ ကနေ ၂၀၀၃ အထိ DCI ဆိုတဲ့ Lobby group တခုကို ကျနော်တို့ ဌားရမ်းပြီးတော့မှ သုံးခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဒေါ်လာ ၄ သိန်းလောက်သုံးခိုင်းတယ် ။ အဲဒါကိုတော့ ကျနော်တို့ မြန်မာနိုင်ငံဆိုင်ရာ ဝါရှင်တန် သံအမတ်ကြီး ဦးလင်းနိုင်ကနေပြီးတော့မှ လုပ်ရတဲ့အနေအထားရှိပါတယ်။ အဲဒီအချိန်တုန်းကလည်း ဒီလိုပါပဲ တရုတ်ကို သူတို့ မကြိုက်ပါဘူး ၊ အမေရိကန်နဲ့ ပေါင်းချင်ပါတယ်ဆိုတဲ့ အနေအထားမျိုးနဲ့ ချဉ်းကပ်ခိုင်းပါတယ်။ အမေရိကန်အနေနဲ့ ဆက်ပြီးတော့ သူတို့ကို ဖိအားမပေးပါနဲ့ ဆိုတဲ့ အနေအထားမျိုးနဲ့ ချဉ်းကပ်ခိုင်းပါတယ်။ ဒါပေမယ့် တကယ့်တကယ်တော့ အမေရိကန်နိုင်ငံမှာ အစိုးရရော၊ အောက်လွှတ်တော်ရော ၊ အထက်လွှတ်တော်ရော အများစုဟာ မြန်မာပြည်သူလူထုဘက်က ရှိတဲ့အတွက် ဒီလို ချဉ်းကပ်မှုဟာ နောက်ဆုံး မအောင်မြင်တဲ့အတွက်ကြောင့် အဆုံးသတ်ခဲ့ရတဲ့ အနေအထားမျိုးရှိပါတယ်။”

ဒီနေရာမှာ အရင်အခုလို အကျိုးဆောင် အဖွဲ့ ဌားရမ်းခဲ့တာ အဆုံးသတ်ခဲ့ရပုံကိုလည်း ဦးအောင်လင်းထွဋ်က

“နောက်ပိုင်း ၂၀၀၃ ဒီပဲရင်း ကိစ္စ ပြီးသွားတဲ့ နောက်ပိုင်းမှာ လုံး၀ လုံး၀ ပျက်စီးသွားတဲ့ သဘောမျိုးရှိပါတယ်။ ကျနော်တို့ အဲဒီအချိန်ကတော့ သမ္မတ Bush လက်ထက်ဆိုတော့ Republican နဲ့ ပတ်သက်တဲ့ Lobby group ပေါ့ဗျာ ၊ နောက်ဆုံးမရပါဘူးတကယ်တော့ မြန်မာ့စစ်အစိုးရက အင်မတန်မှ သူတို့လိုချင်တာပဲ သူတို့ သိတယ်။ ဘာမှ ပြည်သူလူထုအတွက်ကို မကြည့်ဘူး ၊ သူတို့ကို ထောက်ခံဖို့ သူတို့ အကျိုးစီးပွားအတွက်ကိုပဲ ကြည့်တဲ့အတွက် သူတို့ ကျဆုံးသွားခြင်းဖြစ်ပါတယ် အဲဒီအချိန်တုန်းကလည်း။ စစ်တပ်ဟာ အမေရိကန်အကြောင်းကို ကောင်းကောင်း နားမလည်သေးဘူးဗျ ။ အမေရိကန်မှာ သမ္မတလည်း လုပ်ချင်သလို လုပ်လို့မရဘူး။ လွှတ်တော်လည်း လုပ်ချင်သလို လုပ်လို့မရဘူး။ ဒီမိုကရေစီ နိုင်ငံဖြစ်တယ်ဆိုတာ သူတို့ နားမလည်ဘူး။ သူတို့ ထင်တာက ဟိုလူကို ပေါင်းလိုက်ရင်ရမယ်၊ ဒီလူကို ပေါင်းလိုက်ရင်ရမယ် ဆိုတာမျိုးနဲ့ အတွေးသေးသေးလေးတွေနဲ့ တွေးတာ။”

ဒီနေရာမှာ သံအမတ်ကြီး Kelley ကတော့ နောက်ပြန်ဆိုးကျိုးပါ သက်ရောက်နိုင်တယ်လို့ ရှင်းပြပါတယ်။

“ ဒီ အကျိုးဆောင် ငှားရမ်းမူက နောက်ပြန်ဆိုးကျိုးတောင် ဖြစ်လာ နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီလိုလူမျိုးကို အမေရိကန်ဒေါ်လာ ၂ သန်းတောင် ပေးနိုင်ရလောက်အောက်၊ မြန်မာတပ်မတော်အနေနဲ့ ပြည်သူတွေရဲ့ ဘဏ္ဍာကို ဘယ်လောက်များများ ခိုးယူထားသလဲဆိုတာနဲ့၊ နောက် ဒီဌားတဲ့လူကလည်း၊ အရင်ကထဲက တကယ့်ကို သမိုင်းမကောင်းတဲ့ အာဏာရှင်တွေကို ကူပေးခဲ့တာတွေအပေါ် အများပိုစိတ်ဝင်စားပြီး ပိုအဆိုးမြင်သွားစေနိုင်လို့ပါ။”

ဒါ့အပြင်မြန်မာအပေါ် စီးပွား ဒဏ်ခတ်ပိတ်ဆို့ရာမှာ အရေးပါတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် Mitch Mcconnell ရုံးမှာ လုပ်ခဲ့ဖူးတဲ့ မြန်မာ့အရေးတက်ကြွသူ Mike Mitchell ကလည်း

“ဒါက လက်နက်ကိုင် ဓားပြမှု ဘာမှ မပိုပါဘူး။ အမေရိကန် ဥပဒေအရ ဒါဟာ ရာဇဝတ်မူမြောက်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံ အစိုးရရုံးတွေကို သိမ်းပိုက်ထားတဲ့ စစ်တပ်အာဏာပိုင်တွေကို အမေရိကန်အစိုးရအနေနဲ့ လုံးဝအသိအမှတ် မပြုထားပါဘူး။ ဖေဖော်ဝါရီ ၁၁ ရက်တုန်းကပဲ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က - မြန်မာရွေးချယ်ခံတရားဝင်အစိုးရအပေါ် စစ်တပ်ကအာဏာသိမ်းလိုက်တာပါဆိုပြီး ရှင်းရှင်းလေး သုံးနှုန်းခေါ်ဝေါ်ပြီးသားပါ။”

ဒီနေရာမှာ တရုတ်နဲ့ ဆက်ဆံရေး လျှော့ချချင်တာကို အကြောင်းပြပြီး စည်းရုံးမှာမို့ နောက်ထပ် နောက်ပြန်ဆိုးကျိုး သက်ရောက်နိုင်တာကိုလည်း ဦးအောင်လင်းထွဋ်က

“ဒီပေါက်ကြားပြီးတဲ့ နောက်ပိုင်းမှာတော့ တရုတ်ကတော့ လုံး၀ ယုံကြည်တဲ့ အနေအထားမရှိပါဘူး။ သူတို့ ပြောသလိုပေါ့ မလွဲမရှောင်သာလို့ တရုတ်ကို သူတို့ ပေါင်းရတာပါလို့ သူတို့ ပြောတယ်။ ဒါဟာ တရုတ်အတွက်က တော်တော်လေးကို ဒေါသဖြစ်မယ့်အနေအထားမျိုးပေါ့လေ တရုတ်မှာ စိတ်ဆိုးလာရင် တခု ခင်ဗျား သတိရပါလိမ့်မယ် ၊ ရှရှားမှာ မင်းအောင်လှိုင် ပြောထားတာက ရှင်းရှင်းပြောရရင် တရုတ်ကို ရည်ညွှန်းပြီး ပြောထားတာပါ တရုတ်ကြောင့် သူတို့ စစ်တိုက်နေရတယ်ဆိုတာမျိုး ပြောထားတာရှိတယ်။ ကျနော်တို့ ခေတ်တွေတုန်းကလည်း တရုတ်ကွန်မြူနစ်ပါတီက အားပေးလို့ မြန်မာကွန်မြူနစ်ပါတီကို တိုက်ခဲ့ရတာ ရှိတယ်လေ အဲဒီအချိန်တုန်းက အမေရိကန်ကနေပြီးတော့ အကူအညီ ပေးခဲ့တာတွေ ရှိခဲ့ပါတယ်။ နောက်ပိုင်း ကျနော်တို့ ကိုယ်တိုင်လည်း အမေရိကန်မှာ သင်တန်းတွေ လာပြီးတော့ တက်ခွင့်ရခဲ့တယ် ဒါတွေကို သူတို့ ပြန်ပြီးတော့မှ စိတ်ကူးယဉ်ပါလိမ့်မယ်။”

တကယ်တော့ မြန်မာနိုင်ငံထဲ စစ်အာဏာသိမ်း ဆန့်ကျင် ဆန္ဒပြပွဲတွေကို ပြင်းပြင်းထန်ထန် ပစ်ခတ် အကြမ်းဖက် ဖြိုခွဲပြီးတဲ့နောက် မြန်မာစစ်ကောင်စီအပေါ် နိုင်ငံတကာ ဖိအားတွေလည်း များလာနေပါတယ်။

တိုက်ရိုက် လင့်ခ်


............


(Unicode)

















XS
SM
MD
LG