သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေ ပြန်လက်ခံရေး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် သဘောတူညီမှု မရသေး


ရခိုင်ပြည်နယ်မြောက်ပိုင်းက ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအတွက် မြန်မာအစိုးရက ကြိုးပမ်းနေပေမဲ့ နှောင့်နှေးမှာကို စိုးရိမ်တယ်လို့ မြန်မာအစိုးရက ပြောပါတယ်။ ပြန်လည်လက်ခံရေးပိုင်းမှာ မြန်မာ အစိုးရဘက်က အသင့်ရှိနေပေမယ့် ဘင်္ဂလားဒေရှ့်နိုင်ငံနဲ့ သဘောတူညီမှု မရသေးတာကြောင့် ဒုက္ခသည်တွေ ကို ပြန်လည်လက်မခံနိုင်သေးတာလို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။ ရခိုင်ပြည်နယ် ဖက်မှာတော့ အကြမ်းဖက်မှုကြောင့် နေရပ် စွန့်ခွာနေရတဲ့ သူတွေကို နေရပ်မှာပြန်လည်နေရာချနိုင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ ဒီသတင်းကိုဗွီအိုအေမြန်မာပိုင်းကမေခပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ဘင်္ဂလားဒေရှ့်နိုင်ငံဖက် ထွက်ပြေးသွားသူတွေကို မြန်မာအစိုးရဖက်က စိစစ် လက်ခံ ဖို့အဆင်သင့်ဖြစ်နေပေမဲ့ ပြန်လည်လက်ခံရေးနဲ့ပါတ်သက်လို့ ဘင်္ဂလားဒေရှ်အစိုးရဖက်နဲ့ သဘောတူညီမှုမရ သေးဘူး လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက နေပြည်တော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ ပါတယ်။ ၁၉ ၉ ၃ ခုနှစ်က ရရှိခဲ့တဲ့ သဘောတူညီမှုကို ဘင်္ဂလားဒေရှ့်ဖက်က လက်မခံနိုင်တဲ့အတွက် နှောင့်နှေးနေ ရတာဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

“ကျွန်တော်တို့ဘက်က အဆင်သင့်ဖြစ်ပြီ။ စိစစ်လက်ခံဖို့လည်းအသင့်ဖြစ်ပြီ။ အဲဒီအပေါ်မှာ ဟိုဘက်က သဘောတူညီချက်မရသေးဘဲ ဒီအစီအစဉ်တွေ နှောင့်နှေးကြန့်ကြာနေတာဖြစ်တယ်။ သဘောတူညီချက်တွေက နှစ်နိုင်ငံကြားမှာလက်ခံထားတာတွေဖြစ်တယ်။ အဲဒါကို အခြေခံပြီး ဆောင်ရွက်ရင် အားလုံးအဆင်ပြေမယ်ဆိုတာနဲ့ ချဉ်းကပ်တယ်။ ချဉ်းကပ်တော့ ဘင်္ဂလားဒေ့ရှ်ဘက်က သဘောတူညီချက်မရဘူး။ သဘောတူညီချက်ရမှ နောက်ဆက်တွဲတွေလုပ်လို့ရမှာ။”

မြန်မာနိုင်ငံဖက်ကို ဒုက္ခသည်တွေ ပြန်နိုင်ရေးနဲ့ပတ်သက်လို့ ဘင်္ဂလားဒေရှ့်နိုင်ငံဖက်မှာ တခြားစဉ်းစား ချက်တွေ ရှိနေမှာကို စိုးရိမ်တယ်လို့လည်း ဦးဇော်ဌေးက ခုလိုမှတ်ချက်ပေးပါတယ်။

“ကြံ့ကြာနေတဲ့ အကြောင်းအရင်းက ဟိုဘက်မှာ ကမ္ဘာ့အကြီးဆုံးဒုက္ခသည်စခန်းဆိုတာ ဆောက်ဖို့ပြောထားပြီးသား ကြေညာထားတယ်။ နောက် ဆွစ်ဇာလန် နိုင်ငံဂျီနီဗာမှာလည်း ဒီဒုက္ခသည်တွေအတွက် ကွန်ဖရင့်ဆိုတာလုပ်တယ်။ ဒေါ်လာသန်း ရာနဲ့ချီပြီးလှူဒါန်းကြတယ်။ ဒုက္ခသည်စခန်းကြီးတည်ထားတယ်။ ဒေါ်လာသန်း သုံးရာကျော်လေးရာလောက် သူတို့ရထားတယ်။ရထားတဲ့ အပေါ်မှာ ဒီလူတွေကို ကျွန်တော်တို့ဘက် ပြန်လွှတ်မှာ နှေးသွားမှာ ကြောက်တယ်။ ကျွန်တော်တို့နဲ့ ပြန်လည်ပြီးတော့ စိစစ်ပြီးတော့ လွှဲပြောင်းပေးဖို့ သူတို့မှာ အခြားစဉ်းစားချက်တွေများရှိမလားပေါ့ ကျွန်တော်တို့က စိုးရိမ်တယ်။သို့သော် ဒါပေမဲ့ ကျွန်တော်တို့က ဆက်ပြီးတော့ ညှိသွားမယ်။ ညှိပြီးတော့ အမြန်ဆုံးလက်ခံဖို့လုပ်သွားမယ်။”

ဘင်္ဂလားဒေရှ်ဘက်ကနေ ပြန်လည်လက်ခံတဲ့အခါ ရေလမ်းကဆိုရင် ငါးခူရ။ ကုန်းလမ်းကဆိုရင် တောင်ပြိုလက်ဝဲ နေရာ ၂ နေရာသတ်မှတ်ပြီးလက်ခံမှာဖြစ်ပါတယ်။ လက်ရှိဒုက္ခသည် အရေအတွက်နဲ့ပါတ်သက်လို့ စာရင်းအတိအကျကို ဘင်္ဂလားဒေရှ့်နိုင်ငံဖက်က ရဲချုပ်ကို တောင်းထားပေမဲ့ ခုထိ အတိအကျ မရသေးဘူးလို့ဆိုပါတယ်။ ပြန်လည်လက်ခံရေးမှာ စာရင်းအပြည့်အစုံရဖို့ အရေးကြီးတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

“ဟိုဘက်မှာ ရောက်နေတဲ့လူက အခုတစ်သန်းနီးပါးတောင်ရှိနေပြီတဲ့ မီဒီယာတွေမှာရေးတာ။ ကျနော်တို့ လက်တွေ့မှာ လုံးဝမဖြစ်နိုင်ဘူး။ မြန်မာနိုင်ငံက သွားတယ်ဆိုတဲ့လူစာရင်း ကျွန်တော်တို့ကို ပေးပါလို့ တောင်းထားတယ်။ အခုထိတော့ မရသေးဘူးပေါ့နော်။ အဲဒီလူစာရင်းရပြီဆိုရင် ကျနော်တို့ စိစစ်ရတဲ့ လုပ်ငန်းတွေ ပိုအဆင်ပြေမယ်။ ဒီလူတွေ မြန်မာဘက်မှာ နေထိုင်ခဲ့တာ ဟုတ်မဟုတ် ကျွန်တော်တို့ လဝက အထောက်အထားတွေ ဆွဲတင်စစ် အထောက်အထားတွေ ရှိတယ်။ ဒါတွေနဲ့ ပြန်တိုက်ဆိုင်လိုက်ရင် ပိုမြန်မယ်။ ပိုမြန်အောင်လို့ တောင်းထားတာ။ အခုအထိတော့ မရသေးဘူး။”

အမေရိကန်ဆိုင်ရာ ဘင်္ဂလားဒေရှ်သံအမတ်ကြီး Mohammad Ziauddin နဲ့ VOA မေးမြန်းခန်းမှာတော့ သံအမတ် ကြီးက ဒုက္ခသည်တွေ ဌာနေ ပြန်နိုင်ရေးအတွက် အရေးတယူ ဆောင် ရွက် ဖို့ မြန်မာအစိုးရကို တိုက်တွန်း ပြောကြားခဲ့ပါတယ်။ မြန်မာစစ်တပ်ရဲ့နယ်မြေရှင်းလင်းရေးတွေကြောင့် မွတ်စလင်တွေ သိန်းနဲ့ချီနေရပ် စွန့်ခွာ ထွက်ပြေးခဲ့ရတာဟာ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုဖြစ်တယ်လို့လည်း သူက စွပ်စွဲပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ အာဆာအကြမ်းဖက်အဖွဲ့ရဲ့တိုက်ခိုက်မှုတွေနောက်ပိုင်း နေရပ် စွန့်ခွာကာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်ရသူတွေကို အရင်နေခဲ့တဲ့ နေရာတွေကို ပြန်သွားဖို့ အစိုးရက တိုက်တွန်းထားပြီး သူတို့တွေကို ပြန်လည်နေရာချနိုင်ဖို့ မောင်တောခရိုင်ဖက်မှာ လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ တဦးနဲ့တဦးအပေါ် ယုံကြည်ချက်ပျက်ပြားသွားတာကြောင့် အရင်လို အစ္စလမ်ကျေးရွာတွေနဲ့နီးတဲ့နေရာတွေမှာ နေဖို့ကို စိုးရိမ်သူတွေရှိနေပြီး နေရပ်ပြန်ဖို့ ငြင်းဆိုတာတွေရှိနေတယ်လို့ ဟိန္ဒူဘာသာဝင် ဦးနီမေလ်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“ဒါပေမယ့် ဘယ်မှာလုပ်တယ် ဘယ်မှာ လျောက်ရမယ်ဆိုတာကတော့ အတိအကျမသိရသေးဘူး။ ပြန်လည်နေရာချထားဖို့ သူတို့က အစီအစဉ်လုပ်တယ်၊ ကျနော်တို့ ဟိန္ဒူခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြီးတော့ ဒီနေရာသင့်တော်လား ၊ ဒီနေရာလာမှာလားပေါ့နော် အဲဒါတွေ ဆွေးနွေးသင့်တယ်လို့ ကျနော်တို့ တင်ပြထားတာရှိပါတယ်။ အဲဒါကတော့ ကျနော်တို့က အခုလောလောဆည် ဟိုမှာချမယ် ဒီမှာချမယ် ဆိုတာမပြောဘူး။ ကျနော်တို့ကလည်း တောင်းဆိုထားတယ်ဆိုတော့ ကျနော်တို့ကလည်း ချောင်ထဲမှာ ကြားထဲမှာ ချမယ်ဆိုရင်တော့ မနေချင်ဘူး၊ ဒါပေမယ့် ကားလမ်းဘေးတို့ဘာတို့ မြို့အနီးနားတို့မှာ ချထားမယ်ဆိုရင် ကျနော်တို့ကတော့ နေမယ်ဆိုပြီးတော့ ပြောပြကြတာပါ၊ သူတို့လည်း သုံးသပ်ချက်တွေပြောပြကြတော့ ကျနော်တို့ကလည်းအဲလိုတင်ပြထားတာရှိပါတယ်။”

လက်ရှိမှာတော့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၂ နိုင်ငံကြားမှာ ဘင်္ဂလားဒေ့ရှ်ဖက်ရောက်နေသူတွေကို အမြန်ဆုံးပြန်ခေါ်ဖို့နဲ့ ရခိုင်ဒေသမှာ သူတို့ကို အမြန်ဆုံးပြန်လည်နေရာချထားဖို့ အပါအဝင် အချက် ၁၀ ချက်ကို သဘောတူခဲ့ကြပေမယ့် ဒုက္ခသည်တွေပြန်လက်ခံဖို့ကိုအသေးစိတ် တိကျတဲ့ သဘောတူညီချက်ကိုတော့ အခုချိန်ထိ ဘင်္ဂလားဒေရှ့်ဘက်နဲ့ မရနိုင်သေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG