သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး လူ့အခွင့်အရေးကောင်စီဆုံးဖြတ်ချက် မြန်မာလက်မခံ


ရခိုင်အရေးနဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်တွေဟာ ပြဿနာကို ဖြေရှင်းရာမရောက်ပဲ အခြေအနေတွေကို ပိုမိုရှုတ်ထွေး လာစေ နိုင်တာကြောင့် အဲဒီဆုံးဖြတ်ချက်တွေကို လက်မခံနိုင်ဘူးလို့ မြန်မာအစိုးရက တုံ့ပြန်ပြောဆို လိုက်ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကနေ ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်တရပ် မနေ့က ထွက်ပေါ်ခဲ့ပြီးနောက်၊ ဒီလို နိုင်ငံတကာဖိအားတွေဟာ မြန်မာနိုင်ငံ ဖွံဖြိုးရေးကို ထိခိုက်စေနိုင်တယ်ဆိုပြီး မြန်မာအစိုးရက သတိပေး ပြောဆိုတာပါ။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေးကြရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအရေးကိစ္စနဲ့ပတ်သက်လို့ ကုလသမဂ္ဂ လူ့အခွင့် အရေးကောင်စီမှာ အထူးအစည်းအဝေးတရပ်မနေ့က ခေါ်ယူခဲ့ပြီး၊ ရိုဟင်ဂျာအရေးကိစ္စနဲ့ပတ်သက်လို့ အကြံပြုတိုက်တွန်းချက်တွေပါဝင်တဲ့ ဆုံးဖြတ်ချက်တရပ်ကို မဲခွဲဆုံးဖြတ် ခဲ့ပါတယ်။ ဒီ ဆုံးဖြတ်ချက်ဟာ ပြဿနာကို ဖြေရှင်းပေးဖို့ အထောက်အကူမဖြစ်စေပဲ အခြေအနေတွေကို ပိုမိုရှုတ်ထွေး လာစေနိုင်တာကြောင့် အဲဒီဆုံးဖြတ်ချက်ကိုရော ဆုံးဖြတ်ချက် အကောင်အထည် ဖေါ်မှုတွေကိုပါ လက်မခံနိုင်ဘူးလို့ မြန်မာအစိုးရက တုံ့ပြန်ပြောဆို လိုက်တာပါ။ သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး VOA ကိုပြောတာကတော့ -

"ဒီမြန်မာနိုင်ငံမှာ လက်ရှိပြဿနာဖြေရှင်းရေးထက် ပြဿနာတွေပိုရှုပ်ထွေးလာစေမယ့်ဟာတွေ ကျနော်တို့ လက်မခံဘူး။ ဘာကြောင့်လဲဆိုတော့ ကုလသမဂ္ဂမှာ ကျနော်တို့ သက်ဆိုင်ရာနိုင်ငံကနေပြီးတော့ ဆောင်ရွက်နေတဲ့ ကိစ္စတွေအပေါ်မှာ သူတို့က ဒီလိုမျိုး Fact Finding Mission လိုမျိုးတွေ မူလအတိုင်း ဒါမျိုးတွေလုပ်တာ ကျနော်တို့ လက်မခံဘူးလို့ ပြောထားတယ်။ ပြောထားတဲ့အပေါ်မှာ ဆုံးဖြတ်ချက်ချတယ် လက်မခံဘူး အဲဒါက အစိုးရရဲ့သဘောထား။ အဲဒီက ဆုံးဖြတ်ချက်တွေ မှန်သမျှအကောင်အထည်ဖော်တဲ့ဟာတွေလည်း ကျနော်တို့ လက်မခံဘူး။"

ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာ လုံခြုံရေးပ်တွေဖက်က လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ရှိနေတယ်ဆိုတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့ ပြောဆိုမှုတွေဟာ စွပ်စွဲမှုတွေသာဖြစ်ပြီး၊ ခိုင်မာတဲ့ အထောက်အထားတွေ မပြနိုင်ပဲ ဖိအားပေးနေတာကြောင့် ဒါဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ထိပါးသလို ဖြစ်လာနေတယ်လို့လည်း ဦးဇော်ဌေး ကပြောပါတယ်။

"မြန်မာနိုင်ငံအစိုးရသည် ဒါတွေကို ငြင်းပယ်နေတာမဟုတ်ဘူး။ တောက်လျှောက်လည်းကျနော်တို့ပြောနေတယ် ခိုင်မာတဲ့အထောက်အထားဆိုတော့ Human Rights watch က ပြတဲ့ ဂျိုလ်တု ဓါတ်ပုံတွေကလွဲလို့ ကျန်တဲ့အထောက်အထားတွေ ဘယ်သူကမှ ကျနော်တို့ကို မပေးနိုင်ဘူး။ အဲလိုအနေအထားမျိုးမှာမြန်မာနိုင်ငံအစိုးရကို ဒီဟာနဲ့ ပတ်သက်ပြီးတော့ ဖိအားပေးလုပ်လာတဲ့အခါမှာ အဲဒီစွပ်စွဲချက်တွေနဲ့ပဲ ကျနော်တို့က လုပ်လာတဲ့သဘောမျိုးပေါ့ ။ တဖြေးဖြေးနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အချာအာဏာထိပါးလာတဲ့သဘောတွေဖြစ်လာနိုင်တာကိုလည်း နိုင်ငံတကာအသိုင်းအဝိုင်းက ဂရုစိုက်ဖို့လိုတယ်။"

ဒီလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ပြည်သူတွေအတွက် ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေတယ်လို့ ဦးဇော်ဌေးက ထောက်ပြ ပြောဆိုပါတယ်။

"မြန်မာနိုင်ငံအနေနဲ့ လက်ရှိရင်ဆိုင်ဖြေရှင်းနေတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ထဲမှာ ဒီရခိုင်ကိစ္စဆိုတာ အစိတ်အပိုင်းတခုသာဖြစ်တယ်။ အဲဒီအစိတ်အပိုင်းကွက်လေးကို ကြည့်ပြီးတော့ ကျနော်တို့ကို ဒီလိုအပြုသဘောမဆောင်တဲ့ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ သက်ရောက်စေတဲ့ ဖိအားပေးမှုတွေ ပြုလုပ်လာရင် ကျနော်တို့ ပြည်တွင်းမှာ အတော်ကြီးကို လုပ်ရကိုင်ရတာခက်သလို ကျနော်တို့သွားနေတဲ့ ဒီမိုကရေစီ ကူးပြောင်းရေး နောက်အမျိုးသားပြန်လည်သင့်မြတ်ရေး ၊ နောက်လူထုရဲ့ လူမှုစီးပွားတိုးတက်ရေး ဒါတွေကို သွားထိခိုက်စေမှာဖြစ်တယ်ဆိုတာ ကျနော်တို့ ပြောချင်တယ်။ ဥပမာ နိုင်ငံတကာ ဖိအားကြောင့် မြန်မာနိုင်ငံ ပုံရိပ်ကို ထိခိုက်လာပြီးတော့ tourism ခရီးသွားလုပ်ငန်းကို ထိခိုက်တာမျိုး ဟိုတယ်လုပ်ငန်းတွေ ထိခိုက်လာတာမျိုး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ထိခိုက်လာနိုင်ပါတယ်"

ရခိုင်အရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး အဖွဲ့တဖွဲ့ မြန်မာနိုင်ငံကို စေလွှတ်ဖို့ဆိုပြီး ပြီးခဲ့တဲ့မတ်လ ၂၄ ရက်နေ့က လူ့အခွင့်အရေးကောင်စီမှာ ဆုံးဖြတ်ချက် ချခဲ့ပြီးနောက် မေလထဲမှာတော့ နိုင်ငံတကာ ကျွမ်းကျင်သူပုဂ္ဂိုလ် ၃ ဦးပါတဲ့ အဖွဲ့ကို ဖွဲ့စည်းခဲ့ ပါတယ်။ အဲဒီ ဆုံးဖြတ်ချက်တွေကို မြန်မာအစိုးရက အဲဒီအချိန်ကတည်းက လက်မခံပဲ ပယ်ချထားခဲ့တာပါ။

ရခိုင် လူ့အခွင့်အရေးပြဿနာ ဖြေရှင်းရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ အဆိုပြုချက်ကို ဘင်္ဂလားဒေ့ရှ်နဲ့ ဆော်ဒီအာရေးဗျ နိုင်ငံတွေက ဒီဇင်ဘာ ၅ ရက်မနေ့တုန်းက အဓိက တင်သွင်းခဲ့ပြီး၊ တရုတ်၊ ဖိလစ်ပိုင်နဲ့ ဘူရွန်တီ ၃ နိုင်ငံကကန့်ကွက်ခဲ့ပါတယ်။ အိန္ဒိယ၊ ဂျပန်နဲ့ အီကွေဒေါ အပါအဝင် ၉ နိုင်ငံကတော့ မဲမပေးဘဲ နေခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ပေါ်လာပြီးနောက်ပိုင်းရိုဟင်ဂျာမူဆလင် ၆ သိန်းကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ထွက်ပြေးသွားကြသလို၊ သူတို့ပေါ် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့တယ်ဆိုပြီး ကုလသမဂ္ဂက ပြောဆိုထား ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG