သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်မျဉ်းပေါ်ကရိုဟင်ဂျာတွေ မြန်မာအာဏာပိုင် မောင်းထုတ်


ရခိုင်ပြည်နယ်မြောက်ပိုင်း တောင်ပြိုလက်ဝဲမြို့အနီးက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနှစ်နိုင်ငံနယ်စပ်မျဉ်းမှာ ထောင်နဲ့ချီတဲ့ နေရပ်စွန့်ခွာသူ အစ္စလာမ်ဘာသာဝင်တွေ နေထိုင်နေ (သတင်းဓာတ်ပုံ- ကိုမိုးဇော် VOA)
ရခိုင်ပြည်နယ်မြောက်ပိုင်း တောင်ပြိုလက်ဝဲမြို့အနီးက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနှစ်နိုင်ငံနယ်စပ်မျဉ်းမှာ ထောင်နဲ့ချီတဲ့ နေရပ်စွန့်ခွာသူ အစ္စလာမ်ဘာသာဝင်တွေ နေထိုင်နေ (သတင်းဓာတ်ပုံ- ကိုမိုးဇော် VOA)

ဘင်္ဂလားဒေ့ရှ်-မြန်မာနှစ်နိုင်ငံ နယ်စပ်မျဉ်းကြားထဲမှာ နေထိုင်တဲ့ ရိုဟင်ဂျာမူဆလင်ဒုက္ခသည်တွေကို အဲ့ဒီ့နေရာကနေ အမြန်ဆုံး ထွက်ခွာသွားကြဖို့ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်က အသံချဲ့စက်တွေ နဲ့ အော်ဟစ်နှင်ထုတ်နေတယ်လို့ နယ်စပ်မျဉ်းနေ ဒုက္ခသည်တွေကပြောပါတယ်။ ဘယ်မှသွားစရာမရှိပဲ လုံခြုံရေးစိုးရိမ်ရလို့ နယ်စပ်မျဉ်းထဲ ခိုလှုံနေကြရတဲ့ စားဝတ်နေရေး ဒုက္ခတွေ့နေကြရတဲ့ ထောင်ချီတဲ့ နယ်စပ်မျဉ်းနေဒုက္ခသည်တွေကို အခုလိုနှင်ထုတ်တာကတော့ လူသားချင်း စာနာမှုမရှိတဲ့လုပ်ရပ်ပဲလို့ ဒုက္ခသည်တွေနဲ့မောင်တောဒေသခံတွေက ဝေဖန်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဘက်ကတော့ အခြေအနေကိုအနီးကပ် စောင့်ကြည့်နေတယ်လို့ပြောပါတယ်။ အသေးစိတ် မဆုမွန် စုစည်းတင်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ မြန်မာနိုင်ငံ နှစ်နိုင်ငံ နယ်နမိတ် စည်းရိုးကြား နယ်စပ်မျဉ်းကြားထဲမှာ ပြီးခဲ့တဲ့နှစ်သြဂုတ်လ အကြမ်းဖက်တိုက်ခိုက်မှုနောက်ပိုင်း အသက်ဘေးကလွတ်အောင် တိမ်းရှောင်ထွက်ပြေးလာတဲ့ ရိုဟင်ဂျာမူဆလင် ဒုက္ခသည် အနည်းဆုံး ၆၀၀၀ လောက် ခိုလှုံ နေထိုင်နေကြတာဖြစ်ပါတယ်။ သူတို့တွေကို ဒီနယ်စပ်မျဉ်းကြားထဲကနေ အမြန်ဆုံးထွက်ခွာသွားကြဖို့ မြန်မာအာဏာပိုင်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်က မနေ့စနေနေ့ကစလို့ တနင်္ဂနွေတနေ့လုံး မြန်မာဘာသာ-ရိုဟင်ဂျာ (ဘင်္ဂလီ) ဘာသာ နှစ်ဘာသာနဲ့ အသံချဲ့စက်တွေသုံးပြီး ထပ်ခါထပ်ခါ အော်ဟစ် နှင်ထုတ်နေတယ်လို့ ဒုက္ခသည်တွေကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်ကိုလည်း ဝင်ဖို့အခက်အခဲရှိပြီး မြန်မာဘက်ကိုလည်း မပြန်ရဲကြသေးတဲ့ ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ သက်ကြီးရွယ်အိုတွေပါ ပါဝင်တဲ့ရိုဟင်ဂျာဒုက္ခသည်တွေမှာ အခုလို အသံချဲ့စက်တွေနဲ့ အော်ဟစ်နှင်ထုတ်နေတဲ့အတွက် ကြောက်လန့်နေကြတယ်လို့- ဘင်္ဂလားဒေ့ရှ် ဘာလုခါလီဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည်ကိုယ်စားလှယ် ဦးအီစလံက အခြေနေကိုပြောပြပါတယ်။

"မနေ့ကပါ မနေ့က အဲဒီလို Zero လိုင်းမှာရှိတဲ့ ဒုက္ခသည်တွေကို မြန်မာအစိုးရက အဲဒီနေရာကနေ ဆုတ်ခွာဖို့ပြောကြားတယ်။ အခု ဒုက္ခသည်တွေက နဂိုနေရာမှာပဲ ဆက်လက်နေကြတယ်။"

သူတို့ရဲ့အသက်ဘေးအန္တရာယ်အတွက် စိုးရိမ်လို့ နှစ်နိုင်ငံ နယ်စပ်မျဉ်းကြားထဲ ခိုလှုံနေရတဲ့ဒုက္ခသည်တွေကို အခုလို နှင်ထုတ်နေတာကတော့ လူသားချင်းစာနာမှုလုံးဝမရှိတဲ့လုပ်ရပ်ပဲလို့ ရခိုင်ပြည်နယ်ထဲမှာပဲ တခြားနေရာမှာ ခိုလှုံနေရဆဲ မောင်တောဒေသခံမြို့သူကြီးကျေးရွာသား ကိုလှထွန်းကလည်း ပြောပါတယ်။

"ကျနော်တို့ကို မြန်မာနိုင်ငံဘက်က ၁ ခါမဟုတ် ၂ ခါ အကြိမ်ကြိမ်သွားပြီးတော့ ခြိမ်းခြောက်တယ်၊ လုပ်တာတွေရှိတယ်။ ဒီဥပဒေတွေ ဘာတွေ အပထားဦး။ ဒီလူသားချင်းစာနာမှုအနေနဲ့ ဒီလူတွေကိုကြည့်ပါ။ ဒီလူတွေက မိမိအိုးအိမ်တွေ မီးရို့ခံရပြီးတော့ ထွက်ပြေးနေရတဲ့သူတွေဖြစ်တယ်။ သူတို့မှာဘာမှမကျန်ဘူး။ ပထမ ဟိုဘက်ကို သွားဖို့သွားတာ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်ကလည်း ဟိုဘက်မှာလူများနေတယ်ဆိုပြီးတော့ ပေးမဝင်ဘူး ဆိုတော့ ဒီလူတွေက ဒီဘက်မှာနေလိုက်တာ။ အဲဒီလို ဘာမှမရှိတဲ့လူတွေ အရာရာဆုံးရုံးခံရတဲ့လူတွေကိုသွားပြီးတော့ လုပ်တာက သိပ်ပြီးတော့ လူသားမဆန်ဘူးလို့ ကျနော်ထင်တယ်။ နေတဲ့ No Man Land ဆိုတာက ဘယ်ကမှမပိုင်ဘူး မပိုင်ဘူးဆိုတော့ လူတွေက ဒုက္ခရောက်တဲ့အချိန်မှာ အဲဒီနေရာမှာနေတယ်။ မြန်မာစစ်တပ်ဘက်ကနေ သွားပြီးတော့ ခြိမ်းခြောက်တာတွေရှိတယ်။"

နှစ်နိုင်ငံ နယ်စပ်မျဉ်းကြားထဲ နေထိုင်သူ ထောင်ချီတဲ့ဒုက္ခသည်တွေအပြင် ဘင်္ဂလားဒေ့ရှ်ဘက်ကို တိမ်းရှောင်နေရတဲ့ ဒုက္ခသည် ၇သိန်းဟာ သူတို့နေရပ်ရင်းကိုပြန်လာရဲကြဖို့ဆိုရင်တော့ အကြမ်းဖက်တိုက်ခိုက်မှုတွေအတွင်း သူတို့ဆုံးရှုံးနစ်နာခဲ့ရတာတွေကို တရားဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့နဲ့ နိုင်ငံသားအခွင့်အရေးအပြည့်အဝပေးဖို့ အရေးတကြီးလိုအပ်တယ်လို့လည်း ကိုလှထွန်းက ဆိုပါတယ်။

"ပြန်လာဖို့ပြောတာက ဒီလူတွေပြန်လာပြီးတော့ ဘယ်မှာနေမလဲပေါ့ အဲဒါတချက်ရှိတယ်။ ပြီးတော့ လူတွေအတွက် ယာယီတဲတွေဆိုပြီးတော့ဆောက်ထားတာရှိတယ်။ ဒါပေမယ့် ကျနော်တို့လူတွေက အဲဒီမှာ မနေချင်ဘူး။ မနေချင်ဘူးဆိုတာက ကျနော်တို့မှာ ကိုယ်ပိုင်အိုးနဲ့အိမ်နဲ့ ရှိခဲ့တယ် အဲဒါကို မြန်မာအစိုးရကနေ မီးရို့တယ်။ မီးရို့တာကို ပြန်ခေါ်ချင်ရင် ကျနော်တို့ကို အဲဒါတွေ ဆောက်ပေးရမယ်။ ဆောက်ပေးတာလည်း မိမိရဲ့ မူလနေရာတွေမှာ ဆောက်ပေးရမယ်။ ပြီးတော့ အဲဒါတချက် နောက်တချက်ကတော့ လုံခြုံရေးဆိုတာက ဒီဘက်မှာလုံခြုံရေးတွေ ရှိတယ်။ စစ်တပ်၊ နယ်ခြားစောင့်လည်းရှိတယ်၊ ရဲလည်းရှိတယ် ။ ဒါပေမယ့် လုံခြုံရေးဆိုတာက ကျနော်တို့ကိုမှ အကာအကွယ်မပေးတာ ။ အကာအကွယ်မပေးတဲ့အပြင် ပိုပြီးတော့ ကျနော်တို့ကို နှိတ်စက်တာလေ ။ နောက်တချက်က ကျနော်တို့လူတွေက အရင်ကတည်းကနေ နိုင်ငံသားအခွင့်အရေးတွေ ဆုံးရုံးခံနေရတာတွေရှိတယ် အဲဒါ ကျနော်တို့ကို ပေးပေးရမယ်။ ကျနော်တို့ရဲ့ အရင်နိုင်ငံသားအခွင့်အရေးရခဲ့တာတွေကို သူတို့က ပြန်ရုပ်သိမ်းတယ် ။ အဲဒီ ရုပ်သိမ်းတာတွေကို ပြန်ပေးရမယ်ဆိုတာ ကျနော်တို့က ပြန်ပြီးတော့ တောင်းဆိုနေတာ။ အဲဒါတွေမရမချင်းကတော့ လူတွေပြန်လာဖို့ ကျနော်မမြင်ဘူး။"

လောလောဆယ်မှာတော့ နယ်စပ်မျဉ်းနေဒုက္ခသည်တွေရော- ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းမှာခိုလှုံနေတဲ့ ဒုက္ခသည်တွေမှာ မုတ်သုံမိုးရာသီရောက်လာချိန် မိုးသက်လေပြင်းနဲ့ လေမုန်တိုင်းဒဏ်ခံနေရတာကြောင့် နေထိုင်ရေးအတော်လေး ဒုက္ခဖြစ်နေကြရတယ်လို့လည်း ဒုက္ခသည်စခန်းနေကိုအီစလံကပြောပါတယ်။

အခုလို နယ်စပ်မျဉ်းပေါ်က ဒုက္ခသည်တွေကိုအသံချဲစက်သုံးပြီး မောင်းထုတ်တာကို မြန်မာဖက်က ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းက တကြိမ်ပြုလုပ်ခဲ့ပေမယ့်၊ နှစ်ဖက် တင်းမာမှုတွေဖြစ်ပြီး ညှိုနှိုင်းခဲ့ပြီးတဲ့နောက် အဲလို အသံချဲ့စက်သုံးနှင်ထုတ်တာတွေကို မြန်မာဖက်က ယာယီ ရပ်တန့်ခဲ့တာပါ။ နယ်စပ်မျဉ်းနေဒုက္ခသည်တွေကို အသံချဲ့စက်တွေနဲ့ နှင်ထုတ်နေပေမဲ့လို့ ဒုက္ခသည်တွေကတော့ ဘယ်မှမထွက်ခွာပဲ နေထိုင်နေကြဆဲဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် တာဝန်ရှိသူတွေဘက်ကတော့ အခုလို မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်က နယ်စပ်စည်းရိုးတလျောက်က သစ်ပင်တွေမှာ အသံချဲ့စက်တွေ ချည်နှောင်ပြီး အသံလွှင့်နေတာကို အနီးကပ်စောင့်ကြည့်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG