သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမှာ ကိုဗစ်လူနာများလာတာကြောင့် ကျန်းမာရေးဝန်ထမ်းတွေ ခြေကုန်လက်ပန်းကျနေ


 ကျန်းမာရေးဝန်ထမ်းတဦး
ကျန်းမာရေးဝန်ထမ်းတဦး

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ COVID 19 ရောဂါ ဖြစ်ပွားသူ ၂ သောင်းလောက်ကို ကုသပေးနေရသလို ဒေသတိုင်း လိုလိုက quarantine စင်တာတွေမှာပါ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ ခြေကုန်လက်ပန်းကျနေပါပြီ။ ရေရှည်မှာ ကျန်းမာရေး ဝန်ထမ်း မလုံလောက်မယ့် အရေးကိုလည်း စိုးရိမ်နေကြပါတယ်။ မသိင်္ဂ ီထိုက် တင်ပြပေးမှာပါ။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကန့်သတ် ထိန်းချုပ်နိုင်ရေး အတွက် ဒေသတိုင်းနီးပါးမှာ စေတနာ့ ဝန်ထမ်းတွေ အကူအညီနဲ့ Quarantine စင်တာတွေ ဖွင့်လှစ်ပြီး လူ ရာနဲ့ ထောင်နဲ့ချီ လက်ခံ စောင့်ရှောက်လာခဲ့တာ လနဲ့ချီ ရှိခဲ့ပါပြီ။ သူနာပြု ဆရာမ ဒေါ်ဝင်းဝင်းမြင့်က

“ပြောရမယ်ဆိုရင် တချို့ ဝန်ထမ်းတွေဆိုရင် ကိုယ်က အစပေါ့နော် ထွက်ပြေးချင်စိတ်တောင် ပေါက်တယ်။ ဒါ အမှန်အတိုင်း ပြောတာပါ။ ထွက်ပြေးချင်စိတ် ပေါက်တယ်ဆိုတာ ပင်ပန်းလွန်း အားကြီးလို့ပေါ့နော်။ ပေါက်ပေမယ့် ယနေ့ အချိန်ထိတော့ အကောင်အထည် မဖော်ဖြစ်သေးပါဘူး။”

ဒီ Quarantien စင်တာတွေမှာ စနစ်တကျ လေ့ကျင့်ထားတဲ့ ကျန်းမာရေး ဝန်ထမ်း အနည်းငယ်နဲ့ ကြီးကြပ်ပြီး စေတနာ့ ဝန်ထမ်းတွေနဲ့ လည်ပတ်နေတာပါ။ ကျန်မာရေး ဝန်ထမ်းတွေမှာ COVID 19 ကူးစက်မှုတွေလည်း ရှိလာတယ်လို့ သူနာပြု ဆရာမ ဒေါ်ဝင်းဝင်းမြင့်က ပြောပါတယ်။

“အခုဆို ဆရာဝန်တွေရော ဆရာမတွေရော သေတဲ့သူတွေလည်း ရှိတယ်။ ဒါပေမယ့် အခုလိုဘဲပေါ့ ထိသွားလို့ Quarantine ဝင်တဲ့ အခါကျရင်လည်း အဲဒီ ကျန်းမာရေး ဝန်ထမ်းတွေ အစားပေါ့။ ဒီ လစ်လပ်သွားတဲ့ Quarantine ဝင်သွားတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ အစားလည်း ဖြည့်ဆည်းပေးတာ မရှိဘူးလေ။ မရှိတဲ့ အခါကျတော့ အလုပ်ကို ၂ ဆ လုပ်ရတာပေါ့။ ၂ ဆ လုပ်ရတဲ့ အခါကျတော့ ကျန်းမာရေး ဝန်ထမ်းတွေက ရှေ့တန်းမှာ စိတ်ဓာတ်ရော လူရော ကျဆင်းနေပြီလေ။”

ကျန်းမာရေး ဝန်ထမ်းတွေ COVID 19 ရောဂါ ဖြစ်လို့ သီသန့်ခွဲခြားနေထိုင်ပြီး ကုသမှု ခံယူရချိန် လစ်လပ်သွားတဲ့ ကျန်မာရေး ဝန်ထမ်း အစားထိုး ပေးနိုင်တာမျိုး မရှိတဲ့ အပေါ်မှာ အုပ်ချုပ်ရေးပိုင်းကလည်း စိုးရိမ်နေကြပါတယ်။ ဦးသန်းလှိုင်ဟာ ရန်ကုန်တိုင်း တောင်ဥက္ကလာပ မြို့နယ် အုပ်ချုပ်ရေး အဖွဲ့က ဖြစ်ပါတယ်။

“သူတို့တွေ ဒီရောဂါတွေ အများဆုံး ကူးစက်သွားမယ်ဆိုရင်တော့ ကျနော်တို့ အုပ်ချုပ်ရေးပိုင်းတွေရော အောက်ခြေက ပြည်သူလူထုတွေ အတွက်ရော ကမောက်ကမတွေ ဖြစ်သွားနိုင်ပါတယ်။ ”

လက်ရှိမှာတော့ နိုင်ငံတဝန်းက Quarantine စင်တာတိုင်းမှာ လူအပြည့် ဖြစ်နေပြီး ကျန်းမာရေး ဝန်ထမ်းတွေလည်း ကိုရိုနာဗိုင်းရပ်စ် အရေးကြောင့် မိသားစုနဲ့ ခပ်ခွာခွာ နေနေကြပါတယ်။ သူနာပြု ဆရာမ ဒေါ်ဝင်းဝင်းမြင့်က -

“အသက် ၈၀ ကျော် အမေ ရှိတယ်။ ရောဂါ အခံ ရှိတယ်။ Second Wave ကတည်းက အမေ့ဆီကို မကူးဘူး။ အမေတို့က အခုအချိန်ထိ ကပ်ရောဂါကို သူ မမြင်ဖူးဘူးလေ။ မမြင်ဘူးတော့ သမီး မလာတာကိုဘဲ စိတ်ထဲမှာ ဖြစ်တယ်။ အဲဒီတော့ ဗွီဒီယိုကောလ်နဲ့ ခေါ်ပေးရတယ်။ ”

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ကာကွယ် ကုသရေး တနှစ်နီးပါး ရှိလာချိန်မှာ ကျန်းမာရေး ဝန်ထမ်းတွေလည်း စိတ်ရော ကိုယ်ပါ ပင်ပန်းနေကြပြီ ဖြစ်ပြီး ပြည်သူတွေကြား COVID 19 စည်းကမ်း လိုက်နာမှု အားနည်းတာကြောင့် ရန်ကုန်တိုင်း အစိုးရဘက်က ကြပ်မတ် ဆောင်ရွက်ဖို့ ကျန်းမာရေး ဝန်ကြီး ဒေါက်တာ မြင့်ထွေးက အင်္ဂါနေ့မှာ တောင်းဆိုပါတယ်။

နှာခေါင်းစည်း မျက်နှာကာ မဝတ်သူများကို ဈေးရောင်းဈေးဝယ် ခွင့်မပြုဖို့၊ အများသုံး သယ်ယူပို့ဆောင်ရေးမှာ သုံးစွဲခွင့် မပြုရေး ရန်ကုန်တိုင်း အစိုးရဘက်က အရေးယူ ဆောင်ရွက်ဖို့ ဝန်ကြီး ဒေါက်တာ မြင့်ထွေးက အင်္ဂါနေ့ ဆွေးနွေးပွဲမှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို တိုက်တွန်းသွားပါတယ်။

ကျန်းမာရေး ဝန်ထမ်းတွေ ပင်ပန်းနေပြီ ဆိုတာကို ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း အစည်းအဝေးမှာ အသိအမှတ်ပြု ပြောပါတယ်။ COVID -19 လူနာတွေနဲ့ ထိတွေ့ခဲ့သူတွေ၊ လူနာတွေကို အိမ်တွေ၊ ဟိုတယ်တွေ၊ ဆေးရုံတွေမှာ ကုသနိုင်ရေး အတွက် ရန်ကုန်တိုင်း အစိုးရက ဆွေးနွေးနေပါတယ်။

တိုက်ရိုက် လင့်ခ်


...................

(Unicode)











XS
SM
MD
LG