သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပေါ် ICJ မှာ တရားစွဲဆိုမှု ရှေ့အလားအလာ


 International Court of Justice- ICJ နိုင်ငံတကာတရားရုံး
International Court of Justice- ICJ နိုင်ငံတကာတရားရုံး

(Zawgyi/Unicode)

ကမ္ဘာအမြင့်ဆုံး တရားရုံးဖြစ်တဲ့ ICJ မှာ မြန်မာအစိုးရကို လူမျိုးတုံးသတ်ဖြတ်မှုတားဆီးရေး စာချုပ် ချိုးဖောက်မှုနဲ့ အမှုစွဲတင်လိုက်တဲ့ကိစ္စဟာ ကမ္ဘာ့နိုင်ငံအများစုလုပ်ဖို့ခဲယဉ်းတဲ့ နိုင်ငံရေးအရကြုံ တွေ့ရမယ့် အန္တရာယ်တွေကို ရင်ဆိုင်ပြီးလုပ်ဆောင်ခဲ့တဲ့ ဂမ်ဘီယာ ဒီမိုကရက်တစ် အစိုးရသစ်ကို လေးစားချီးကျူးမိကြောင်း နယူးရောက် အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးက ဗွီအိုအေကို ပြောပါတယ်။

အခုလို မြန်မာကို ICJ တရားရုံးမှာ အမှုဖွင့်လိုက်တဲ့အတွက် ရှေ့ဆက်အလားအလာတွေနဲ့ ပတ်သက်လို့ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

ရိုဟင်ဂျာမွတ်စလင်တွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုကို အရေးယူအပြစ်ပေးဖို့နဲ့ အကာအကွယ်ပေး ဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ မြန်မာအစိုးရကို International Court of Justice- ICJ နိုင်ငံတကာတရားရုံးမှာ ဂမ်ဘီယာနိုင်ငံက နိုဝင်ဘာလ (၁၁) ရက် တနင်္လာနေ့က အမှုစွဲတင်လိုက်တာနဲ့ ပတ်သက်လို့ နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ အာရှရေးရာတာဝန်ခံ Brad Adams က အခုလိုပြောပါတယ်။

“အဖွဲ့ဝင် ၅၇ နိုင်ငံပါဝင်တဲ့ OIC အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို ကိုယ်စားပြုပြီး ဂမ်ဘီယာနိုင်ငံက မြန်မာအစိုးရကို အမှုစွဲတင်ရတဲ့ အကြောင်းအရင်းမှာ ပြောထားတဲ့အချက်တွေက နံပါတ် (၁) မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးက တွေ့ရှိခဲ့တဲ့ အထောက်အထားတွေအရ လူမျိုးရေး ဒါမှမဟုတ် ဘာသာရေးအရ ကွဲပြားနေတဲ့ အသိုင်းအဝိုင်း တခုလုံး ဒါမှမဟုတ် အစိတ်အပိုင်းတခုလုံးကို သေကြေပျက်စီးအောင် လုပ်ခဲ့တဲ့အတွက် လူမျိုးတုန်းသတ်ဖြတ်မှု ဆိုတဲ့ ပြစ်မှု မြောက်ကြောင်း၊ နံပါတ် (၂) ရိုဟင်ဂျာတွေအပေါ် နောက်ထပ် ပြစ်မှုကျူးလွန်မှုတွေ မဖြစ်ပေါ်စေရေး ရပ်တန့်အောင် ICJ တရားရုံးအနေနဲ့ အမိန့်ထုတ်ပြန်ပြီး မြန်မာအစိုးရကို တားမြစ်ဖို့ ဖြစ်ပါတယ်။”

လူမျိုးုတုန်းသတ်ဖြတ်မှုဟာ နိုင်ငံတကာ ရာဇဝတ်ကျူးလွန်မှုဖြစ်ပြီး ICJ နိုင်ငံတကာတရားရုံး ကိုဖွဲ့စည်းခဲ့တာဟာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်တဲ့ နိုင်ငံတွေကို အခြားနိုင်ငံ တနိုင်ငံက တရားစွဲနိုင်ဖို့အတွက် ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

နယ်သာလန်နိုင်ငံ the Hague အခြေစိုက် ICJ နိုင်ငံတကာ တရားရုံးကို တရားသူကြီး ၁၅ ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဂန်ဘီယာအစိုးရရှေ့နေအဖွဲ့ကတော့ သူတို့ စွဲတင်ထားတဲ့အမှုကို တရားရုံးက လာမယ့် ဒီဇင်ဘာလမှာ ကြားနာစစ်ဆေးဖို့ မျှော်လင့်ထားတယ်လို့ဆိုပါတယ်။

အဲဒီလို ICJ က စတင် ကြားနာစစ်ဆေးပြီဆိုတာနဲ့ မြန်မာအစိုးရ၊ လုံခြုံရေးကောင်စီ ဒါမှမဟုတ် နှစ်ခုစလုံး ဆင့်ခေါ်ပြီဆိုရင် တရားရုံးမှာ မဖြစ်မနေ ရင်ဆိုင်ဖြေရှင်းရမှာဖြစ်တယ်လို့ နိုင်ငံတကာဥပဒေပညာရှင်တွေက ပြောပါတယ်။

ရှေ့ဆက်ဖြစ်လာမယ့် အလားအလာနဲ့ ပတ်သက်လို့ Brad Adams ကအခုလို ပြောပါတယ်။

“တကယ်လို့များ မြန်မာဟာ လူမျိုးတုန်းသတ်ဖြတ်မှုကို ကျူးလွန်ခဲ့တယ်ဆိုတာကို ICJ နိုင်ငံတကာတရားရုံးက တွေ့ရှိမယ်ဆိုရင် မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုတွေဟာ အခု ကျနော်တို့ မြင်နေရတာထက် ပိုပြီး ထိရောက်ပြင်းထန်မယ့် ဒဏ်ခတ်အရေးယူမှုတွေ တွေ့ရလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ ICJ ဟာ ရာဇဝတ်ဝတ်ခုံရုံးမဟုတ်တဲ့အတွက် အဓိကတာဝန်ရှိတဲ့ ကာကွယ်ရေး ဦးစီးချုပ်နဲ့အခြားသူတွေကို အရေးယူဖို့ ဖမ်းဝရမ်းတော့ မထုတ်နိုင်ပါဘူး။ တကယ်လို့ မြန်မာစစ်တပ်က လူမျိုးတုန်းသတ်ဖြတ်မှုကို ကျူးလွန်ခဲ့တယ်ဆိုတာကို တွေ့ရှိခဲ့မယ်ဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်းဘက်က အလွန်ပြင်းထန်တဲ့ အရေးယူမှုတွေကို ကျနော်တို့ မြင်ရပါလိမ့်မယ်။ ဒါပေမယ့် လုံခြုံရေးကောင်စီအနေနဲ့ ဆက်လက်အရေးယူဆောင်ရွက်မယ့် အခြေအနေတော့ ကျနော်မမြင်ပါဘူး။”

ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေးကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးရဲ့ အမြင်ကတော့

“အပြစ်ရှိကြောင်း တွေ့တယ်ဆိုရင် ကျနော်တို့ ပြည်တွင်းဥပဒေ ပြဌာန်းချက်အရ ပြည်တွင်းမှာ ရုံးတင်စစ်ဆေးပြီးတော့လည်း အရေးယူနိုင်တယ်လို့ ပြဌာန်းထားတဲ့ ပြဌာန်းချက်ရှိတယ်။ ဆိုတော့ အဲဒီအတိုင်း ဆက်လက်အရေးယူ ဆောင်ရွက်သွားရင် ဒီနိုင်ငံတကာ တရားရုံးအထိ ရောက်လာစရာအကြောင်းမရှိဘူးပေါ့လေ။ အရေးယူထားပြီးသား အမှုတွေ ရှိပြီးဖြစ်သလို နောက်ထပ်သက်သေတွေရှိလို့ နောက်ထပ်တွေ့ရှိချက်တွေအပေါ်မှာ အရေးယူဖို့ ဖြစ်လာတယ်ဆိုရင်လည်း ကျနော်တို့ ပြည်တွင်းမှာရှိတဲ့ အစိုးရ ကိုယ်တိုင်က နိုင်ငံတကာ ဥပဒေကို လိုက်နာရမယ့် ဓလေ့ထုံးတန်းတွေအရ လိုက်နာပြီးတော့ ပြည်တွင်းတရားရုံးတွေမှာ စစ်ဆေးစီရင်ပြီးတော့ အပြစ်ပေးနိုင်တဲ့အခြေအနေမျိုးဖြစ်တယ်လို့ ကျနော်မြင်ပါတယ်။”

မွတ်စလင် အများစုနေထိုင်တဲ့ ဂမ်ဘီယာဟာ အနောက်အာဖရိက နိုင်ငံငယ်တခုဖြစ်ပြီး လူဦးရေ ၂ သန်းကျော်ပဲရှိပါတယ်။ ဒါပေမယ့် လက်ရှိ ဂမ်ဘီယာ အစိုးရသစ်ဟာ ဒီမိုကရက်တစ်အစိုးရဖြစ်ပြီး သူတို့ကိုယ်တိုင် အာဏာရှင်စနစ်နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရင်ဆိုင်ခံရတဲ့ အတွေ့အကြုံတွေ ရှိခဲ့တယ်လို့ Brad Adams ကပြောပါတယ်။

“ဂမ်ဘီယာအစိုးရလိုမျိုး အချိန်ကုန် အပင်ပမ်းခံ ကြိုးစားပြီး၊ နိုင်ငံရေးအရလည်း အန္တရာယ်များတဲ့ ကိစ္စမျိုးကို ရင်ဆိုင်ပြီး လုပ်တဲ့ အစိုးရမျိုး အလွန်ရှားပါတယ်။ နိုင်ငံတကာတရားရုံးလိုမျိုးမှာ နိုင်ငံအချင်းချင်း အမှုရင်ဆိုင်ရတာမျိုး နိုင်ငံအများစုက ကြိုက်နှစ်သက်တာမဟုတ်ပါဘူး။ ဒါပေမယ့် ဂမ်ဘီယာနိုင်ငံက အစိုးရသစ်မှာ အလွန်ဆိုးရွားတဲ့ အာဏာရှင်စနစ်နဲ့ လူ့အခွင့်အရေး ပြဿနာတွေကို သူတို့ကိုယ်တိုင် ရင်ဆိုင်ခဲ့ရတဲ့ အတွေ့အကြုံရှိထားပါတယ်။ အခု ဒီမိုကရေစီ ရွေးကောက်ပွဲကနေ အနိုင်ရလာတဲ့ အစိုးရသစ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရှေ့နေချုပ်ဟာ လူ့အခွင့်အရေး စံပြပုဂ္ဂိုလ်တဦးပါ။ အခုလို နိုင်ငံတကာတရားရုံးမှာ အမှုဖွင့်တရားစွဲဖို့ ဂမ်ဘီယာက ဦးဆောင်ပြီးလုပ်ခဲ့တာကို ကျနော်တို့ အလွန်ပဲ ချီးကျူး ထောမနာပြုပါတယ်။”

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်ခံထားခြင်းမရှိတဲ့ မြန်မာအစိုးရကတော့ အခုလို ရခိုင်ပြည်နယ် မြောက်ပိုင်း ပြဿနာမှာ နိုင်ငံတကာ တရားရုံးတွေ၊ ခုံရုံးတွေ ပါဝင်ပတ်သက်စရာမလိုကြောင်းနဲ့ ကိုယ်ပိုင်ဖွဲစည်းထားတဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးကော်မရှင်နဲ့ ကိုင်တွယ်ဆောင်ရွက်နေကြောင်း အရင်က တုံ့ပြန်ပြောဆိုထားတာပါ။

၁၉၄၈ ခုနှစ်ကုလသမဂ္ဂရဲ့ လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ သဘောတူညီချက်ကို မြန်မာက ၁၉၅၇ခုနှစ်မှာ လက်မှတ်ရေးထိုးထားပါတယ်။ ဒီသဘောတူစာချုပ်အရ အခြားနိုင်ငံတနိုင်ငံ အနေနဲ့ သူတို့လိုက်နာရမယ့် တာဝန်ကို ချိုးဖောက်တယ်လို့ ယူဆတယ်ဆို ရင် ICJ နိုင်ငံတကာတရားရုံး အနေနဲ့ ကိုင်တွယ် တရားစီရင်ခွင့် ပေးထားတဲ့ ပြဌာန်းချက်ပါဝင်နေပါတယ်။ အခု ဂမ်ဘီယာနိုင်ငံက ဒီပြဌာန်းချက်နဲ့အညီ အဖွဲ့ဝင် ၅၇ နိုင်ငံပါဝင်တဲ့ OIC အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းကို ကိုယ်စားပြုပြီး မြန်မာကို စာချုပ် ချိုးဖောက်မှုနဲ့ ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးမှာ အမှုစွဲတင်လျောက်ထားခဲ့တာဖြစ်ပါတယ်။

ICJ တရားရုံးအနေနဲ့ မြန်မာ အမှုမတိုင်ခင် ဆာဗာရီယားနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုကျူး လွန်ခဲ့တယ်ဆိုတဲ့စွဲချက်နဲ့ Bosnia နဲ့ Herzegovina က ၁၉၉၃ခုနှစ်မှာ အမှုဖွင့် တိုင်ကြားခဲ့တဲ့ အမှုကို ICJ ဘက်က လေးနှစ်ကြာ စစ်ဆေးခဲ့ပြီး Bosnia ဘက်ကို အနိုင်ပေးခဲ့တဲ့ မှတ်တမ်းရှိခဲ့ပါတယ်။

..................


(Unicode)

















တိုက်ရိုက် လင့်ခ်


XS
SM
MD
LG