(Zawgyi/Unicode)
မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာမှာ အထီးကျန်နေလို့ မရတဲ့အတွက် ရုရှား၊ တရုတ်စတဲ့နိုင်ငံတွေနဲ့ ပူပေါင်းဆောင်ရွက်နေပါတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ ရုရှားနိုင်ငံက RIA သတင်းဌာနနဲ့ မေးမြန်းခန်းမှာ အိမ်နီးချင်းနိုင်ငံတွေအပါအဝင် နိုင်ငံအားလုံးနဲ့ ဆက်ဆံမှုရှိတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ တရုတ်နဲ့ ရုရှားတို့နဲ့ ပူးပေါင်းဆောင်ရွက်မှုက မြန်မာနိုင်ငံအရေးအတွက် တကယ်ပဲ အထောက်အပံ့ဖြစ်ပါသလား။ ဒီအကြောင်းနဲ့ပတ်သက်လို့ ရန်ကုန်ကလာတဲ့သတင်းအပြည့်အစုံကို မခင်ဖြူထွေးက ပြောပြမှာပါ။
ရုရှားနိုင်ငံကို သွားရောက်ခဲ့တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာအလယ်မှာ အထီးကျန်နေလို့ မရပါဘူးလို့ ပြောကြားခဲ့ပါတယ်။ ရုရှားသတင်းဌာန RIA နဲ့ သီးသန့်မေးမြန်းခန်းမှာ ရုရှား၊ တရုတ် စတဲ့နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ခုလိုပြောပါတယ်။
"နိုင်ငံတကာမှာ ကျနော်တို့အထီးကျန်လို့ မရပါဘူး။ ပူးပေါင်းဆောင်ရွက်မှုတွေ ဘယ်လိုပဲဖြစ်ဖြစ် လုပ်ရမှာပဲ။ အခု ကျနော်တို့ ရုရှနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိတယ်။ တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိတယ်။ အိမ်နီးနားချင်းနိုင်ငံတွေနဲ့ ဆက်ဆံမှုတွေရှိတယ်။ အကုန်ရှိတယ်၊ နိုင်ငံတွေအကုန်နဲ့ ဆက်ဆံမှုတွေရှိတယ်။"
ကုလသမဂ္ဂမှာ မြန်မာနိုင်ငံဘက်က ကာကွယ် ရပ်တည်နေတဲ့ ရုရှားနဲ့ တရုတ်တို့က မြန်မာနဲ့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
"ပူးပေါင်းဆောင်ရွက်မှုတွေကတော့ ရှိတယ်ဗျ။ မြန်မာနိုင်ငံရဲ့ အခြေအနေမှန်ကို သူတို့သိအောင် ကြိုးစားပြီးတော့မှ နိုင်ငံတကာမျက်နှာစာတွေမှာ သူတို့ ကျနော်တို့နိုင်ငံရဲ့ အခြေအနေမှန်ကိုသိအောင် သူတို့ပြန်ပြီးတော့မှ ဆောင်ရွက်ပေးတာတွေက သူတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုတွေပါ။"
မြန်မာနိုင်ငံအပေါ် အကောင်းဘက်က အပြုသဘောဆောင် ဆောင်ရွက်မှုမျိုးဆိုရင် နိုင်ငံတိုင်းနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ပါတယ်လို့လည်း သူကပြောပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကိုတော့ နားလည်ဖို့လိုတယ်လို့ဆိုပါတယ်။
"မြန်မာနိုင်ငံရဲ့ နိုင်ငံရေးယဉ်ကျေးမှုကိုတော့ နားလည်ဖို့တော့လိုတယ်။ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ယဉ်ကျေးမှုကို နားလည်ဖို့လိုတယ်။ နောက်တခုက မြန်မာနိုင်ငံရဲ့ဥပဒေလည်း နားလည်ဖို့လိုတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်တွေလည်း နားလည်ဖို့လိုတယ်။ ဒီပေါ်မှာ နားလည်ပြီးတော့မှ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်တော့ ပိုပြီးတော့ အကျိုးရှိလိမ့်မယ်လို့ ကျနော်တို့မြင်တယ်။"
အရပ်သားအစိုးရကို ဖယ်ရှား အာဏာသိမ်းယူ အုပ်ချုပ်နေတဲ့အတွက် ဝေဖန်ပြစ်တင်ခံနေရတဲ့ စစ်ကောင်စီအပေါ် အနောက်နိုင်ငံတွေကလည်း အရေးယူ ဒဏ်ခတ်မှုတွေ လုပ်နေပါတယ်။ ဒီလိုအခြေအနေမှာ ရုရှားနဲ့တရုတ်လို အင်အားကြီး နိုင်ငံနှစ်နိုင်ငံနဲ့ ဆက်ခံရေးက မြန်မာနိုင်ငံအတွက် အရေးကြီးတယ်လို့ စစ်ကောင်စီ လက်ခံထားတယ်လို့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်ကတော့ သုံးသပ်ထားပါတယ်။
"ဒီနိုင်ငံ ၂နိုင်ငံက ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ ပါဝင်နေပြီးတော့ ဗီတိုအာဏာ သုံးစွဲခွင့်ရတဲ့အတွက် နိုင်ငံတကာက အရေးယူမှုတွေကို တားဆီးကာကွယ်နိုင်တဲ့ အနေအထားရှိတယ်။ အဲဒါကြောင့် တရုတ်နဲ့ရုရှကို မင်းအောင်လှိုင်က အတော်အားကိုးပြီးတော့ ရပ်တည်လို့ရတယ်လို့ သူက တံဇဉ်ထောင်ဖို့ ကြိုးစားနေတဲ့အနေအထား ဖြစ်ပါတယ်။ အဲတော့ သူ့ရဲ့နိုင်ငံတကာဆက်ဆံရေးက ခြုံပြီးပြောရရင် ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်က ထောက်ခံသည်ဖြစ်စေ၊ ကန့်ကွက်သည်ဖြစ်စေ၊ အရေးကြီးတာက ဒီတရုတ်နဲ့ရုရှရဲ့ ထောက်ခံမှုရှိရင် သူရပ်တည်နိုင်တယ်ဆိုတဲ့ အထင်အမှတ်နဲ့ ဒီနေ့ ဆက်ဆံပြောဆိုနေတာဖြစ်တယ်လို့ ကျနော်သဘောပေါက်ပါတယ်။"
ဒီလိုပူးပေါင်းမှုဟာ မြန်မာနိုင်ငံအကျိုးစီးပွားအတွက် ထိရောက်မှုရှိသလားဆိုတဲ့အပေါ်မှာတော့ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ တရုတ်နိုင်ငံနဲ့ စစ်ကောင်စီရဲ့ ပူးပေါင်းမှုတွေဟာ တရုတ်အစိုးရအတွက် ပိုပြီးအမြတ်ထွက်စရာတွေ များတယ်လို့လည်း ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
"တရုတ်ပြည်ဆိုရင် ဗမာပြည်နဲ့ဆက်ဆံရေးနဲ့ ပတ်သက်တဲ့အခါမှာ တခြားဘယ်သူကမှ လာရောက်ပြီးတော့ မြန်မာစစ်အစိုးရကို မထောက်ခံလည်း သူ့အနေနဲ့ ထောက်ခံရမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ ပထဝီနိုင်ငံရေးနဲ့ ပထဝီစီးပွားရေးအရပြောရင် တရုတ်ရဲ့ အိန္ဒိယပြည်ထွက်ပေါက်ဟာ ကျနော်တို့ ဗမာပြည်ဖြစ်နေပါတယ်။ နောက်တခုက ဗမာပြည်မှာ ဘယ်အစိုးရတက်တက် ထောက်ခံဖို့။ ဒါပေမဲ့ နှိုင်းယှဉ်မှုအရပြောရရင် စစ်အစိုးရတက်လို့ရှိရင် အလုပ်လုပ်ရလွယ်တယ်။ နောက်တခုက ဗမာပြည်ဟာ ရှားပါးတဲ့သယံဇာတတွေ အလကားနီးနီးရနိုင်တယ်၊ ကျွန်းသစ်တွေရနိုင်တယ်။ ဒါပေမဲ့ အဲလိုရနိုင်ဖို့ဟာ ဒီမိုကရေစီအစိုးရ လက်ထက်မှာထက် စစ်အစိုးရလက်ထက်မှာ ပေါချောင်ကောင်းတွေ ကောင်းကောင်းရနိုင်တယ်ဆိုတာ သိတဲ့အတွက် စစ်အစိုးရကို ဘာပဲဖြစ်ဖြစ်၊ ဘယ်လိုနိုင်ငံတကာကနေ ဖိအားတွေပေးပေး စစ်အစိုးရရပ်တည်ခွင့်ရဖို့အတွက် သူကတော့ အတတ်နိုင်ဆုံး လက်ခံပြီးတော့ ကြိုးစားသွားမယ့်သဘော ရှိပါတယ်။"
အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ဆက်ဆံရေး အများဆုံးရှိနေတဲ့ ရုရှနိုင်ငံဟာလည်း မြန်မာနိုင်ငံ ပုံမှန်ပြန်ဖြစ်ရေးကို လိုလားတယ်လို့ ပြောကြားထားပါတယ်။ မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍက ချက်ချင်း ဖယ်ရှားလို့ မရဘူးလို့ ကုလသမဂ္ဂဆိုင်ရာ ရုရှား သံအမတ်ကြီးက ဗုဒ္ဓဟူးနေ့က သတင်းစာရှင်းလင်းပွဲမှာပဲ ပြောကြားခဲ့ပါတယ်။ မြန်မာ့အရေးသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ရုရှားက မြန်မာနဲ့ ပူးပေါင်းနေတာဟာ စစ်ရေးလက်နက်ရောင်းနိုင်ရေးနဲ့ စစ်ဘက်ဆက်ဆံရေး ပိုမို ခိုင်မာရေးအတွက်ကြောင့် ဖြစ်နိုင်တယ်လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။ အဓိကက ရုရှားအကျိုးအမြတ်အတွက်ဖြစ်တယ်လို့ မြင်ပါတယ်။
"ရုရှကလည်း အဲဒီသဘောပါပဲ။ ဒါပေမဲ့ ရုရှကတော့ နယ်မြေက သိပ်ပြီးတော့ဝေးလံတဲ့အခါကျတော့ တရုတ်လောက် အကျိုးစီးပွားတွေနဲ့ပတ်သက်ရင် နီးနီးကပ်ကပ်သိပ်မရှိဘူး။ ရုရှကတော့ အဓိကအားဖြင့် ဗမာပြည်နဲ့ပတ်သက်ပြီး ဆက်ဆံတဲ့နေရာမှာ စစ်လက်နက်ရောင်းဝယ်ရေးနဲ့ စစ်သင်တန်းပို့ချရေးဆိုတော့ အဲဒီလုပ်ငန်းတွေဆက်လုပ်ဖို့က အရပ်သားအစိုးရနဲ့ ဆက်ဆံရတာထက် စစ်ကောင်စီနဲ့ဆက်ဆံရတာ သူ့အတွက်ကောင်းပါတယ်။ အဲဒါကြောင့်လည်း ရုရှက ကျနော်တို့ ဗမာပြည်နဲ့ပတ်သက်တဲ့ ကိစ္စတွေမှာ တင်းတင်းမာမာ လက်ခံတာ၊ ခုခံကာကွယ်တာ။ ဗမာပြည်နဲ့ ရုရှဟာ ရေရှည်ပူးပေါင်းဆောင်ရွက်ဖို့အတွက် ခိုင်မာတဲ့မဟာမိတ်တွေ ဖွဲ့စည်းမယ်လို့ ကြွေးကြော်နေတာဖြစ်တယ်လို့ သဘောပေါက်ပါတယ်။"
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းအုပ်ချုပ်နေတာ ၅ လရှိနေချိန်မှာ စီးပွားရေး၊ နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ လုံခြုံရေး စိုးရိမ်စရာ အခြေအနေတွေဖြစ်နေပါတယ်။ လက်ရှိအခြေအနေကို အမြန်ဆုံး မပြင်နိုင်ရင် အဘက်ဘက်က ခြွတ်ချုံကျ ထိခိုက်ပြီး ပြန်လည်အဖတ်ဆယ်ဖို့ ခက်ခဲတဲ့အခြေအနေရောက်သွားမယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြနေကြပါတယ်။
..................................................................................
(Unicode)