သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုဝင်ဘာ ILO အစည်းအဝေးမှာ မြန်မာအလုပ်သမားအရေး ထည့်သွင်း ဆွေးနွေးမည်


ယခင်မှတ်တမ်းရုပ်ပုံ | ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တခု (စက်တင်ဘာ ၂၉၊ ၂၀၁၅)
ယခင်မှတ်တမ်းရုပ်ပုံ | ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တခု (စက်တင်ဘာ ၂၉၊ ၂၀၁၅)

နိုဝင်ဘာလအတွင်း ကျင်းပမယ့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO ရဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးမှာ မြန်မာအလုပ်သမားတွေရဲ့ အရေးကိစ္စကို ထည့်သွင်းဆွေးနွေးသွားဖို့ရှိပါတယ်။ ဒီအစည်းအဝေးမှာ ILO ရဲ့ ဥပဒေနဲ့အညီ စစ်ကောင်စီရဲ့ ဖိနှိပ်မှုယန္တရားတွေကို အရေးယူပေးဖို့၊ စစ်ကောင်စီကို ဖြုတ်ချနိုင်ဖို့အတွက် တောင်းဆိုသွားမယ်လို့ ဒီနေ့ ကြာသပတေးနေ့မှာ မြန်မာအလုပ်သမား အဖွဲ့အစည်းတွေက ပြောလိုက်ကြားလိုက်ပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်း ပေးပို့ထားပါတယ်။

စက်ရုံအလုပ်ရုံတွေမှာ လုပ်ငန်းခွင်ဝင်နေတဲ့ အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စိစစ်ကောက်ခံနေတဲ့ ကိစ္စတွေအပါအဝင် အလုပ်သမား အခွင့်အရေးတွေကို ချိုးဖောက်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို လာမယ့် နိုဝင်ဘာလအတွင်း ILO ဌာနချုပ်ရှိရာ ဂျနီဗာမြို့မှာ ပြုလုပ်မယ့် အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးမှာ မြန်မာအလုပ်သမား သမဂ္ဂတွေက တင်ပြသွားဖို့ ရှိနေတာပါ။

ILO ရဲ့ ဥပဒေပုဒ်မ ၃၃မှာပါတဲ့ အချက်တွေအတိုင်း စစ်ကောင်စီကို အရေးယူဖို့ ဒီနေ့ ကြာသပတေးနေ့မှာ အလုပ်သမား အဖွဲ့ချုပ်တွေက လှုံ့ဆော် စည်းရုံးမှုတခု စုပေါင်းပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံ အလင်းသစ် အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ရဲ့ တွဲဖက်ဥက္ကဋ္ဌ မတင်တင်ဝေက ပြောပါတယ်။ နိုင်ငံတကာရဲ့ အရေးယူမှုတွေနဲ့အတူ တဖက်မှာလည်း သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ သူကပြောပါတယ်။

" ILO ရဲ့ Article 33 ကတော့ နိုင်ငံတကာ ဖိအားပေးတွေထဲက တခုဖြစ်တယ်ပေါ့နော်။ စကစရဲ့ နိုင်ငံခြားဝင်ငွေ လမ်းကြောင်းကိုလည်း ထိခိုက်စေမယ်၊ လေယာဉ်ဆီတင်သွင်းဖို့ စတဲ့လိုအပ်တဲ့ နိုင်ငံခြားငွေ ဝင်ရောက်မှုတွေကိုလည်း ထိခိုက်မယ်ပေါ့နော်။ စကစ ကို နိုင်ငံတကာ အသိအမှတ် မပြုမှုတွေကလည်း ပိုးပြီးတိုးလာမယ်၊ နောက် နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေကလည်း ရပ်သွားနိုင်တယ်။ ရှိတာတွေလည်း ထွက်သွားနိုင်တယ်ပေါ့နော်။ တဆက်တည်းမှာပဲ အလုပ်သမားတွေရဲ့ အကျိုးသက်ရောက်မှုက အလုပ်အကိုင်တွေ ရှားပါးလာမယ်၊ နောက်တခုက လုပ်ငန်းခွင် ချိုးဖောက်မှုတွေက ပိုမိုများပြားလာမယ် ဆိုးရွားလာမယ်ပေါ့နော်။"

မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ငါးဈေးတခုမှာ အလုပ်လုပ်နေကြသူများ (ဇူလိုင် ၁၆၊ ၂၀၂၄)
မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ငါးဈေးတခုမှာ အလုပ်လုပ်နေကြသူများ (ဇူလိုင် ၁၆၊ ၂၀၂၄)


အခု ဩဂုတ်လထဲမှာ စစ်ကောင်စီက စက်မှုဇုံစီမံခန့်ခွဲမှု ကော်မတီတွေကတဆင့် အလုပ်သမားတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို စပြီး ကောက်ခံနေပါတယ်။ အတင်းအကျပ် စစ်မှုထမ်းခိုင်းမဲ့ အခြေအနေတွေကို မြင်နေရတယ်လို့ အလုပ်သမားတွေက ဗွီအိုအေကို ပြောပါတယ်။

" ဖြစ်နိုင်ခြေကတော့ ဒါ ယောကျ်ားလေတွေအတွက်လည်း ဖြစ်နိုင်ခြေ မြင်တယ်။ ဘာလို့ဆိုတော့ ရပ်ကွက်ထဲမှာကလည်း ဒီလိုမျိုး စာရင်းကောက်တာတွေ ရှိတယ်။ ပြီးတော့ ဒီစက်ရုံတွေပါ လိုက်ပြီးတော့ စာရင်းကောက်လာတဲ့အခါကြတော့ ဒါလိုအပ်ရင်တော့ ဘယ်လိုပြောမလဲ လိုအပ်သလို လုပ်လို့ရတယ်ဆိုတဲ့ ပုံစံမျိုးနဲ့တော့ ညီမက မြင်တယ်၊ သူတို့ စာရင်းကောက်တဲ့ အပေါ်မှာလေ။"

ဖိအားပေး စစ်မှုထမ်းခိုင်းတဲ့ ဥပဒေကြောင့် စက်ရုံ၊ အလုပ်ရုံက လူငယ်အများအပြား ပြည်ပကို ထွက်ခွာ အလုပ်လုပ်တာတွေလည်း များလာတယ်လို့ အလုပ်သမားအရေး အဖွဲ့အစည်းတချို့က ပြောပါတယ်။ စစ်ကောင်စီဟာ အလုပ်သမားတွေရဲ့ တရက်လုပ်ခ ၄,၈၀၀ ကျပ်ကို နောက်ထပ် ၁,၀၀၀ ထပ်တိုးပေးဖို့ မကြာသေးခင်က ညွှန်ကြားခဲ့ပါတယ်။ တကယ်တော့ ဒီပမာဏဟာ ငွေကြေးဖောင်းပွမှုနဲ့ တွက်မယ်ဆိုရင် လောက်ငှတဲ့ ပမာဏ မဟုတ်ဘူးလို့ အလုပ်သမားတွေက တုံ့ပြန်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG