သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အတိုက်အခံတွေအတွက် အမှုလိုက်ပေးတဲ့ မြန်မာရှေ့နေတွေ ခြိမ်းခြောက် ဖမ်းဆီးခံနေရ


ယခင်မှတ်တမ်းရုပ်ပုံ | ရန်ကုန်မြို့ တရားရုံးချုပ်အဆောက်အဦရှေ့မှာတွေ့ရတဲ့ ရှေ့နေများ (ဇန်နဝါရီ ၁၁၊ ၂၀၁၉)
ယခင်မှတ်တမ်းရုပ်ပုံ | ရန်ကုန်မြို့ တရားရုံးချုပ်အဆောက်အဦရှေ့မှာတွေ့ရတဲ့ ရှေ့နေများ (ဇန်နဝါရီ ၁၁၊ ၂၀၁၉)

မြန်မာနိုင်မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရင်း အဖမ်းခံရသူတွေဘက်က အမှုလိုက်ပေးတဲ့ အကျိုးဆောင်ရှေ့နေတွေ ခြိမ်းခြောက်ခံရတာ၊ သူတို့ကိုယ်တိုင် ဖမ်းဆီးခံရတာတွေနဲ့ နှိပ်စက်ညှင်းပမ်းတာတွေ ခံနေကြရတယ်လို့ လူ့အခွင့်အရေးအခြေအနေ စောင့်ကြည့်လေ့လာတဲ့ HRW က ဒီနေ့ အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ စစ်အာဏာသိမ်းလိုက်ပြီးနောက်မှာ ရှေ့နေတွေ နှောင့်ယှက်ခံရတာ၊ စောင့်ကြည့် ထောက်လှမ်းခံရတာနဲ့ တချို့အခြေအနေတွေမှာ နှိပ်စက်ခံရတာတွေဖြစ်နေတာကို လေ့လာပြီး အစီရင်ခံစာ ထုတ်ပြန်တာဖြစ်ပါတယ်။

လူ့အခွင့်အရေး အကျိုးဆောင်ရှေ့နေတွေအပေါ် စစ်ကောင်စီဘက်က စနစ်တကျ ပိတ်ပင်ကန့်သတ်တာတွေ လုပ်လေ့ရှိပြီး ရှေ့နေတွေ ဆောင်ရွက်ရမယ့် တာဝန်တွေ ကြန့်ကြာအောင် တမင် ဟန့်တားနှောင့်ယှက်တာတွေလည်း လုပ်လေ့ရှိတယ်လို့ HRW ကထောက်ပြပါတယ်။ နိုင်ငံရေးအရ အကဲဆတ်တဲ့အမှုတွေကို အကျဉ်းထောင်အတွင်း တံခါးပိတ် စစ်ဆေးစီရင်လေ့ရှိပြီး မျှတတဲ့ တရားစီရင်မှု ရပိုင်ခွင့် အခွင့်အရေးကို ချိုးဖောက်နေတဲ့ အကြောင်း အစီရင်ခံစာမှာ ရေးသားထားပါတယ်။

မြန်မာနိုင်ငံအတွင်းက အကျိုးဆောင်ရှေ့နေ ၁၉ ယောက်နဲ့ အစိုးရ လက်အောက်ခံ မဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်း INGO တွေရဲ့ ဥပဒေအကြံပေး ၇ ယောက်ကို HRW က တွေ့ဆုံမေးမြန်းပြီး အစီရင်ခံစာ ထုတ်ပြန်ထားတာပါ။ ရှေ့နေ ၁၉ ယောက်က သူတို့ဟာ စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုနဲ့ စောင့်ကြည့်လေ့လာတာတွေ ခံရတဲ့အတွေ့အကြုံတွေကို ပြောပြထားပါတယ်။ နိုင်ငံတော်ပုန်ကန်မှု၊ လှုံ့ဆော်မှု၊ အကြမ်းဖက်မှုတွေနဲ့ တရားစွဲဆိုခံထားရတဲ့ သူတွေဘက်က လိုက်ပေးတဲ့ ရှေ့နေတွေကို တခါတရံမှာ ပစ်မှတ်ထား လက်တုံ့ပြန်တာမျိုးတွေ ရှိတယ်လို့လည်း ရှေ့နေတွေက ပြောထားကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG