HRW လူ့အခွင့်အရေးစောင့်ကြပ်မှုအဖွဲ့ရဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ ထုတ်ပြန်ကြေညာတဲ့သတင်းဆုတွေထဲမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ရေးသားဖော်ပြခဲ့တဲ့သတင်းတွေအတွက်လည်း ပါဝင်ပါတယ်။
ဟောင်ကောင်မှာကြုံရတဲ့ ကိုဗစ် ၅ ကြိမ်မြောက်ကူးစက်မှုလှိုင်း၊ ရိုဟင်ဂျာတွေအပေါ်မြန်မာစစ်တပ်ရဲ့ကျူးလွန်မှုနဲ့ အာဖရိကကျောင်းသားတွေကို လူကုန်ကူးတဲ့သတင်းတွေဟာ ၂၀၂၃ ခုနှစ် လူ့အခွင့်အရေးဆိုင်ရာသတင်းဆုတွေထဲ ပါဝင်ရရှိပါတယ်။ ဒီဆုတွေကိုတော့ HRW လူ့အခွင့်အရေးအဖွဲ့ကြီးနဲ့ Arizona ပြည်နယ်တက္ကသိုလ်က Walter Cronkite သတင်းပညာနဲ့လူထုဆက်ဆံရေးဌာနတို့က စီစစ်ရွေးချယ်ခဲ့ကြတာပါ။
ရိုဟင်ဂျာနဲ့ မြန်မာဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေအပေါ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့တာတွေကို စုံစမ်းဖော်ထုတ်ရေးသားခဲ့တဲ့အတွက် ရိုက်တာသတင်းအေဂျင်စီဟာ ထိပ်တန်းသတင်းဆု ရရှိပါတယ်။ နောက်ဆုံးဖြစ်ထွန်းမှုသတင်းတွေကို ဦးဦးဖျားဖျားဖော်ပြတဲ့သတင်းဆုမှာတော့ မြန်မာဆန္ဒပြမှုတွေကို နှိပ်ကွပ်ခဲ့တဲ့သတင်းတွေရေးသားဖော်ပြမှုနဲ့ Washington Post သတင်းစာနဲ့ Foreign Policy တို့ရရှိသွားပါတယ်။