မန္တလေးတိုင်း ငါးဇွန်မြို့နယ် မြို့သာ စက်မှုဇုန်မှာ ဆေးခြောက်အနွယ်ဝင်လို့ ဆိုတဲ့ Hemp လျှော်ပင် စိုက်ပျိုးမှုနဲ့ ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသား တဦးနဲ့ မြန်မာနိုင်ငံသား ဝန်ထမ်း ၂ ဦးတို့ကို အင်္ဂါနေ့မှာ ထပ်မံရုံးထုတ်ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေနဲ့ တရားစွဲလိုက်ပါတယ်။ ဒီအမှုနဲ့ ဆက်စပ်တဲ့ နောက်ထပ် အမေရိကန် နိုင်ငံသား ၅ ဦးကိုလည်း တရားခံပြေး အဖြစ် ကြေညာဖို့ ရှိကြောင်း တရားရုံးက ပြောပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြမှာပါ။
မန္တလေးတိုင်း အစိုးရရဲ့ ခွင့်ပြုချက်နဲ့ စိုက်ပျိုးထားတယ်ဆိုတဲ့ ဆေးခြောက် အနွယ်ဝင် လျှော်ပင် ဧက ၂၀ ရှိ စိုက်ခင်းကို ဧပြီလကုန်ပိုင်းက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဝင်ရောက် ရှာဖွေပြီး ဖမ်းဆီးထားသူ အမေရိကန် နိုင်ငံသား John Frederic Todoroki နဲ့ မြန်မာနိုင်ငံသား ဝန်ထမ်း နှစ်ဦးတို့ ဖြစ်တဲ့ ကိုရှိန်းလတ်၊ မရွှန်းလဲ့မြတ်နိုးတို့ကို အင်္ဂါနေ့မှာ မြင်းခြံခရိုင် တရားရုံးက မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေနဲ့ တရားစွဲလိုက်တာ ဖြစ်ပါတယ်။ သူတို့ရဲ့ ရှေ့နေ ဖြစ်တဲ့ တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦးကတော့ ဒီပုဒ်မက အာမခံ ရတဲ့ အမှုမျိုး မဟုတ်ဘူးလို့ အင်္ဂါနေ့က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။
“ဒီအမှုက ယေဘုယျအားဖြင့် အာမခံရတဲ့ အမှုမျိုးမဟုတ်ပါဘူး။ အချိန်လည်းမရပါဘူး။ ကျနော်တို့ လျောက်လွှာတင်ဖို့ ဘာဖြစ်လို့လဲဆိုတော့ တင်တဲ့ရုံးချိန်နောက်ကျတဲ့အချက်ပေါ့နော် Mr. Todoroki ကလည်း ကျန်းမာရေးသိပ်မကောင်းဘူးလို့ပြောတယ်။ အဲဒီအချက်တွေအရ ကျနော်တို့အချိန်သိပ်မရဘူး နောက် အာမခံပေးတဲ့ အမှုမဟုတ်ပါဘူး။”
ဆေးခြောက် အနွယ်ဝင်လို့ ဆိုတဲ့ Hemp လျှော်ပင်တွေလို့ ဆိုတဲ့ ဧက ၂၀ စိုက်ခင်းထဲက သိမ်းဆည်းရမိခဲ့တာတွေက မူးယစ်ဆေးဝါး ဥပဒေနဲ့ ငြိမယ်ဆိုရင်တော့ ပြစ်ဒဏ်က ကြီးလေးမယ့် အကြောင်း အာရှလူ့အခွင့်အရေး ကော်မရှင်က ဥပဒေ အကြံပေး ဦးမင်းလွင်ဦးက အခုလို ပြောပါတယ်။
“မူးယစ်ဆေးဝါးအမှုနဲ့ စွဲတယ် တကယ်လည်း စိုက်ခဲ့တာ မှန်တယ်ဆိုရင်တော့ ဒါက ကြီးလေးတဲ့ပြစ်ဒဏ်ခံရမှာပေါ့နော်။ အနည်းဆုံး ၁၅ အထက် စိုက်ပျိုးပြီးတော့ ဖြန့်ချီ ထုတ်လုပ်တဲ့အဆင့်အထိ အဆင့်အမျိုးမျိုး ဖြစ်တယ်လို့ ပြောလိုရတာပေါ့နော်။ သူက စိုက်လည်းစိုက်တယ် အဆီလည်းထုတ်တယ်။ ပြီးလို့ရှိရင် နိုင်ငံခြားလည်း တင်ပို့ဖို့ အစီအစဉ်ရှိတယ်ဆိုတော့ ဒါက စိုက်ပျိုးတယ်၊ ထုတ်လုပ်တယ်၊ ဖြန့်ဖြူးတယ် ရောင်းချတယ် ဆိုတာတွေအားလုံးပါသွားတဲ့ သဘောမျိုးဖြစ်တာပေါ့နော်။ တကယ်တမ်း စစ်ဆေးလိုက်လို့ မူးယစ်ဆေးဝါး ဖြစ်ကြောင်းပေါ်ပေါက်တယ်ဆိုရင် ကြီးလေးတဲ့ပြစ်ဒဏ် အမြင့်ဆုံးပြစ်ဒဏ်ခံရမယ့် သဘောမှာ ရှိနေပါတယ်။”
ဆေးခြောက်အနွယ်ဝင်လို့ ဆိုတဲ့ လျှော်ပင် စိုက်ပျိုးတဲ့ ကုမ္ပဏီဘက်ကတော့ ဧပြီလ ၂၆ ရက်နေ့က ဒီကိစ္စနဲ့ ပတ်သက်ပြီး ကြေညာချက် ထုတ်တာမှာတော့ စိုက်ခင်း အတွင်းမှာ Hemp၊ Kenaf ၊ ငရုတ်ကောင်း၊ ကော်ဖီ ၊ ယူကလစ်ပင်တွေ စိုက်ပျိုးထားတာ ဖြစ်ပြီး ဖြန့်ဖြူးရောင်းချဖို့ မဟုတ်ဘဲ သုတေသန လုပ်ငန်းကို စနစ်တကျ လုပ်နေတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အာရှလူ့အခွင့်အရေး ကော်မရှင်က ဥပဒေ အကြံပေး ဦးမင်းလွင်ဦးကလည်း ဒီအပင်တွေက တကယ်ဘဲ မူးယစ်ဆေးဝါးဖြစ်မဖြစ် ဆိုတာကို မြန်မာအာဏာပိုင်တွေဘက်က မြန်မြန် ဆန်းစစ်လို့ ရနေတဲ့ အနေအထားလို့ အခုလို ပြောပါတယ်။
“Hemp လား၊ ဆေးခြောက်ပင်လားဆိုတာကို မူးယစ်ဆေးဝါး မူခင်းဌာနကနေပြီးတော့ ဓါတ်ခွဲပြီးတော့ အဖြေထုတ်လိုက်ရင် သိနိုင်တဲ့ကိစ္စပဲလေ နောက်ပြီးတော့ တခါ အစားအစာနဲ့ ဆေးဝါးအဖွဲ့ ကနေပြီးတော့ ဒီဟာက ဆေးခြောက်လားဆိုတာကို သေသေချာချာစစ်ဆေးလို့ရှိရင် သိနိုင်တဲ့ကိစ္စပဲ၊ အဲဒီတော့ ရမန်ကြီး ၂ ပတ်လောက်ယူပြီးအခုက တလလောက်ဖြစ်သွားပြီပေါ့နော်။ ရုံးချိန်း ၂ ခါဖြစ်သွားပြီဆိုတော့ မှားယွင်းပြီးတော့ တရားစွဲမိတယ်ဆိုရင် ဒါက အလွန်ရှက်စရာကောင်းတဲ့ ကိစ္စမျိုးဖြစ်လာမယ်။ တကယ်တမ်း မှန်နေတယ်ဆိုရင်လည်း အစိုးရအနေနဲ့ နောက်ပိုင်းတွေမှာ ဒီမြန်မာနိုင်ငံအတွင်းမှာလာပြီးတော့ စီးပွားရေးလုပ်ငန်းတွေလုပ်ဆောင်တဲ့အဖွဲ့တွေကို ခွင့်ပြုမယ်ဆိုရင် သေသေချာချာစိစစ်ပြီးတော့မှ ခွင့်ပြုသင့်တဲ့ကိစ္စရပ်မျိုးဖြစ်လာမယ်လို့ ကျနော်မြင်ပါတယ်။”
မန္တလေးတိုင်း အစိုးရရဲ့ ခွင့်ပြုချက်နဲ့ စိုက်တယ်လို့ ဆိုတဲ့ ဒီလျှော်ပင်တွေက မူးယစ်ဆေးဝါး ပုဒ်မနဲ့ ငြိသလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အင်္ဂါနေ့ ရုံးထုတ်မှာတော့ ဒီအမှုနဲ့ ဆက်စပ်တဲ့ နောက်ထပ် အမေရိကန် နိုင်ငံသား ၅ ဦးကိုလည်း တရားခံပြေး အဖြစ် ကြေညာသွားဖို့ ရှိပြီး လက်ရှိ ဖမ်းဆီးထားသူတွေနဲ့ အတူ စစ်ဆေးကြားနာသွားမယ်လို့ မြင်းခြံခရိုင်တရားရုံးက ပြောဆိုထားပါတယ်။