သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောမြို့မှာ လက်လုပ်ဗုံး ၄ဝ တွေ့ရှိ


မောင်တောမြို့မှာ လက်လုပ်ဗုံး ၄၀ တွေ့ရှိ (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
မောင်တောမြို့မှာ လက်လုပ်ဗုံး ၄၀ တွေ့ရှိ (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရခိုင်ပြည်နယ် ၊ မောင်တောမြို့ ၊ မြို့မမြောက်ရပ်ကွက် မြောင်းကူးတံတားအောက်ကနေ လက်လုပ်ဗုံး ၄၀လုံးကို တွေ့ရှိခဲ့ပြီးနောက် လုံခြုံရေးကိုမျက်ခြေမပြတ်ကြည့်နေတယ် လို့ရဲတပ်ဖွဲ့တာဝန်ရှိသူတွေကပြောပါတယ် ။ ရခိုင်ပြည်နယ် မောင်တော နယ်မြေတွေကနေ တပ်မတော်စစ်ကြောင်း တချို့ရုပ်သိမ်းထားချိန်မှာအခုလို ဖောက်ခွဲရေးပစ္စည်း အမြောက်အမြားကို တွေ့ရှိတာဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းကမေခကပေး ပို့ထားပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့ ၊ မြို့မမြောက်ရပ်ကွက်က မြောင်းတခုထဲမှာ လက်လုပ်ဗုံး ၄၀ ကို ဒေသခံတယောက်က တေ့ွရှိခဲ့တာဖြစ်ပါတယ်။ ပဋိပက္ခတွေဖြစ်ထားတဲ့ မောင်တောဒေသကနေ စစ်ဆင်ရေးဆောင်ရွက်ခဲ့တဲ့ စစ်ကြောင်းတချို့ကို တပ်မတော်က ရုပ်သိမ်းထားချိန်မှာ ခုလို လက်လုပ်ဗုံး အမြောက်အများကို တေ့ွရှိတာဖြစ်ပါတယ်။ အချင်း ၁ လက်မခွဲ၊ အရှည် ၆ လက်မရှိပြီး အချင်း ၁ စင်တီမီတာခန့်ရှိတဲ့ PVC ပလပ်စတစ်ပိုက်ထဲမှာ ဘောစေ့အလုံး ၁၀၀ခန့်ပါကာ အားမြှင့်ယမ်းတွေ ပါတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။ ဒီလိုတွေ့ရှိထားတဲ့ အတွက် လုံခြုံ ရေးပိုင်း ပိုတိုးထားတယ်လို့ ရဲမှုးကြီး အောင်မြတ်မိုးက ပြောပါတယ်။

“တွေ့တဲ့နေရာကတော့ ကျနော်တို့ ဒီ ရေထဲကနေပြီးတော့ ပါလာတဲ့အနေအထားတော့ရှိတာပေါ့။ အဲဒါကတော့ ခုနကပြောသလိုပဲ စုံစမ်းနေတဲ့အနေအထားမျိုးပဲ ရှိသေးတယ်အမရေ၊ အမှုဖွင့်တာတို့တော့ လောလောဆည်ကတော့ မလုပ်သေးဘူးပေါ့။ လက်ပစ်ဗုံးတွေကတော့ တပ်ကိုပဲ အပ်နှံထားတယ်အမ။ လုံခြုံရေးကတော့ နေ့ရောညရော ဆောင်ရွက်နေတဲ့အနေအထားမျိုးရှိတယ်အမရေ။ အဲလောက်ပါပဲ။”

မောင်တော မြို့ခံ တဦးက ချောင်းအတွင်းငါးရှာတာမှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တာမရှိဘူးလို့ ဒေသ ခံတွေကပြောပါတယ်။ ARSA အကြမ်းဖက်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့တွေဖက်က နယ်မြေရှင်းလင်းတာတွေရှိခဲ့ပေမဲ့ လောလောဆယ် မြို့ပေါ်မှာ တိုက်ခိုက်မှုတွေ မရှိတော့ချိန်မှာအခုလို လက်လုပ်ဗုံးတွေတွေ့တာမို့ ဒေသခံတွေမှာ စိုးရိမ်မှုတွေ ရှိနေတယ်လို့ မောင်တောလွှတ်တော်အမတ် ဦးထွန်းလှစိန်ကပြောပါတယ်။

“အဲလိုပဲ ထိတ်လန့်တာတွေတော့ရှိတာပေါ့နော် အခုကတော့ ဗုံးတွေတွေ့တယ် ဆိုတာက နေရာအနှံ့မှာတွေ့နေတာပေါ့လေ။ အရင်တုန်းက လူအများကြီးနဲ့ အင်နဲ့အားနဲ့ ဝင်တိုက်တာမျိုးလုပ်သွားမှာစိုးတယ်။ ဒါပေမယ့် ဒီဘက်မှာတော့ လုံခြုံရေးတွေကတော့ ရှိတယ် သတိတော့ရှိတယ်ဆိုပေမယ့် အဲဒီအနီးအနားမှာရှိတဲ့လူတွေကို သံသယရှိတာပေါ့နော် သူတို့ဘက်က မျှောလာတဲ့သဘောဆိုတော့လေ၊ လုပ်တာလည်းသူတို့ဆိုတော့ သူတို့ကို သံသယရှိတယ်။”

မောင်တောဒေသဖက်မှာ လုံခြုံရေးအခြေအနေ အတန်အသင့် ပြန်လည်တည်ငြိမ် အေးချမ်းလာတဲ့အတွက်လို့ဆိုပြီး ပြီးခဲ့တဲ့သီတင်းပတ်ကမှ တပ်မတော် စစ်ကြောင်းတချို့ကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်ထဲက မောင်တောဒေသမှာ ထုတ်ပြန်ထားတဲ့ ညမထွက်ရ ပုဒ်မ ၁၄၄ ကိုတော့ အောက်တိုဘာလ ၂၅ ရက်နေ့ကပဲ နောက်ထပ် သက်တမ်း ၂ လတိုးခဲ့ပါတယ်။

ညမထွက်ရအမိန့်အရ ည ၆ နာရီကနေ မနက် ၆နာရီ သတ်မှတ်ထားတာကို လုံခြုံရေးအရ အချိန်အပြောင်းအလဲ မလုပ်သေးဘူးလို့ ရခိုင်ပြည်နယ်တာဝန်ရှိသူတွေက ပြောထားပါတယ်။ တချိန်ထဲမှာပဲ သြဂုတ်လ ၂၅ ရက်နောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်ခံရ သူတွေကို ယာယီကယ်ဆယ်ထားတဲ့ ဘူးသီတောင်၊ မောင်တောနဲ့ စစ်တွေမြို့တွေက ကယ်ဆယ်ရေးစခန်းတွေ နိုဝင်ဘာ ၂ ရက်နေ့ နောက်ဆုံးထားပိတ်မယ်လို့ ပြည်နယ်အစိုးရက ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG