သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမီဒီယာလောက အခက်ကြုံ


သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် ဆန္ဒပြနေကြစဉ် (ရန်ကုန်)
သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် ဆန္ဒပြနေကြစဉ် (ရန်ကုန်)

မြန်မာနိုင်ငံရဲ့စတုတ္ထမဏ္ဍိုင် သတင်းနဲ့ စာနယ်ဇင်း လောကဟာ ဆယ်စုနှစ်အတွင်း အခက်ခဲဆုံး အနေအထားနဲ့ ရင်ဆိုင်နေရတယ်လို့ သတင်းပညာရပ် ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ ဘဏ္ဍာရေး အကျပ်အတည်းက အစ၊ စစ်တပ်က သတင်းမီဒီယာ သမားတွေကို တရားစွဲဆိုနေတာတွေ အဆုံး စိန်ခေါ်မှုတွေနဲ့လည်း ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ပြည်သူလူထု အကြား သတင်းပညာကို နားလည် သဘောပေါက်စေဖို့ ကျောင်း သင်ရိုးညွှန်းတမ်းတွေမှာ ထည့်သွင်းပေးဖို့ လိုပါတယ် လို့လည်း သတင်း ပညာရှင်တွေက တိုက်တွန်းပါတယ်။ VOA သတင်းထောက် စိုင်းပြည့်သူကပြောပြပေးမှာပါ။

လက်ရှိ သတင်းမီဒီယာ ရဲ့ အခန်းကဏ္ဍဟာ ဆယ်စုနှစ်အတွင်း အခက်ခဲဆုံး အနေအထား ကို ရောက်လာ ပြီးတော့ စိန်ခေါ်မှုပေါင်းများစွာနဲ့ ရင်ဆိုင်နေရတယ်လို့ ရန်ကုန် သတင်းစာပညာကျောင်းရဲ့ ဒါရိုက်တာ ဦးရဲနိုင်မိုး ပြောပါတယ်။

“ငွေရေးကြေးရေးက ဈေးကွက်ထဲမှာ အောင်အောင်မြင်မြင်ရပ်တည်ဖို့ အင်မတန်ခက်ခဲတဲ့ အခြေအနေမှာ ရင်ဆိုင်နေရတယ် နောက်တစ်ခုကတော့ သတင်းစာ လွတ်လပ်ခွင့်နဲ့ ပတ်သတ်ပြီးတော့ ခြိမ်းခြောက်မှုတွေ အများကြီး ရင်ဆိုင်နေရတယ်။ တပ်မတော် အပါအဝင် အဖွဲ့အစည်း အသီးသီးကော ပုဂ္ဂိုလ်တွေကကော သတင်းမီဒီယာတွေ အပေါ်မှာ တရားစွဲဆိုမှုတွေ တိုက်ခိုက်မှုတွေ ရှိနေတယ်။ ”

၂၀၁၄ ကနေ ဒီကနေ့ ထိ ငါးနှစ်တာကာလအတွင်း မှာ ပုံနှိပ်/ထုတ်ေ၀ ခွင့် ရတဲ့သူ လေးထောင်သုံးရာကျော် စာရင်းကိုပြန်ကြားရေး ဝန်ကြီးဌာန က ထုတ်ပြန်ထားပါတယ်။ ဈေးကွက်မှာ ရေရှည် ရပ်တည်နိုင်ဖို့အတွက် ငွေကြေး ကို အဓိကထားလာတဲ့အခါ ကိုယ့်ရဲ့ မီဒီယာ အရည်အသွေးပိုင်း၊ ကျင့်ဝတ် ပိုင်းတွေ မှာ အားနည်းမှုတွေ ရှိလာတယ်လို့ သတင်းမီဒီယာကောင်စီ တွဲဖက် အတွင်းရေးမှူး ဦးမြင့်ကျော်က အခုလို VOA ကို ပြောပါတယ်။

“မီဒီယာရဲ့ ရပ်တည်ရေးအပိုင်းပေါ့ မီဒီယာက စရိတ်တွေလေ ျှာ့ချလာ ဖြတ်တောက်လာတယ်။ မီဒီယာကိုယ့်ဟာကိုယ် မရပ်တည်နိုင်ရင် အဲဒီမှာအဲဒီ အကြောင်းကြောင့် အားနည်းချက်တွေဖြစ်စေနိုင်တယ်။ ဥပမာ သတင်းထောက်တစ်ယောက်က သတင်းပုဒ်ရေ များများထုတ်ရရင် အဲဒီမှာ အမှားအယွင်းတွေ လျော့ရဲမှုတွေ အရည်အသွေး လျော့ကျလာတယ်။ ”

သတင်းမီဒီယာပိုင်း ကနေ ကိုယ့်ရဲ့ သတင်းစာပညာ အရည်အချင်းတွေ မြင့်မားဖို့ ၊ကိုယ့်ရဲ့ကျင့်ဝတ် ပိုင်းဆိုင်ရာ စံနှုန်းစံထားတွေကို လိုက်နာဖို့ လိုအပ်သလို ဒီထက် ပိုပြီး တော့ သတိထား သင့်တဲ့ အကြောင်း ဦးမြင့်ကျော်က သုံးသပ်ပါတယ်။

“နောက်တစ်ခုကတော့ မီဒီယာ အမည်ခံပြီးတော့ ဖြစ်ပျက်နေတဲ့ ဥပမာ ငွေကြေးတောင်းတဲ့ ကိစ္စတို့ ငွေညှစ်တဲ့ ကိစ္စတို့ အဲ့လိုမျိုးဟာတွေ ကလည်း ဟို သက်ဆိုင်တဲ့ အဖွဲ့အစည်း တွေကလည်း ရှင်းလင်းဖို့လိုတယ်။ မီဒီယာဘက်ကလည်း ဝိုင်းဝန်းပြီးတော့ အဲ့ဒါမျိုးတွေ ဖော်ထုတ်ဖို့ လိုတယ်လို့ ကျနော်မြင်တယ်လေ။ မီဒီယာက ဟို လူတိုင်းလုပ်တာလဲ မဟုတ်ဘူး။ သို့သော် အများစု လုပ်တာလည်း မဟုတ်ဘူး။ သို့သော် တစ်ချို့သော မီဒီယာ သတင်းထောက် အမည်ခံထားတဲ့ အဖွဲ့အစည်းတွေ ရှိတယ်။ အဲလိုဟာတွေရှိတယ်။ အဲဒီဟာတွေကလည်း သက်ရောက်မှုက တော့ အားလုံးအပေါ်မှာ သွားကျ ရောက်တာ မျိုးတွေ လည်း ရှိတယ်။”

လုပ်ကြံသတင်း၊ ဘက်လိုက်သတင်း စတဲ့ သတင်းတုတွေ ကြောင့်လည်း ပြဿနာ တွေ၊ စိန်ခေါ်မှုတွေ ရှိလာနိုင်တာကြောင့် မီဒီယာပိုင်း ကနေ လုပ်ဆောင်သင့်တဲ့ အချက်တွေ ကိုလည်း ဦးရဲနိုင်မိုးက ထောက် ပြပါတယ်။

“ ဒီထဲမှာ အရေးကြီးတဲ့ အချက်က ပြည်သူလူထုကြားထဲမှာ ပြည်သူလူထုဆိုတာ ဆိုရှယ် မီဒီယာ ကိုသုံးနေတာကိုး။ ပြည်သူလူထုကြားထဲမှာ မီဒီယာ တက်မြောက်မှု မီဒီယာကို နားလည်မှု မီဒီယာ Literacyကို ဒီ့ထက်ပိုပြီးတော့ ပျံ့ပွားအောင် လုပ်သင့်တယ်လို့တော့ ထင်တယ်။ ကျနော့် အမြင်အရတော့ သတင်းစာပညာ သတင်းမီဒီယာကို ပြည်သူလူထုတွေ ကျွမ်းကျင်ဖို့ထက် တကယ်တော့ ပညာရေးစနစ်မှာပါ ထည့်ပြီးတော့ စဉ်းစားသင့်တယ်လို့ ထင်တယ်။ ”

သတင်းမီဒီယာ ရပ်တည်ရေး နဲ့ တရား ဥပဒေ စိုးမိုးမှုရှိရေး အတွက် အစိုးရ ဘက်ကလည်း ပြန်လည် ဆောင်ရွက်သင့်တယ်လို့ ဦးမြင့်ကျော် က အခုလိုပြောပါတယ်။

“ဖမ်းဆီးခံရတာတို့ ခြိမ်းခြောက်က်ခံရတာတို့အဲလိုနေရာတွေ ကိစ္စမျိုး တွေမှာလည်း တကယ့် တရား မှန်ကန်တဲ့ တရားမျှတတဲ့ ဥပဒေဖြစ်ဖို့ လိုတယ်။ တရားမျှတတဲ့ အရေးယူဆောင်ရွက်မှု မျိုး ဖြစ်ဖို့လိုတာပေါ့နော်။ အဲ့အပိုင်းတွေလည်း အစိုးရ လုပ်ဆောင်ပေးနိုင်တဲ့ ဟာတွေ နောက်တစ်ခုကတော့ သတင်းမီဒီယာ ရပ်တည်ရေး ဆိုရင်တော့ အစိုးရက ကူညီတာမျိုး ဆောင်ရွက်တာမျိုး မရှိသေးဘူး။ အဲဒီ အပိုင်းမျိုးမှာလည်း ကူညီဆောင်ရွက်တာမျိုးကို အစိုးရက ဘယ်လိုကူညီနိုင်မလဲ ဆိုတဲ့ ဟာမျိုးကို စဉ်းစားဖို့ အချိန်တန်ပြီလို့ ကျနော်ထင်တယ်။”

နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တို့ က မီဒီယာအခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် မေ ၃ ရက်နေ့ က ကျရာက်တဲ့ ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့ မှာ သဝဏ်လွှာတွေ အသီးသီး ပေးပို့ခဲ့ကြပေမယ့် သတင်းမီဒီယာတွေ အပေါ် အမြင်ကြည်လင်မှု၊ အစိုးရနဲ့ ပြည်သူအကြား ပွင့်လင်း မြင်သာမှု ပေါင်းကူးတံတားအဖြစ် အခိုင်အမာဘရပ်တည်နိုင်ရေး ဘယ်အတိုင်းအတာ အထိ အားပေး သွားမလဲ ဆိုတာကတော့ စောင့်ကြည်ကြရဦးမှာ ဖြစ်တယ်လို့ သတင်းပညာရှင်တွေက သုံးသပ် နေကြ ပါတယ်။

မြန်မာမီဒီယာလောက အခက်ကြုံ
please wait

No media source currently available

0:00 0:03:51 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG