သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်ရောက် CNN သတင်းထောက်နဲ့ အင်တာဗျူးမိသူတွေ အဖမ်းခံရ


ရန်ကုန်ရောက် CNN သတင်းထောက်နဲ့ အင်တာဗျူး
ရန်ကုန်ရောက် CNN သတင်းထောက်နဲ့ အင်တာဗျူး

(Zawgyi/Unicode)

မြန်မာနိုင်ငံကိုရောက်နေတဲ့ CNN သတင်းထောက်နဲ့ အင်တာဗျူးလုပ်မိတဲ့ ရန်ကုန်မြို့ခံ တချို့ကို အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ CNN သတင်းထောက်က သောကြာနေ့မှာ မင်္ဂလာဒုံဈေးနဲ့ (၁၀)မိုင်ဈေးတွေကို သွားရောက်လေ့လာ ရိုက်ကူးစဉ် အင်တာဗျူးလုပ်မိ သူတွေကို ဖမ်းဆီးသွားတာပါ။ အကြောင်းစုံကိုတော့ ကိုဉာဏ်ဝင်းအောင် ပြောပြမှာပါ။

CNN ရဲ့ နိုင်ငံတကာရေးရာ အကြီးတန်းသတင်းထောက် Clarissa Ward က သောကြာနေ့မှာ ရန်ကုန်တိုင်း မင်္ဂလာဒုံဈေးကို သွားရောက် လေ့လာ သတင်းယူနေချိန်မှာ အဲဒီဈေးထဲ ဈေးဝယ်ဖို့ ကားနဲ့လာကြတဲ့ မောင်နှမ(၃)ဦးနဲ့ သူငယ်ချင်းတဦးတို့က ကားထဲကနေ လက်သုံးချောင်း ထောင်ပြမိရာက ၊ CNN သတင်းထောက်က သူတို့ဆီလာပြီး အင်တာဗျူးခဲ့တာပါ။

သတင်းထောက် Clarissa Ward အဲဒီနေရာက ပြန်ထွက်သွားပြီး မကြာခင်မှာပဲ အာဏာသိမ်းကောင်စီရဲ့ အရပ်ဝတ် ထောက်လှမ်းရေးတွေကစည်သူဖြိုး၊ ရှိုင်းရတနာဖြိုး တို့ကို ကားထဲက ဆွဲထုတ် ဖမ်းဆီးသွားခဲ့ပြီး၊ ဈေးထဲမှာ ဈေးသွားဝယ်နေတဲ့ မနေဇာခြည်ရှိုင်းကိုလည်း ထပ်မံ ဖမ်းဆီးသွားကြောင်း၊ ထွက်ပြေးလွတ်မြောက်လာတဲ့ စတုတ္ထမြောက် သူငယ်ချင်းဖြစ်သူကမိသားစုကို ဖုန်းဆက်အကြောင်းကြား ခဲ့တယ်လို့ မနေဇာခြည်ရှိုင်းနဲ့ ဆွေမျိုးတော်စပ်သူတဦးက VOA ကို ပြောပါတယ်။

“သူတို့က မောင်နှမ ၃ ယောက်နဲ့ သူငယ်ချင်း ၁ ယောက်နဲ့ အားလုံး ၄ ယောက်ပေါ့နော် သူတို့ ဈေးသွားကြတာပေါ့။ သူတို့ ကားရပ်တဲ့အချိန်မှာ CNN ကရောက်လာတော့ ကားလေးရပ်ပြီးတော့ လက် ၃ ချောင်းထောင်ပြလိုက်တယ် ၊ လက် ၃ ချောင်းထောင်ပြလိုက်တဲ့အချိန်ကျတော့ ဟိုဘက်က သူတို့ကို အင်တာလာဗျူးတယ်ပေါ့နော်။ အင်တာလာဗျူးတဲ့ အချိန်မှာ ခုနက မနေဇာခြည်ရှိုင်းကတော့ မဗျူးပဲနဲ့ ဆင်သွားတယ် သူက အရင်ကားရပ်ပြီးတော့ ဆင်းသွားတယ် ။ ကျန်တဲ့ ၃ ယောက်က သူ့ကို ကားပေါ်မှာ စောင့်နေခဲ့တာ ။ သူက ပစ္စည်းလေးတခု ခဏ သွားဝယ်မယ်ဆိုပြီး ဈေးထဲကို ဝင်သွားလိုက်တာ။ ဝင်သွားတဲ့အချိန်မှာ ခုနက ကားပေါ်မှာ သူ့ သူငယ်ချင်းရယ် ၊ အဖမ်းခံရတဲ့ မောင်နှမ ၂ ယောက်ရယ် ပေ့ါနော် ကားမှာ ကျန်ခဲ့တာ။ အဲဒါ ကျန်ခဲ့တော့ ကျန်တဲ့ ၃ ယောက်ကို CNN က ကား တံခါးလေးဖွင့်ပြီး လက် ၃ ချောင်းထောင်လို့ အင်တာဗျူးတယ်။ ဗျူးတဲ့အချိန်မှာ သူတို့က ၁ ခွန်း ၂ ခွန်းပဲ ဖြေလိုက်တာတဲ့။ သူတို့က ဖြေတာကတော့ နင့်ကို ဒီဈေးကိုဘာလို့ ခေါ်လာသလဲ သိလားပေါ့၊ ဒီဈေးက သူတို့ စစ်တပ်ဈေး အဲလောက်ပဲ ပြောလိုက်တာတဲ့။ သူတို့ကလည်း အင်္ဂလိပ်လို အရမ်းမပြောတတ်တော့ အဲဒီအချိန်မှာ CNN ကလည်း ထွက်သွားရော ကားတံခါးကို ထုရိုက်ပြီး ဆွဲဖွင့်ပြီး အရပ်ဝတ်တွေက သူတို့ကို ဖမ်းသွားတယ်ပေါ့နော်။

ခုနက သူငယ်ချင်းကတော့ ရှေ့ခန်းကို လုပ်နေတဲ့အချိန်မှာ နောက်ခန်းက ဆင်းပြေးသွားတယ်လို့ ပြောတယ်။ အဲဒီမှာ သူက ပုန်းရှောင်နေရာကနေပြီးတော့ သူ့သူငယ်ချင်းကို မနေဇာခြည်ရှိုင်းကို ဖုန်းလှမ်းဆက်တဲ့အချိန်မှာ မနေဇာခြည်ရှိုင်းက ဈေးထဲမှာ ခုနက CNN က အမျိုးသမီးနဲ့ သွားထပ် တွေ့တယ် ၊ တွေ့ပြီးတော့ သူ့ကို အင်တာဗျူးလို့ သူက ဖြေလိုက်တယ် ။ ဖြေလိုက်တဲ့အချိန်မှာ သူက တော်တော်ပြည့်ပြည့်စုံစုံ ဖြေတယ်။ အခုနင်နဲ့ စကားပြောနေတဲ့အချိန်မှာ ငါတို့ မလုံခြုံတော့ဘူး ငါ့မောင်လေးနဲ့ ညီမလေးကို သူတို့ ဖမ်းသွားပြီပေါ့ ၊ ငါ့လုံခြုံမှုကို နင်တို့ ကူညီပေးပါဆိုပြီးတော့ အဲဒါလည်း ထည့်ပြောတယ်ဆိုပြီးတော့ ပြောတယ်။ သူ့သူငယ်ချင်းကလည်း သူဖုန်းဆက်နေတဲ့ အချိန်မှာ ဟိုဘက်က အင်္ဂလိပ်လို တိုက်ရိုက်ဘာသာပြန်နေတာကို သူကြားတယ် ။ ပြီးတော့ သူ ဖုန်းချလိုက်တယ်ပေါ့နော်။ ဖုန်းချပြီးနောက်ပိုင်း သူတို့ အဆက်အသွယ်ပျက်သွားတယ်။ သိလိုက်တဲ့အချိန်မှာ ဈေးထဲက ပြောတဲ့အချိန်မှာ နောက်ဆုံးဗျူးတဲ့ကောင်မလေးလည်း ပါသွားပြီပေါ့။”

ဒီသတင်းရေးသားနေချိန်အထိ မင်္ဂလာဒုံဈေးမှာ ဖမ်းဆီးခံရသူ(၃)ဦး ပြန်လည် လွတ်မြောက်လာတဲ့ သတင်းတော့ မကြားရ သေးပါဘူး။ သူတို့ကို လှိုင်သာယာ စစ်ကြောရေးစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ရှေ့နေတွေကတဆင့် သိရကြောင်း ဆွေမျိုးတော်စပ်သူက ပြောပါတယ်။

“ကားပေါ်မှာ ကားအမဲလေးနဲ့ ဓါတ်ပုံ Twitter မှာတော့ တက်တယ်ရှင့်။ ကျမတို့အိမ်က ဘာအင်တာနက်မှ မရှိတော့လေ လောလောဆည်ကျတော့ ဘယ်မှာမှလည်း သွားကြည့်ဖို့ အဆင်မပြေဖြစ်နေတော့ ဘာမှလည်း မသိရဘူး။ ကားအမဲလေးနဲ့က ၂ ယောက်ရှင့် သူ့မောင်လေးနဲ့ ညီမ အငယ်ဆုံးလေး အရင်းပါရှင့်။ အင်တာဗျူးတာတော့ အမအကြီးဆုံးပေါ့နော် မနေဇာခြည်ရှိုင်းပေါေ့နာ် သူကတော့ အင်္ဂလိပ်လို ဒါရိုက်အင်တာဗျူးလိုက်တယ်လို့ ကြားတယ်ရှင့်။ စိုးရိမ်တာက ကလေးတွေကို နှိတ်စက်မှာ စိုးရိမ်တာပေါ့နော်။ အခုဟာက ခေါ်သွားပြီးရင် ပြန်မရတော့တာတွေဖြစ်တော့ နောက် အိမ်မှာလည်း သူတို့ မောင်နှမ အကုန်လုံးကပါသွားတော့ သူ့အမေကြီးတယောက်ပဲရှိတယ် ။ သူ့အမေကြီးကတော့ မင်္ဂလာဒုံဈေးထဲမှာ ဈေးရောင်းနေတယ် ၊ အဘွားကြီးကတော့ ဘာမှ မလုပ်တတ်ဘူးပေါ့နော် ကလေး ၃ ယောက်လုံး ပါသွားတာဆိုတော့ အမေက အရှုးမီးဝိုင်းဖြစ်နေတယ်။ ကားပေါ်က ၂ ယောက်က အခု သတင်းပျောက်သလိုဖြစ်နေလို့လေ။ စည်သူဖြိုးရယ် ၊ နောက်ပြီးတော့ ရှိုင်းရတနာဖြိုးရယ် ၊ သူ့နာမည်ကတော့မနေဇာခြည်ရှိုင်းပေါ့နော် သူတို့ တမိသားစုလုံးပေါ့နော် မောင်နှမ ၃ ယောက် ။ ဟိုရှေ့နေတွေကို လိုက်နေတာပေါ့နော် လိုက်တော့ သတင်းရတာကတော့ လှိုင်သာယာ စစ်ကြောရေးမှာလို့ ကြားတယ် ၃ ယောက်စလုံး။

အလားတူ သောကြာနေ့ တရက်ထဲမှာပဲ (၁၀)မိုင်ဈေးမှာ CNN သတင်းထောက် Clarissa Ward နဲ့ အင်တာဗျူး ပြောဆိုမိသူ (၂)ဦးကိုလည်း အရပ်ဝတ်ထောက်လှမ်းရေးတွေက ဆွဲခေါ်ဖမ်းဆီးသွားတာကို လူမှုကွန်ယက် မီဒီယာပေါ် တွေ့ရပါတယ်။ သူတို့(၂)ဦးကို သောကြာည (၇)နာရီလောက်မှာ ပြန်လွတ်လာတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် VOA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

CNN သတင်းထောက် မြန်မာနိုင်ငံကို ရောက်ရှိနေချိန်အတွင်း ရန်ကုန်မြို့က ဂန္ဓမာ Wholesale ကုန်တိုက်နဲ့ Ruby Mart မီးလောင်ကျွမ်းခဲ့ပြီး အဲဒီနေရာတွေကို သတင်းယူဖို့ အာဏာပိုင်တွေက CNN သတင်းထောက်ကို လိုက်ပြခဲ့ပါတယ်။ CNN သတင်းထောက် အနေနဲ့ မြန်မာနိုင်ငံ လွတ်လပ်စွာ သတင်းယူခွင့် ရှိရဲ့လားဆိုတာကို လေ့လာသူတချို့က များစွာ သံသယရှိနေကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် သေဆုံးရသူ (၅၅၀)လောက်ရှိပြီး အဖမ်းဆီးခံရသူပေါင်း (၂၇၅၀)ကျော် ရှိနေပြီလို့ AAPP ခေါ်နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ မှတ်တမ်းမှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်


........


(Unicode)











XS
SM
MD
LG