(Zawgyi/Unicode)
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် Facebook အပါအဝင် အင်တာနက်အသုံးပြုမှုတွေကို ကန့်သတ်ပိတ်ပင်လာတဲ့ မြန်မာနိုင်ငံမှာ သောကြာနေ့ ညပိုင်းကစလို့ တွစ်တာနဲ့ instagram လူမှုကွန်ယက်တွေကိုလည်း ပိတ်ပင်လိုက်ပါတယ်။
နောက်ထပ် ညွှန်ကြားချက် မရမချင်း အဲဒီ လူမှုကွန်ယက်တွေကို ပိတ်ဆို့ထားဖို့ အာဏာပိုင်တွေက ညွှန်ကြားထားတယ်လို့ တယ်လီနော ကုမ္ပဏီက Reuters သတင်းကို ပြောပါတယ်။
ဗုဒ္ဓဟူးနေ့တုန်းက အာဏာပိုင်တွေက Facebook ကိုပိတ်ပင်ခဲ့တဲ့အတွက် အများပြည်သူက တွစ်တာလူမှုကွန်ယက်ကို ပြောင်းပြီးအသုံး ပြုလာချိန်မှာ အခုလို ပိတ်ပင်လိုက်တာပါ။
အာဏာသိမ်းတာကို ဆန့်ကျင် ကန့်ကွက်တဲ့ ပြည်သူတွေက တွစ်တာစာမျက်နှာပေါ်မှာ စစ်တပ်အာဏာသိမ်းတာနဲ့ပတ်သက်လို့ သန်းနဲ့ချီတဲ့ ဖော်ပြချက်တွေကို hashtag # နဲ့ တွဲပြီး အာဏာသိမ်း အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို လုပ်ဆောင်ခဲ့နေကြတာပါ။
အစောပိုင်း Facebook ကို ပိတ်ခဲ့တုန်းက VPN စနစ်နဲ့ အသုံးပြုခဲ့သူ တချို့ရှိပါတယ်။ဒါပေမဲ့ တွစ်တာစာမျက်နှာကိုသောကြာနေ့ ညပိုင်း ၁၀ နာရီလောက်မှာ VPN နဲ့ တောင်အသုံးပြုလို့ မရတော့ဘူးလို့ တချို့က ပြောပါတယ်။
ကမ္ဘာတဝှမ်း အင်တာနက် အသုံးပြုမှု စောင့်ကြည့်ရေးအဖွဲ့ NetBlocks ကလည်း မြန်မာနိုင်ငံမှာ အင်တာနက် ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေက တွစ်တာကို ကန့်သတ်လိုက်ပြီလို့ ပြောပါတယ်။
Facebook ရဲ့ Whatsapp လို တခြား အက်ပလီကေးရှင်းတွေ အသုံးပြုတာတွေမှာလည်း နှောက်ယှက်မှုတွေ ရှိနေ တယ်လို့ NetBlocks က အတည်ပြုပြောကြားထားပါတယ်။
Facebook ကုမ္ပဏီ ပြောခွင့်ရက instagram လူမှုကွန်ယက်ကို အပိတ်ခံရကြောင်း အတည်ပြု ပြောကြားပါတယ်။ မိသားစုတွေနဲ့ မိတ်ဆွေတွေအကြား ပြန်လည် ဆက်သွယ်နိုင်ဖို့ အဆက်အသွယ်တွေ ပြန်ဖွင့်ပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုကြောင်းလည်း သူက ပြောပါတယ်။
တွစ်တာနဲ့ အင်စတာဂရမ်ကို သုံးပြီး သတင်းမှားတွေကို ဖြန့်ဝေနေကြတာကြောင့် ပြည်သူတွေကြားနားလည်မှုလွဲမှားမှုတွေကို ဖြစ်စေတယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာန ကဖော်ပြတဲ့ စာတစောင်ကို တွေ့ရကြောင်းလည်း AFP က ပြောပါတယ်။
...............
(Unicode)