သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒလန်စွပ်စွဲပြီး အသတ်ခံရသူ ၄၀၆ ဦးရှိခဲ့ဟု စစ်ကောင်စီထုတ်ပြန်


ရန်ကုန်၊ သာကေတမြို့နယ်မှာ ဆန္ဒပြသူတဦးကို ရိုက်နှက်ဖမ်းဆီးနေတဲ့ ရဲတပ်ဖွဲ့များ။ (မေ ၆၊ ၂၀၂၁)
ရန်ကုန်၊ သာကေတမြို့နယ်မှာ ဆန္ဒပြသူတဦးကို ရိုက်နှက်ဖမ်းဆီးနေတဲ့ ရဲတပ်ဖွဲ့များ။ (မေ ၆၊ ၂၀၂၁)

(Zawgyi / Unicode)

စစ်တပ်အာဏာသိမ်းယူခဲ့တဲ့နေ့ကနေ စက်တင်ဘာလ ၂၇ ရက်နေ့အထိဆိုရင် ဒလန်လို့ စွပ်စွဲပြီး အသတ်ခံရသူ အရေအတွက် ၄၀၆ ယောက်ရှိပြီး ဒဏ်ရာရသူ ၂၈၅ ယောက်ရှိတယ်လို့ စစ်ကောင်စီက ဒီကနေ့ ထုတ်ပြန်ပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာတော့ ဒလန်/အပြစ်မဲ့ပြည်သူလို့ ဖော်ပြထားပါတယ်။

မြို့နယ် ၁၀၅ မြို့နယ်မှာ ရဲစခန်း ၁၁၆ ခု၊ ရဲကင်း ၄၆ ခု၊ ရုံး ၂၈ ခုနဲ့ အဆောက်အဦး ၅၈ လုံး ပျက်စီးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒီလုပ်ရပ်တွေကို "အကြမ်းဖက် လက်နက်ကိုင်သမားတွေရဲ့ အကြမ်းဖက်မှုတွေကြောင့်" ဆိုပြီး ပြစ်တင် ပြောဆိုထားပါတယ်။

မြို့နယ် ၃၇၂ မြို့နယ်မှာ လက်ပစ်ဗုံး/လက်လုပ်ဗုံး ပစ်ခတ်မှု၊ တွေ့ရှိမှု အကြိမ်ပေါင်း ၂,၄၆၀၊ မြို့နယ် ၁၃၄ မြို့နယ်မှာ တူမီးသေနတ်နဲ့ ပစ်ခတ်မှုဖြစ်စဉ် အကြိမ် ၃၄၀၊ မြို့နယ် ၂၆ မြို့နယ်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်မှုဖြစ်စဉ် ၃၄ ကြိမ် စသည်အားဖြင့် ဖော်ပြထားသလို လမ်းတံတား ဖျက်ဆီးမှု၊ စက်ရုံအလုပ်ရုံ၊ ကုန်တိုက်တွေ မီးရှို့ဖျက်ဆီးမှု၊ လူနေအိမ်နဲ့ တခြားပစ္စည်းတွေ မီးရှို့ဖျက်ဆီးမှု စတာတွေရဲ့ အကြိမ်အရေအတွက်တွေကိုလည်း ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းမှု ကန့်ကွက်ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲက အကြမ်းဖက် နှိမ်နင်းနေတဲ့ကြားမှာပဲ ဒီကနေ့လည်း ဒေသတချို့မှာ ဆန္ဒပြပွဲတွေ ဆက်ရှိခဲ့ပါတယ်။

မန္တလေး၊ မဟာအောင်မြေမြို့နယ်ထဲမှာ ဒီကနေ့ နေ့လယ်ပိုင်းက သံဃသမဂ္ဂ သပိတ်စစ်ကြောင်းကို စစ်တပ်က အိမ်စီးကားတွေနဲ့ ဝင်တိုက်ပြီး ပစ်ခတ်ဖြိုခွဲပြီးတော့ သံဃာတော်တချို့ အဖမ်းခံခဲ့ရတယ်လို့ ပြည်တွင်းကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

မန္တလေးမှာပဲ သမဝါယမတက္ကသိုလ် ကျောင်းသားကျောင်းသူတွေရဲ့ သပိတ်စစ်ကြောင်း ထွက်ခဲ့သလို ရွှေဘို၊ ကလေး၊ ယင်းမာပင်အရှေ့ခြမ်းနဲ့ ဆားလင်းကြီးမြောက်ခြမ်း ရွာပေါင်းစုံ၊ ထားဝယ်၊ လောင်းလုံး စတဲ့ဒေသတွေမှာ ဆန္ဒပြပွဲတွေ ရှိခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းခဲ့တဲ့နေ့ကနေ ဒီနေ့အထိဆိုရင် စစ်တပ်နဲ့ရဲက အကြမ်းဖက် ဖြိုခွဲ ဖမ်းဆီးတာကြောင့် သေဆုံးသူအရေအတွက် ၁,၁၅၄ ယောက်ရှိပြီဖြစ်ပြီး ဖမ်းဆီး အကျဉ်းချခံထားရသူပေါင်း ၇,၀၄၅ ယောက်ရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)









XS
SM
MD
LG