သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်မြို့တွင်း ညပိုင်း လုံခြုံရေးစိုးရိမ်မှု တိုးလာ


ရန်ကုန်မြို့ရှိ ရပ်ကွက်တခုက လူသူလမ်းသားတချို့။ (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၁)
ရန်ကုန်မြို့ရှိ ရပ်ကွက်တခုက လူသူလမ်းသားတချို့။ (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၁)

[Zawgyi/Unicode]

စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ညဘက် လူတွေလိုက်ဖမ်းတာ ရပ်ကွက်တွေထဲ လူစိမ်းဝင်တာတွေကြောင့် ထိတ်လန့်တကြားဖြစ်နေပြီး ကိုယ်ထူ ကိုယ်ထ လုံခြုံရေးယူနေကြတဲ့ အခြေအနေကို မစုမြတ်မွန်က တင်ပြပေးပါမယ်။

ရန်ကုန်မြို့က မြို့နယ်တချို့မှာ ခုလိုထိတ်လန့်တကြား ရုတ်ရုတ်သဲသဲဖြစ်တဲ့ အသံတွေကို အခုရက်ပိုင်းတွေမှာ ကြားနေကြရပါတယ်။ စစ်အာဏာသိမ်းထားပြီး ညမထွက်ရ အမိန့်ထုတ်ထားချိန်မှာ ရပ်ကွက်တွေထဲ လူစိမ်းတွေ ဝင်လာတာ နေရာတချို့မှာ ဖြစ်ခဲ့ပြီးနောက်ပိုင်း ကိုယ့်လမ်း၊ ကိုယ့်ရပ်ကွက်လုံခြုံရေးကို ကိုယ်ထူကိုယ်ထယူလာကြတဲ့ အခြေအနေတွေဖြစ်နေတာပါ။ စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုမှာပါသူတွေကို အာဏာပိုင်တွေ ညဘက်တွေမှာ လိုက်လံဖမ်းဆီးတာတွေကနေ ခုလို လူတွေ အထိတ်တလန့်ဖြစ်နေကြတာလို့ ဗွီအိုအေသတင်းထောက် ကိုစည်သူက ရှင်းပြပါတယ်။

ရန်ကုန်မြို့ရှိ လမ်းတခုမှာ ကိုယ်ထူကိုယ်ထ လုံခြုံရေးယူ ပြင်ဆင်နေတဲ့ မြင်ကွင်း။ (ဖေဖော်ဝါရီ ၁၄၊ ၂၀၂၁)
ရန်ကုန်မြို့ရှိ လမ်းတခုမှာ ကိုယ်ထူကိုယ်ထ လုံခြုံရေးယူ ပြင်ဆင်နေတဲ့ မြင်ကွင်း။ (ဖေဖော်ဝါရီ ၁၄၊ ၂၀၂၁)

"ဖြစ်နိုင်တာကတော့ ည ၈ နာရီဆို သံပုံးတီးတယ်။ သံပုံးတီးပြီးတော့ ၈ နာရီကနေ ည ၁၁ နာရီ ဝန်းကျင်လောက်မှာ ကြုံခဲ့တဲ့ အတွေ့အကြုံတွေအရတော့ ရပ်ကွက်တွေထဲကို လူစိမ်းလိုဟာမျိုးတွေ တွေ့တယ်။ တွေ့တော့ ဒါက အကြမ်းဖက်မှုတခုခုကို လှုံ့ဆော်ဖို့အတွက် ရောက်လာတဲ့သူတွေလို့ လူတွေက သံသယဖြစ်ပြီးတော့ အဲဒီလိုလူတွေကို လိုက်ပြီးတော့ ရှာဖွေပြီး ဖမ်းဆီးတာမျိုး အဲဒါမျိုးတချက်ရှိမယ်။ နောက်တချက်ကတော့ ရဲတပ်ဖွဲ့နဲ့ ဒီစစ်တပ်က ဒီအင်အားတွေကနေပြီးတော့ ရပ်ကွက်တွေထဲမှာ ဝင်ပြီးတော့ CDM မှာ လှုပ်ရှားတဲ့သူတွေ၊ ဒီဆန္ဒပြမှုမှာ ဦးဆောင်တဲ့သူတွေလို့ ယူဆရတဲ့သူတွေရဲ့ နေအိမ်တွေကို ဝင်ပြီးတော့ ဖမ်းဆီးတာမျိုးတွေလုပ်တယ်။ ဒါကတော့ ရန်ကုန်အပါအဝင်တခြားနယ်တွေမှာလည်း ဒါမျိုးအဖြစ်အပျက် နှစ်မျိုးလုံး ဖြစ်တယ်။ ဖြစ်တော့ ဒီရဲတွေ၊ စစ်တပ်တွေဝင်တာမျိုးကိုလည်း တားဆီးနိုင်ဖို့ကတခု၊ နောက်ခုဏကပြောတဲ့ အဖျက်အမှောင့်လုပ်ငန်း လုပ်လောက်တယ်ဆိုတဲ့လူမျိုးတွေပေါ့နော်... ရပ်ကွက်တွေထဲမှာ ညမထွက်ရအချိန်တွေမှာ ကားတွေနဲ့ လာချသွားတယ်လို့ ယူဆရတဲ့ လူမျိုးတွေပေါ့နော်... အဲဒီလိုလူမျိုးတွေရဲ့ ရန်ကို ကာကွယ်နိုင်ဖို့အတွက် ရပ်ကွက်က ပြည်သူ့ရဲ... ရဲတပ်ဖွဲ့ကို အားမကိုးတော့ဘဲနဲ့ ကိုယ်ဘာ့သာကိုယ်ထူကိုယ်ထ လုပ်မယ်ဆိုပြီးတော့ ပြည်သူတွေ ဆုံးဖြတ်ပြီးတော့ နေရာတော်တော်များများမှာလုပ်ကြတာပါ။"

ကမာရွတ်မှာ နေသူတယောက်ကလည်း သူတို့လမ်းမှာ ညတုန်းက အထိတ်တလန့်ဖြစ်တဲ့ အခြေအနေကို ခုလို ပြောပြပါတယ်။

"အားလုံးကတော့ သတိနဲ့ စောင့်ကြည့်နေရတာပေါ့။ သတိနဲ့ စောင့်ကြည့်နေတော့ မနေ့ညကလည်း ကျနော်တို့ဘက်မှာ ၉ နာရီလောက်က သံပုံးတွေ ခေါက်တော့ လမ်းထဲကလည်း အဲဒီလိုပေါ့.... အိမ်တွေကနေ ထွက်ကြတော့ ထွက်ပြီးကြည့်ရတာပေါ့။ ကိုယ့်လမ်းကိုယ်လုံခြုံရေးယူရတာပေါ့လေ။ ည ၁ နာရီ၊ ၂ နာရီလောက်ထိ တော်တော်များများက ည မအိပ်ကြပါဘူး။ အားလုံးကတော့ Standby အနေအထားဖြစ်နေကြတာကိုး။ အမှန်အတိုင်းပြောရရင်တော့ လူထုကို တော်တော်လေး နှိပ်စက်တဲ့သဘောပါပဲ။ ကျနော်တို့က ဘေးနားမှာ လက်နှိပ်ဓာတ်မီးရှာထား၊ မီးဆိုလည်း ညနေက ကျနော် လျှပ်စစ်ပစ္စည်းဆိုင်မှာ ပစ္စည်းတခုသွားဝယ်ရင်းနဲ့ လူတွေ လာပြီး လက်နှိပ်ဓာတ်မီးအကြီးကြီးတွေ လာဝယ်နေကြတာအများကြီးပဲ။ လူတွေလည်း အကုန်လုံး Alert လုပ်ပြီးတော့ သတိထားနေရတာပေါ့လေ... အားလုံးကတော့။"

အခုလို ညဘက် မလုံခြုံတဲ့ အခြေအနေတွေကြောင့် ရန်ကုန်ထဲက နေရာတော်တော်များများမှာ အခုဆို ကိုယ့်လမ်း၊ ကိုယ် လုံခြုံရေးယူတဲ့ အစီအစဉ်တွေ လုပ်နေကြပါတယ်။

"လှည်းတန်းပေါ့နော်... လှည်းတန်း၊ ကမာရွတ်နားတဝှိက်မှာတော့ ရပ်ကွက်ထဲမှာ တရက်ကို ၁၀ ယောက်နှုန်းနဲ့ လူတွေ အုပ်စုတွေခွဲပြီးတော့ duty တွေချထားတယ်။ အဲဒီလိုပေါ့နော်... ကိုယ့်လမ်းက လမ်းအဖွဲ့တွေက duty ခွဲပြီးတော့ မနေ့ညက စပြီး စောင့်တယ်။ တာမွေတို့၊ ဘာတို့မှာတော့ လမ်းကို ပိတ်လိုက်ပြီးတော့.... ဝါးကပ်နဲ့ ဂိတ်လုပ်လိုက်ပြီးတော့ ညဆိုရင်ပိတ်လိုက်တယ်။ ပိတ်ပြီးတော့ ကင်းစောင့်တာပေါ့.... အဲဒီလို လုပ်တာရှိတယ်။ ကျန်တဲ့ မြို့တွေမှာလည်း လုပ်တယ်။ သကေတလုပ်တယ်၊ သင်္ဃန်းကျွန်းမှာလည်း ရပ်ကွက်ထဲကလူတွေ ကင်းစောင့်ဖို့အတွက် လူတွေစုပြီးလုပ်တာရှိတယ်။ အစည်းအဝေးတွေ၊ ဘာတွေ ခေါ်တာပေါ့နော်။ မရမ်းကုန်းတို့၊ ဘာတို့မှာဆိုလည်း လမ်းထဲက ရပ်မိ၊ ရပ်ဖတွေက ဦးဆောင်ပြီးတော့ အစည်းအဝေးခေါ်တာရှိတယ်၊ နောက်ပြီးတော့ လူတွေ တာဝန်ခွဲပြီးတော့ပေါ့နော်.... ဘယ်နှနာရီကနေ ဘယ်နှနာရီအထိ တာဝန်ခွဲပြီးတော့ လုံခြုံရေးစောင့်ကြတာမျိုးရှိတယ်။"

အခု ဒီကနေ့ ညနေပိုင်းမှာတော့ ရန်ကုန်မြို့နေရာတချို့မှာ စစ်သံချပ်ကာယာဉ်တွေ သွားလာလှုပ်ရှားနေတာတွေ့ရသလို၊ ရပ်ကွက်လုံခြုံရေးယူတဲ့ စည်းရိုးတွေကို ဖယ်ရှားဖို့ အာဏာပိုင်တွေ ဖိအားပေးနေတာတွေလည်း ရှိနေပါတယ်။ တချို့လမ်းတွေဆိုရင် အဝင်မှာ ဝါးကပ်တွေ ကာပြီး တားတာမျိုး နေ့ဘက်အချိန်မှာ မလုပ်ဖို့ ရဲက လာပြောတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ၈၈ လူထုအုံကြွမှုတုန်းက စိုးရိမ်ထိတ်လန့်စရာ အခြေအနေတွေ

ကြုံထားဖူးတာကြောင့် လမ်းလူကြီးတွေကတော့ ကိုယ်ထူ၊ ကိုယ်ထ လုံခြုံရေးတွေ လုပ်နေကြပါတယ်။

"တညကို ဘယ်နှယောက်စောင့်မယ်တို့ ... duty assign တို့ကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့တော့ တိုင်ပင်နေကြရတာပေါ့။ နောက်လမ်းကို ပိတ်မယ်ဆိုလည်း ဘယ်လို ပိတ်မလဲပေါ့.... လမ်းတားဖို့ပေါ့လေ... လမ်းကို ပိတ်ဆို့ပြီးတော့ လမ်းကို ဟိုဘက်ဂိတ်၊ ဒီဘက်ဂိတ် ကင်းချတယ်။ ကျနော်တို့ ၁၉၈၈ ပုံစံမျိုးပါပဲ။ လမ်းကို ကင်းချပြီးတော့ ဟိုဘက်ဂိတ်၊ ဒီဘက်ဂိတ်ကနေပြီးတော့ ဘယ်လို ဆက်သွယ်မလဲ၊ ဘာညာဆိုတာတော့ တိုင်ပင်ရတာပေါ့။ လူစိမ်းဝင်လာရင်ပြောဖို့... ညလုံခြုံရေးကိုတော့ အခုလောလောဆယ် အဲဒီလိုပဲ စီမံထားရသေးတယ်။"

ခုလို ကိုယ့်လမ်းလုံခြုံရေးအတွက် ကိုယ်တိုင်ယူနေကြပေမဲ့ လမ်းထဲဝင်လာတဲ့ သူတွေကို ဘယ်လိုကိုင်တွယ် ဆောင်ရွက်မှာလဲဆိုတဲ့ စည်းကမ်းမျိုးတော့ စနစ်တကျ မရှိတာမို့ ခြေလွန်လက်လွန် မဖြစ်အောင်သတိထားဖို့ တချို့ကလည်း သတိပေးနေကြပါတယ်။ မြန်မာနိုင်ငံမှာ အကျဉ်းသား ၂၀,၀၀၀ ကျော်ကို စစ်အာဏာသိမ်းယူပြီးနောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တာမို့ လုံခြုံရေးပိုင်း စိုးရိမ်မှုတွေပိုကြီးနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]



ရန်ကုန်မြို့ရှိ လမ်းတခုမှာ ကိုယ်ထူကိုယ်ထ လုံခြုံရေးယူ ပြင်ဆင်နေတဲ့ မြင်ကွင်း။ (ဖေဖော်ဝါရီ ၁၄၊ ၂၀၂၁)
ရန်ကုန်မြို့ရှိ လမ်းတခုမှာ ကိုယ်ထူကိုယ်ထ လုံခြုံရေးယူ ပြင်ဆင်နေတဲ့ မြင်ကွင်း။ (ဖေဖော်ဝါရီ ၁၄၊ ၂၀၂၁)











XS
SM
MD
LG