သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ် စုံစမ်းစစ်ဆေးရေးခုံရုံးအပေါ် လူ့အခွင့်အရေးအဖွဲ့တွေ သံသယရှိ


၂၀၁၃ မေလတုန်းက စစ်တွေမြို့အတွင်း တပ်မတော်သားများလုံခြုံရေးယူနေစဉ်
၂၀၁၃ မေလတုန်းက စစ်တွေမြို့အတွင်း တပ်မတော်သားများလုံခြုံရေးယူနေစဉ်

(Zawgyi/Unicode)

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနဲ့ပတ်သက်လို့ မြန်မာစစ်တပ်ခုံရုံးက စစ်ဆေးအရေးယူမယ့်ကိစ္စဟာ အနှစ်သာရကင်းမဲ့ပြီး ယုံကြည်လို့မရကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်လိုက်ပါတယ်။

ICOE လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာမှာပါတဲ့ ရခိုင်ပြည်နယ်တွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ စစ်ခုံရုံးက စုံးစမ်းစစ်ဆေးဆောင်ရွက်သွားမယ်လို့ မနေ့ သောကြာနေ့က မြန်မာစစ်တပ်ရဲ့ ထုတ်ပြန်ချက်အပေါ်မှာ အခုလို တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံတင်ပြမှာပါ။

ICOE ရဲ့အပြီးသတ်အစီရင်ခံစာမှာပါတဲ့ ပြစ်မှုကျူးလွန်မှုတွေနဲ့ပတ်သက်လို့ မြန်မာစစ်တပ်က စုံစမ်းစစ်ဆေး အရေးယူမယ့်အကြောင်း ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့တာနဲ့ ပတ်သက်လို့ အယုံအကြည်မရှိကြောင်း ဗြိတိန်အခြေစိုက် Burma Campaign UK အဖွဲ့ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး Mark Farmaner က ဗွီအိုအေကို အခုလိုပြောပါတယ်။

“မြန်မာစစ်တပ်ကနေ ခုံးရုံးဖွဲ့စစ်ဆေးပါမယ်ဆိုတဲ့ ကတိကို ထပ်ပေးပြန်ပါပြီ။ ဒါပေမယ့် အဲဒီ စစ်ခုံရုံးက လျှို့ဝှက် စစ်ဆေးတာဖြစ်ပါတယ်။ တရားစွဲ အပြစ်ပေးခံရသူအားလုံးနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ကျနော်တို့ ဘယ်တော့မှ တိတိကျကျမသိရပါဘူး။ ဘယ်ပုဒ်မတွေနဲ့ ထောင်ဒဏ်ဘယ်လောက်ထိ အရေးယူသလဲ၊ ဒီလူတွေဟာ တကယ်ပဲ ထောင်ဒဏ်အပြစ်ပေးခံရသလား စတာတွေ ကျနော်တို့ ဘယ်တော့မှ မသိရပါဘူး။”

ဒါအပြင် အဓိကစစ်ခေါင်းဆောင်တွေအနေနဲ့ တာဝန်အပြည့်ယူသင့်တယ်လို့ မြင်ကြောင်း Mark Farmaner ကအခုလိုပြောပါတယ်။

“အောက်ခြေ စစ်သားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ လူတွေအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု တပုံစံတည်း ကျူးလွန်အောင် စေခိုင်းခဲ့တယ်ဆိုရင် ဒီလုပ်ရပ်တွေနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် အခြား အဆင့်မြင့် စစ်တပ်အရာရှိ မှန်သမျှ တာဝန်ယူတာမျိုးမရှိပါဘူး။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ စစ်တပ်မှာ အဓိက အမိန့်ပေးသူဖြစ်ပါတယ်။ အခု သူ့လက်အောက်ခံ စစ်သားတွေ ကျူးလွန်ခဲ့တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၄ မှုအတွက် ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ဘာကြောင့်ပုဂ္ဂိုလ်ရေးအရ တာဝန်မယူရသလဲ။ အခုချိန်ထိတွေ့နေရတာက- မြေပြင်မှာ လက်တွေ့ တာဝန်ထမ်းဆောင်နေတဲ့ စစ်သားတွေကိုပဲ ကြားဓါးစာခံအနေနဲ့ ပြစ်ဒဏ်ပေး နေပြီး အထက်အရာရှိတွေကတော့ သူတို့ ရာထူးနေရာတွေမှာ ဆက်ပြီးရှိနေဆဲဖြစ်ပါတယ်။

မေး။ ။ အခု မြန်မာစစ်တပ်ရဲ့ ထုတ်ပြန်ချက်ကိုကြည့်ရင် ICJ နိုင်ငံတကာတရားရုံးမှာ မြန်မာနိုင်ငံအနေနဲ့ လူမျိုးုတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမှုရင်ဆိုင်နေရတဲ့ အခြေအနေကြောင့် ရောဖြစ်နိုင်သလားရှင့်။

ဖြေ။ ။ ICJ ကိစ္စကြောင့် မြန်မာအစိုးရအနေနဲ့ သူတို့ရဲ့ စုံစမ်းမှုတွေမှာ ခိုင်မာမှုတချို့ရှိရမယ်ဆိုတဲ့ ရလာဒ်ထွက်လာတာဖြစ်ပါတယ်။ စစ်ရာဇဝတ်ကျူးလွန်မှု ရှိခဲ့တယ်ဆိုတာမျိုး ထုတ်ဖေါ်ပြောဆိုလာရတာဖြစ်ပါတယ်။ ICJ တရားရုံး မရောက်ခင်အချိန်ထိ မြန်မာအစိုးရက ရခိုင်ပြည်နယ်မှာ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေနဲ့ပတ်သက်လို့ လုံးဝကို ငြင်းပယ်ခဲ့တာပါ။ ICJ က အမှုဟာ မြန်မာအစိုးရအနေနဲ့ တစုံတရာကိုတော့ ဝန်ခံရတော့မယ်ဆိုတဲ့အခြေအနေကို သဘောပေါက် စေခဲ့ပါတယ်။”

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို အသိအမှတ်ပြုလက်ခံခြင်းမရှိပါဘူး။

မြန်မာစစ်တပ်အနေနဲ့ ကိုယ်တိုင် ကျူးလွန်ခဲ့တဲ့ ပြစ်မှုကို ကိုယ့်ဘာသာကိုယ် စုံစမ်းစစ်ဆေးတဲ့ ကိစ္စမှာ ပွင့်လင်းမြင်သာမှုမရှိတဲ့အတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေလိုအပ်နေကြောင်း AI နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးရဲ့ အာရှပစိဖိတ်ဆိုင်ရာ တာဝန်ခံ Francisco Bencosme က ဗွီအိုအေကိုပြောပါတယ်။

“တကယ့်အနှစ်သာရ ကင်းမဲ့ပြီးတော့ ဒီလုပ်ရပ်ကြောင့် ရိုဟင်ဂျာတွေနဲ့ အခြား လူနည်းစု တိုင်းရင်းသားတွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် လွတ်လပ်ပြီး ဘက်လိုက်မှုကင်းတဲ့ စုံစမ်းစစ်ဆေးမှု လိုအပ်နေတယ်ဆိုတာ ထပ်ပြီး မီးမှောင်ထိုးပြနေပါတယ်။ အင်းဒင်ရွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို သူတို့စုံစမ်းစစ်ဆေး အရေးယူပြီးပြီလို့ ဖေါ်ပြထားပါတယ်။ ဒါဟာ လိမ်ညာတာပါ။ ကျူးလွန်ခဲ့သူတွေကို ထောင်ဒဏ်ချမှတ်တယ်ဆိုပေမယ့် သူတို့ကို ပြန်လွှတ်ပေးခဲ့သလို၊ ဘယ်လို အရေးယူအပြစ်ပေးသလဲဆိုတာလည်း ပွင့်လင်းမြင်သာမှု မရှိခဲ့ပါဘူး။”

ရခိုင်ပြည်နယ်ပဋိပက္ခနဲ့ပတ်သက်လို့ စုံစမ်းခဲ့တဲ့ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် ICOE အစီရင်ခံစာအရ အစုအပြုံလိုက် သတ်ဖြတ်မှုတွေ ရှိခဲ့တယ်လို့ ဖော်ပြထားတဲ့ မောင်နုရွာနဲ့ ချွတ်ပြင်ရွာက သတ်ဖြတ်မှုတွေကိစ္စတွေကို စစ်ခုံရုံးနဲ့ စုံစမ်းစစ်ဆေးသွားမယ်လို့ မြန်မာစစ်တပ်က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အင်းဒင်ရွာဖြစ်စဉ်နဲ့ ပတ်သက်လို့ အရေးယူဆောင်ရွက်ခဲ့ပြီဖြစ်တယ်လို့လဲ ဖော်ပြ ထားသလို ဂူတာပြင်ဖြစ်စဉ်နဲ့ ပတ်သက်လို့ အရေးယူဆောင်ရွက်စဲဖြစ်ပြီး စစ်တရားရုံးရဲ့ စစ်ဆေးဆောင်ရွက်မှုကို မကြာခင် သတင်းထုတ်ပြန်သွားမယ်လို့လဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်


...........


(Unicode)














XS
SM
MD
LG