သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်က အာဏာသိမ်းမယ်ဆိုတဲ့ ပြောဆိုမှုတွေအပေါ် မြန်မာလူထုရဲ့ တုံ့ပြန်မှုများ


မှတ်တမ်းဓါတ်ပုံ- ၂၀၁၉ မတ်လ ၂၇ ရက်က ကျင်းပခဲ့တဲ့ ၇၄နှစ်မြောက် တပ်မတော်နေ့
မှတ်တမ်းဓါတ်ပုံ- ၂၀၁၉ မတ်လ ၂၇ ရက်က ကျင်းပခဲ့တဲ့ ၇၄နှစ်မြောက် တပ်မတော်နေ့

(Zawgyi/Unicode)
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှာလားဆိုပြီး ဒီရက်ပိုင်းထဲ ကောလဟလ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ် လာနေတဲ့အပေါ် နယ်ပယ်အသီးသီးက ထင်ရှားသူ တချို့နဲ့ ဒေသအသီးသီးက ပြည်သူတချို့တို့ရဲ့ တုံ့ပြန်သံတွေကို ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

လက်ရှိနိုင်ငံရေး တင်းမာမှုတွေအရ စစ်တပ်က အာဏာသိမ်းခဲ့မယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကိုယ်တိုင် ချိုးဖေါက်ရာ ရောက်လိမ့်မယ်လို့ ပြောလာသူက ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူ ကိုဂျင်မီပါ။

“ဟိုနေ့က ကာကွယ်ရေးဦးစီးချုပ်ရဲ့ စကားတွေပေါ် မူတည်ပြီးတော့ တပ်မတော်က အာဏာသိမ်းမယ်ဆိုတဲ့ အသံတွေ ထွက်လာတဲ့သဘောပါပဲ။ ဒါပေမဲ့ တကယ် သိမ်းတာမသိမ်းတာက သူတို့ကိစ္စပေါ့ဗျာ ၊ သိမ်းချင်လည်း သိမ်းနိုင်တာပေါ့။ တကယ်တော့ အရေးပေါ် စီမံချက်ကို ကိုင်တွယ်တဲ့အခါမှာ တပ်က ဘယ်လိုအာဏာလွှဲပြောင်းယူရမယ်ဆိုတဲ့ လုပ်ထုံးလုပ်နည်းက သူတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါပြီးသားဗျ။ အဲဒီတော့ အဲဒီလိုပါထားပြီးသားဟာကို အဲဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျော်လွန်ပြီးတော့ လုပ်ချင်တယ်ဆိုလည်း လုပ်ပေါ့ဗျာ။ ဒါဆိုရင်တော့ သူတို့ ဖွဲ့စည်းပုံဥပဒေလည်း ပျက်ပြီးသား ဖြစ်သွားတာပေါ့။ နောက်တခုကကျတော့ စစ်တပ်က အာဏာသိမ်းလိုက်လို့ ကောင်းကျိုးတခါမှ မဖြစ်ခဲ့ဖူးဘူး ဆိုးကျိုးတွေချည်းပဲ။ တိုင်းပြည်မှာ သွေးထွက်သံယိုမှုတွေ ဖြစ်မယ်၊ စီးပွားရေးတွေ အကုန်ထိခိုက်မယ် စသဖြင့်ပေါ့ .. တိုင်းပြည်မှာ စစ်တပ်က အာဏာသိမ်းတိုင်း အဲဒီလို ဖြစ်တာချည်းပဲ။ အဲဒီတော့ ကိုယ့်အာဏာ ကိုယ့်အကျိုးစီးပွားကို ကြည့်မလား၊ နိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ကြည့်မလားဆိုတာပဲ သူတို့ ဆုံးဖြတ်ကြပေါ့ဗျာ။ ကျနော်တို့ကတော့ ဒီမိုကရေစီဘက်က အမြဲတမ်း ရပ်တည်ပြီးတော့ ပြည်သူလူထုနဲ့အတူ ဒီမိုကရေစီကို ကာကွယ်သွားမှာဖြစ်တယ်။ အထူးသဖြင့် ဟောသည်လို ရွေးကောက်ပွဲကို အကြောင်းပြုပြီး အာဏာသိမ်းမယ်ဆိုရင် ပြည်သူတွေရဲ့တုန့်ပြန်မှုက ပိုပြီးတော့တောင်ဆိုးလိမ့်မယ်။”

နိုင်ငံကျော် ကဗျာဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)ကတော့ ပြည်သူတွေ မဲပေး ရွေးချယ်လိုက်တဲ့ ရလဒ်ကို အသိအမှတ် ပြုဖို့လိုတယ်လို့ ထောက်ပြပါတယ်။

“ဘယ်လို ပြောရမလဲ ၊ အရှုံးကို လက်ခံရဲတဲ့သတ္တိ မရှိတော့ .. ကျနော်တို့ ပြည်သူတွေ တခဲနက် ထောက်ခံထားတဲ့ ပြည်သူ့အစိုးရကို အလိုမရှိတဲ့သူတွေက လုပ်မိလုပ်ရာတွေ စွပ်ပြီးတော့ မှားမှားယွင်းယွင်းတွေ လုပ်နေတယ်လို့ပဲ ယုံကြည်ပါတယ်။ နောက်တခုကဗျာ သေချာတာက ပြည်သူ့ရဲ့ဆုံးဖြတ်ချက် ပြည်သူ့ရဲ့အင်အားကို ဘယ်လောက်ကြီးမားတဲ့ အခြားအရာကမှ မလွှမ်းမိုးနိုင်ဘူး .. ကျနော်က အဲလိုပဲ ယုံကြည်မိတယ်။ တခုပဲဗျ အရင်တုန်းက အာဏာသိမ်းခဲ့တဲ့ ခေတ်ကာလတွေနဲ့ အခုခေတ်ကာလက မတူတော့ဘူးဗျ ၊ နောက်ပြီး အရင်တုန်းက ပြည်သူတွေနဲ့ အခုပြည်သူတွေရဲ့ နိုင်ငံရေး ရေချိန်ကလည်း ဘယ်လိုမှ နှိုင်းယှဉ်လို့ မရတော့ဘူး။ အဲဒီအတွက် သူတို့ အော်နေတာတွေက အလကားပဲလို့ ကျနော့်စိတ်ထဲမှာ ထင်တယ်။”

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတိုင်း ဆိုးကျိုးရလဒ်တွေသာ ဖြစ်ပေါ်စေခဲ့တယ်လို့ ပြောသူက ရုပ်ရှင်ဒါရိုက်တာ အကယ်ဒမီ ဝိုင်း ဖြစ်ပါတယ်။

“ ဒီ အာဏာသိမ်းမယ်ဆိုတဲ့ အပေါ်မှာတော့ ပြည်သူအများစုက အနည်းနဲ့အများတော့ စိုးရိမ်ပူပန်မှုရှိတာ အမှန်ပဲလေ။ နောက်တချက်က ဘာလဲဆိုတော့ ကျနော်တို့က ကပ်ရောဂါကို ရင်ဆိုင်နေရတယ်။ ဒီရောဂါနဲ့ နပန်းလုံးပြီး စီးပွားရေးက ကျနေတဲ့အချိန်ဖြစ်တယ်။ ပြီးတော့လည်း ကပ်ရောဂါကြောင့် လူတွေက အလုပ်မရှိပဲ စီးပွားရေးကလည်း တော်တော် ကြပ်တည်းနေတာချိန်မှာ ဒီလို အာဏာသိမ်းမယ် ဘာမယ်ဆိုတော့ လူတွေရဲ့စိုးရိမ်ပူပန်မှုကို ပိုမြင့်တက်သွားစေတာပေါ့။ ဒါမျိုးက မကောင်းဘူးလေ။ အာဏာသိမ်းတဲ့ အကျိုးဆက်က ၁၉၆၂ ခုနှစ် ကတည်းက ခုချိန်ထိ ကောင်းတဲ့အကျိုးဆက်ကို တခုမှ ခံစားခဲ့ရတာမရှိဘူး။ အချမ်းသာဆုံး တိုင်းပြည်အဖြစ်ကနေ အဆင်းရဲဆုံးတိုင်းပြည် ဖြစ်သွားတယ်ဆိုတာက သာဓကပေါ့နော်။ ပြီးတော့ မဲပေးထားတဲ့ ကျနော်တို့ပြည်သူ အများစုရဲ့ဆန္ဒကလည်း ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက ရှင်းနေပြီးသားပဲ။ ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို အားလုံးက ယုံယုံကြည်ကြည်နဲ့ မဲပေးခဲ့ကြတယ်။ ဒီပြည်သူ့ဆန္ဒကိုလည်း အလေးထားဖို့ လိုတယ်။”

ရှမ်းပြည်နယ်က စိုင်းမျိုးဇင် ကတော့ စစ်တပ်က အာဏာသိမ်းမယ်ဆိုတဲ့ သတင်းဟာ ခြိမ်းခြောက်ရုံသပ်သပ်သာ ဖြစ်တယ်လို့ မြင်ပါတယ်။

“ အခုအနေအထားကတော့ အာဏာသိမ်းမှု ဖြစ်နိုင်ဖွယ် သိပ်မရှိဘူးလို့ ကျနော်မြင်တယ်လေ။ ဘာကြောင့်လဲဆိုတော့ သူတို့ ပြောထားတဲ့ ရွေးကောက်ပွဲ မဲမသမာမှုပေါ့နော် ၊ အဲဒီကိစ္စကို အစိုးရအနေနဲ့ တပ်မတော်ပေါ် ညှိနှိုင်းမှု ရှိလာအောင်ပေါ့နော် ... တပ်အနေနဲ့ ခြိမ်းခြောက်ရုံလေး လုပ်နေတဲ့ အနေအထားလို့ ကျနော်မြင်ပါတယ်။”

ရန်ကုန်မြို့က အိမ်ရှင်မ မသင်းသူဇာကျော်ကတော့ အာဏာသိမ်းမယ်ဆိုတာကို အထိတ်တလန့်ကြီး ဖြစ်မနေကြဘူးလို့ ပြောပါတယ်။

“အခုတလော သတင်း အရမ်းထွက်နေတာက အာဏာသိမ်းမယ်ဆိုတဲ့ဟာပေါ့ ။ အဲလို အာဏာသိမ်းမယ်ဆိုတာကို မဖြစ်နိုင်ဘူး ဆိုတာလည်း သိနေသလို၊ တဖက်မှာ စိုးရိမ်စိတ်ကလည်း လူတွေမှာ ရှိနေတယ်။ ဒါပေမယ့် ဟိုလိုမျိုးကြီး ဆန်ဆီဆား စုမယ်တို့ .. အဲလို ရုတ်ရုတ်သဲသဲကြီးနဲ့ ဟိုဟာပြေးဝယ် ဒီလိုတော့ ဖြစ်မနေကြဘူး။ ကိုဗစ် ဖြစ်ခါစတုန်းက ဟိုဟာပြေးဝယ်ရတာနဲ့ ဒီဟာ ပြေးဝယ်ရတာနဲ့ ဖြစ်သေးတယ်။ အခု အဲလို လုံးဝမဖြစ်ဘူး။”

မန္တလေးမြို့က စီးပွားရေးလုပ်ငန်းရှင် ဦးမောင်မောင်မြင့်ကတော့ အားလုံးရဲ့ ကောင်းကျိုးစီးပွားအတွက် သက်ဆိုင်တဲ့ တာဝန်ရှိသူတွေ တွေ့ဆုံ ဆွေးနွေး ဖြေရှင်း စေချင်တယ်လို့ တိုက်တွန်းပါတယ်။

“ အရင်တုန်းက စစ်တပ်- စစ်အစိုးရက နှစ်ပေါင်းများစွာ စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်လိုက်တဲ့အခါမှာ တိုင်းပြည်က အကုန်လုံး ဘုန်းဘုန်းလဲပြိုကျသွားတဲ့ကိစ္စတွေ အားလုံး သိထားပြီးသားပဲဗျာ။ အဲဒီတော့ ကျနော်တို့က စီးပွားရေးသမားတွေ ၊ သာမန် အရပ်သားတွေအနေနဲ့ ပြောရမယ်ဆိုရင် အဲဒီလို ပြန်ဖြစ်သွားမှာကို စိုးရိမ်တာပါ။ စစ်တပ်က အာဏာသိမ်းလိုက်ရင် စီးပွားရေးမှာ စစ်တပ်နဲ့အပေါင်းအပါ လူတစုပဲ အကျိုးစီးပွားဖြစ်ထွန်းပြီးတော့ ကြီးပွားသွားကြတာပဲ များတာကိုး။ ကျန်တဲ့ လူအများစုကြီးကတော့ ဒုက္ခရောက်ကြတာ များတယ်လေ။ အဲဒီလို အဖြစ်မျိုးကို မလိုလားတဲ့အတွက် စစ်တပ်က အာဏာသိမ်းတာတို့ စစ်အာဏာရှင်စနစ် ကျင့်သုံးမှာတို့ကိုတော့ ကျနော်တို့က မကြိုက်ပါဘူး။ အဲဒီလို သတင်းတွေ ကြားရတဲ့အခါ အင်မတန် စိတ်ပူရပါတယ်။ အဲဒီတော့ NLD အစိုးရရော ၊ လက်နက်ကိုင်တွေရော ၊ ငြိမ်းချမ်းရေး အဖွဲ့အစည်းတွေရော သူတို့အားလုံး စားပွဲဝိုင်းမှာ တိုင်ပင်ညှိနှိုင်းပြီးတော့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရင် ကောင်းမယ် ထင်ပါတယ်။”

လက်ရှိမှာတော့ နေပြည်တော် အဝင်အထွက် အဝေးပြေးလမ်းမပေါ်က အဓိကကျတဲ့ နေရာတွေမှာ စစ်ဆေးရေးဂိတ်တွေနဲ့ လုံခြုံရေး တင်းကြပ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်


............


(Unicode)














XS
SM
MD
LG