သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မတော် ရိက္ခာတင်မော်တော်ယာဉ် ဖာပွန်မြို့နယ်မှာ တိုက်ခိုက်ခံရ


မှတ်တမ်းဓါတ်ပုံ - ၂၀၁၆ တုန်းက တပ်မတော်ယာဉ်တမ်းကို ကရင်ပြည်နယ်မှာ တွေ့ရစဉ်
မှတ်တမ်းဓါတ်ပုံ - ၂၀၁၆ တုန်းက တပ်မတော်ယာဉ်တမ်းကို ကရင်ပြည်နယ်မှာ တွေ့ရစဉ်

[Zawgyi/Unicode]

မြန်မာစစ်တပ်နဲ့ KNU ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံတပ်တွေကြား စစ်ရေးတင်းမာနေတဲ့ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်မှာ တပ်မတော်ရိက္ခာတင်ယာဉ် တိုက်ခိုက်ခံခဲ့ရပါတယ်။ တိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ နှစ် ယောက်လည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က ပြောပြပေးပါမယ်။

မြန်မာအစိုးရ တပ်မတော်နဲ့ NCA အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ KNU ကရင်အမျိုးသားအစည်းအရုံးလက်အောက်ခံတပ်မဟာ ၅ ဖာပွန်ခရိုင်တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့အကြားစစ်ရေးတင်းမာနေချိန်မှာပဲ ဒီတပတ်အစောပိုင်းက တိုက်ခိုက်မှုဖြစ်ခဲ့တာပါ။

တနလာၤနေ့တုန်းက ဖာပွန်မြို့နယ်ဘက်မှာ တပ်စခန်းတွေအတွက် ရိက္ခာတင်ပို့တဲ့ မော်တော်ကား ဆွဲမိုင်းနဲ့ တိုက်ခိုက်ခံရတယ်လို့ ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေးကော်မီတီ JMCS အဖွဲ့ဝင် နော်မေလာထူးကပြောပါတယ်။

“ခေါပုတ်ဘက်က။ ကားလမ်းဖောက်တဲ့နေရာ။ စစ်စခန်းရှိတဲ့နေရာ။ တပ်မတော်တွေကျတော့ သူတို့ရိက္ခာပို့လေ။ ရိက္ခာပို့ဖို့က မလွယ်ဘူး။ KNU တပ်မဟာ သူတို့က ခွင့်မပြုဘူးပေါ့နော်။ ကားမနေ့ကမှ သွားလိုက်တော့ အဲဒီမှာ ထိသွားတယ်လေ။ ဆွဲမိုင်း သူတို့ဆွဲမိုင်းထိသွားတယ်လေ။ နှစ်ယောက်ဒဏ်ရာရတယ်။”

ဖာပွန်ခရိုင်တပ်မဟာ ၅ ဒေသဘက်မှာ တပ်မတော်ကနေ ညှိနှိုင်းမှု မရှိဘဲ သွားလာနေလို့ ပစ်ခတ်မှုတွေဖြစ်ပွါးနေကြောင်း KNU ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ပဒိုစောတဒိုမှူးကပြောပါတယ်။

“ရှိနေပါတယ်အခု။ ပြောချင်တာကတော့ ကျနော်တို့ ညှိနှိုင်းလုပ်ဆောင်မှု မရှိဘဲနဲ့ သွားလာနေတာနဲ့ ပတ်သက်ရင်တော့ ထိတွေ့မှုတော့ ရှိနေကြတာပဲလေနော်။”

ဖာပွန်မြို့နယ်ဘက်မှာ တိုက်ပွဲဖြစ်ပွါးနေတဲ့ အခြေအနေကို သိရှိဖို့ တပ်မတော်ပြောခွင့်ရကိုဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။

တပ်မတော်အနေနဲ့က ဒေသဖွံ့ဖြိုးရေးစီမံချက်နဲ့ လမ်းဖောက်တာလို့ ပြောဆိုနေသလို ဒေသခံ KNU တပ်ဖွဲ့တွေအနေနဲ့ကတော့ စစ်ဗျူဟာအရ လက်နက် တပ်အင်အားတိုးချဲ့လှုပ်ရှားဖို့အတွက် လမ်းဖောက်တာလို့ ပြောဆိုနေကြတာပါ။

ဒီနှစ်ဆန်းပိုင်းကစပြီးတပ်မတော်နဲ့ KNU တပ်မဟာ ၅ တပ်မဟာ ၃ တို့တိုက်ပွဲတွေကြောင့် ဖာပွန်နဲ့ ပဲခူးတိုင်းကျောက်ကြီးမြို့နယ်က ဒေသခံ ၅,၀၀၀ ခန့် စစ်ဘေးတိမ်းရှောင်နေရပါတယ်။

ဒီစစ်ရှောင်တွေအတွက် ရိက္ခာအကူညီပေးရေးအတွက် တိုက်ပွဲဖြစ်ပွါးနေဆဲမို့ လုံခြုံရေးအခြေအနေအရ မသွားရောက်နိုင်သေးဘူးလို့ ဖာပွန်မြို့နယ် ကရင်လူငယ်အဖွဲ့စောကျော်လင်းဦးကပြောပါတယ်။

“အောက်ခြေပစ်ခတ်မှုလေးတွေကတော့ နေ့တိုင်းလိုလိုတော့ ရှိတာပေါ့။ လောလောဆယ်အခြေအနေက ဖာပွန်ရော ကျောက်ကြီးပါ ပေါင်းရင်တော့ ၅,၀၀၀ ကျော် ပြီးပေါ့နော်။ ရိက္ခာကတော့ပြတ်လတ်နေပြီး။ ရိက္ခာပို့ဖို့ကလည်း လမ်းကြောင်းတွေ ညှိနေတာ ခုထိ။ ညှိနေတုန်းပဲ ရှိသေးတယ်။”

စစ်ရှောင်အများစုဟာ တောတောင်တွင်းနဲ့ နီးစပ်ရာကျေးရွာတွေမှာ တိမ်းရှောင်နေကြရပါတယ်။

မြန်မာနိုင်ငံမှာလည်း ဖေဖော်ဝါရီ ၁ ရက်နေ့ တနလာၤနေ့မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတရုံးက အမိန့် ကြေညာစာ အမှတ် ၁/၂၀၂၁ နဲ့ နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာခဲ့ပြီး နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး တရားစီရင် ရေးလုပ်ငန်းတွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အာဏာလွှဲပြောင်းလိုက်ကြောင်းကြေညာခဲ့ပါတယ်။

တပ်မတော်ကနေ နိုင်ငံတော်အာဏာ သိမ်းပိုက်လိုက်တာဟာ ဖော်ဆောင်နေဆဲငြိမ်းချမ်းရေးလမ်းကြောင်း ဆုတ်ယုတ်သွားတယ်လို့ မြင်ကြောင်း KNU ကရင်အမျိုးသားအစည်းအရုံးအထွေထွေအတွင်းရေးမှူး ပဒိုစောတဒိုမှူးကပြောပါတယ်။

“NCA လမ်းကြောင်းဆိုတာ ကျနော်တို့ နိုင်ငံကိုတဖြေးဖြေး ပြုပြင်ပြောင်းလဲသွားဖို့ ဖြစ်တာကိုး။ ဆိုတော့ အဲဒီလမ်းကြောင်းထဲက နေပြီးတော့ တရားဝင်မှု တခုအနေနဲ့ကတော့ ဆုတ်ယုတ်သွားတဲ့သဘောဖြစ်သွားတာပေါ့နော်။ ကျနော်တို့ နိုင်ငံရေးဆွေးနွေးပွဲအတွက်ကျတော့ ကြီးမားတဲ့ အနှောင့်ယှက်ဖြစ်သွားတာပေါ့။ အဆိုးဘက်ကိုပဲ ဦးတည်နေတာကိုး။ ကျနော်တို့ ပြည်တွင်းမှာရော နိုင်ငံတကာတွေနဲ့ရော ကျနော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာရော အကုန်လုံးကတော့ နောက်ပြန်ဆုတ်တယ်လို့ ပြောလို့ရတာပေါ့နော်။”

တပ်မတော်ကနေ အာဏာသိမ်းတဲ့လုပ်ရပ်အပေါ် နိုင်ငံရေးပြဿနာကို အင်အားသုံး ဖြေရှင်းတဲ့ လုပ်ရပ်အဖြစ် ကန့်ကွက်ကြောင်း NCA အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ကနေ မနေ့ကကြေညာချက်ထုတ်ပြန်ထားပါတယ်။

အခုလိုတပ်မတော်ကနေ အရေးပေါ်အခြေအနေ ကြေညာပြီး အာဏာသိမ်းလာတဲ့အပေါ် ကုလသမဂ္ဂနဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းကတော့ ပြစ်တင်ပြောဆိုနေကြသလို ဖမ်းဆီးထားတဲ့သူတွေ ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်


[Unicode Version]


















XS
SM
MD
LG