သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အစိုးရ အပေါ် IRI စစ်တမ်းတွေ့ရှိချက် အဆိုးအကောင်းရော


NLD အရပ်သား အစိုးရ တက်လာပြီး ၁ နှစ် ကျော် ကာလအတွင်း လုပ်ဆောင်ချက်တွေ အပေါ် အမေရိကန် IRI အဖွဲ့ က လူမှုစစ်တမ်းကောက်ယူရရှိလာတဲ့ ရလဒ်တွေဟာ အရင်ဦးသိန်းစိန် အစိုးရ လက်ထက်နဲ့ နှိုင်းယှဉ်ရင် ကွာခြားမှု သိပ်မရှိတာ တွေ့ရလို့ အစိုးရသစ်အပေါ် မြန်မာပြည်သူလူထုက ထင်သလောက် အားရမှုမရှိဘူးလို့ ဖြေဆိုနေကြပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ မအိသန့်စင် က စုစည်း တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အရပ်သားအစိုးရ တက်လာပြီး တစ်နှစ်ကျော် ကာလအတွင်း NLD အစိုးရရဲ့ လုပ်ဆောင်ချက်အပေါ် လူမှုစစ်တမ်း ကောက်ယူရရှိတဲ့ ရလဒ်တွေကို ဦးသိန်းစိန် အစိုးရအပေါ် အမြင်တွေနဲ့ နှိုင်းယှဉ်တဲ့အခါ ကွာခြားမှု သိပ်မရှိတာ တွေ့ရသလို အစိုးရသစ ်အပေါ် မြန်မာပြည်သူတွေက ထင်သလောက် အားရမှု မရှိဘူးလို့ ဖြေကြားသူတွေလည်း ရှိပါတယ်။

အမေရိကန် အခြေစိုက် နိုင်ငံတကာ ရီပါဘလစ်ကန် အင်စတီကျု IRI ရဲ့မြန်မာနိုင်ငံဆိုင်ရာ စာရင်းစစ် ကောက်ယူရေးအဖွဲ့က မတ် လ ၉ ရက်နေ့က ဧပြီလ ၁ ရက်နေ့အထိ ကောက်ယူခဲ့တဲ့ လူမှုစစ်တမ်းအရ ဖြေဆိုသူ ၃၀၀၀ ရဲ့၇၅ ရာခိုင်နှုန်းက မြန်မာနိုင်ငံက လမ်းမှန်ကို ဦးတည်နေတယ်လို့ ယူဆကြပါတယ်။ ၂၀၁၄ ခုနှစ် ဦးသိန်းစိန် အစိုးရအပေါ် ကျေနပ်မှု လူမှုစစ်တမ်းနဲ့ နှိုင်းယှဉ်ရင် ၂၀၁၄ ခုနှစ်တုန်းက ၈၈ ရာခိုင်နှုန်းသော ဖြေဆိုသူတွေက မြန်မာနိုင်ငံ လမ်းမှန်ကို ဦးတည်နေတယ်လို့ ယူဆခဲ့ကြတာပါ။

ဦးသိန်းစိန်အစိုးရ လက်ထက်မှာ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ကြုံနေရသေးပေမယ့်လည်း ထုတ်ဝေမှုဆိုင်ရာ ဆင်ဆာတင်ရမှု ဖျက်သိမ်းပေးတာတွေ၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးမှုအပြင် အင်တာနက်ဝန်ဆောင်မှု ပိုမိုလွယ်ကူလာမှုတွေကြောင့် အရင် စစ်အစိုးရ လက်ထက်ကထက်စာရင် ပိုတိုးတက်ပြီး မြန်မာပြည် လမ်းမှန်ကို ဦးတည်နေတယ်လို့ ပိုယူဆကြဟန် ပေါ်ပါတယ်။ ၂၀၁၄ ခုနှစ် စစ်တမ်းအရ ဖြေဆိုသူ ၇၃ ရာခိုင်နှုန်းက စီးပွားရေး အခြေအနေ တိုးတက်လာတယ်လို့ ယူဆပေမယ့် အခု စစ်တမ်းမှာတော့ ၅၃ ရာခိုင်နှုန်းကပဲ စီးပွားရေး အတော်အသင့် အဆင်ပြေတယ်လို့ ဖြေကြားကြတာပါ။

လက်ရှိ အစိုးရအပေါ် အားရမှုရှိလားဆိုတဲ့ မေးခွန်းကို ဖြေကြားရာမှာတော့ ၂၀၁၄ ခုနှစ်တုန်းက ဖြေဆိုသူ ၆၉ ရာခိုင်နှုန်းက အားရတယ်လို့ ပြောပြီး အခုစစ်တမ်းမှာတော့ အားရသူ ၅၈ ရာခိုင်နှုန်းထိ လျော့ကျလာတာကို တွေ့ရပါတယ်။

ဒီစစ်တမ်းရလဒ်ကို မသိရခင ်ကတည်းက နိုင်ငံရဲ့ စီးပွားရေးကသာ အရေးအကြီးဆုံး ဖြစ်တယ်ဆိုတဲ့ အကြောင်းကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပဋိပက္ခတွေ ငြိမ်းအောင်လုပ်ဖို့ က နံပတ် ၁ ဆောင်ရွက်ရမယ့် ကိစ္စဖြစ်ကြောင်းလည်း ပြောပါတယ်။

“အစိုးရတက်စ ပထမနှစ်မှာ ငြိမ်းချမ်းရေးဖြစ်စဉ်၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ထိပ်ဆုံးက အလေးထား ဆောင်ရွက်ပါတယ်။ စီးပွားရေးက အဓိက အရေးကြီးတယ်ဆ ိုတာကို မငြင်းလိုပေမယ့် ထိပ်ဆုံးက အရေးပါတာတော့ မဟုတ်ပါဘူး။ အရေးအကြီးဆုံးက ငြိမ်းချမ်းရေးပါ။ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရဖို့ ဆောင်ရွက်ရမှာပါ။”

ဒီလို ရလဒ်တွေကို နှိုင်းယှဉ်ရာမှာ ဒေါ်အောင်ဆန်းစုကြည် အစိုးရထက် ဦးသိန်းစိန် အစိုးရကို ပိုသဘောကျဖွယ် ကိန်းဂဏန်းတွေ အပေါ် အံ့သြကြတဲ့ လေ့လာသူတွေလည်း ရှိကြပါတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ NLD အစိုးရ အပြတ်အသတ် အနိုင်ရပြီးတဲ့နောက် အပြောင်းအလဲတွေ ချက်ချင်းတွေ့လိုတဲ့ ပြည်သူတွေက ဆန္ဒစောနေတာကြောင့် ၁ နှစ်ဆိုတဲ့ ကာလအတွင်း အပြောင်းအလဲတွေ အပေါ် ပြည်သူတွေက အားမရနိုင်တာကြောင့် စစ်တမ်းမှာ ဒီလိုရလဒ်တွေ တွေ့ရတာ ဖြစ်နိုင်တယ်လို့ စောင့်ကြည့်လေ့လာသူ တချို့က ယူဆကြပါတယ်။

ဒီလူထုစစ်တမ်းရဲ့ မေးခွန်းတွေမှာ လူမှုစီးပွားရေးဆိုင်ရာ၊ သတင်းမီဒီယာ ဆိုင်ရာ၊ ဒေသတွင်း ဥပဒေစိုးမိုးရေး၊ သယံဇာတ ကိုင်တွယ် ထိန်းသိမ်းမှုအပြင် လွှတ်တော်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေနဲ့ ဆိုင်တဲ့ မေးခွန်းတွေ ပါဝင်တယ်လို့ IRI ရဲ့ ဒေသဆိုင်ရာ အကြီးအကဲ Darin Bielecki က ပြောပါတယ်။

“နိုင်ငံတစ်ဝှမ်း ပြည်သူ ၃ ထောင်ရဲ့ အဖြေတွေကို ရယူထားတာဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် အစိုးရဟာ လူ့အခွင့်အရေးဆိုင်ရာနဲ့ တိုင်းရင်းသားအရေးတို့နဲ့ ပတ်သက်ပြီးလည်း ဝေဖန်မှုတွေ ခံနေရတာဖြစ်ပါတယ်။ လူမှုစစ်တမ်းဖြေဆိုသူ အများစု ၆၀ ရာခိုင်နှုန်းက စီးပွားရေး တိုးတက်မှုကသာ အရေးကြီးဆုံး ဖြစ်တယ်လို့ ဖြေဆိုကြပါတယ်။

အရင်နှစ်ကထက် စာရင် ဒီမိုကရေစီရေး အရ နိုင်ငံပိုတိုးတက်လာတယ်လို့ ထင်လားဆိုတဲ့မေးခွန်းကိုတော့ ဖြေဆိုသူ ထက်ဝက်ကျော်က ပိုတိုးတက်လာတယ်လို့ မြင်ပြီး ၃၁ ရာခိုင်နှုန်းက မပြောင်းလဲပါလို့ ဖြေကြပါတယ်။ ၈ ရာခိုင်နှုန်းကတော့ ပိုဆိုးလာတယ်လို့ မြင်ကြတာပါ။ ဖြေဆိုသူအားလုံးရဲ့ ၃ ပုံ ၁ ပုံက အများရှေ့မှာ နိုင်ငံရေး ဆွေးနွေးဖို့ မစိုးရွံ့တော့ဘူးလို့ ဖြေကြပါတယ်။

၁၇ လ သာ သက်တမ်းရှိသေးတဲ့ NLD အစိုးရအနေနဲ့ ဆယ်စုနှစ်တွေနဲ့ချီ စစ်အစိုးရလက်အောက်က စတင်ခဲ့တဲ့ ပြဿနာတွေအားလုံးကို ဖြေရှင်းနိုင်ဖို့ အချိန်ယူရမှာ ဖြစ်ပါတယ်။ စစ်တမ်းအရ ဖြေဆိုသူ ၃ ပုံ ၁ ပုံ ကျော်ဟာ လက်ရှိအစိုးရအနေနဲ့ ဒီနှစ်မကုန်ခင် ကောင်းမွန်တဲ့ ပြောင်းလဲမှုကြီးတွေကို မျှော်လင့်နေကြောင်း ဖြေဆိုထားပါတယ်။ လွှတ်တော်ရေးရာနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တွေအပေါ် တိုးတက်မှုကို မျှော်လင့်ကြပေမယ့် ပြည်သူတွေကြား တိုးတက်မှု အလိုလားဆုံး ကတော့ စီးပွားရေးကဏ္ဍ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG