သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အစိုးရလက်ထက် နောက်ဆုံးအကြိမ်ကျင်းပမယ့် ၂၁ရာစု ပင်လုံညီလာခံအရေး ညှိနှိုင်းဆဲ


၂၁ရာစုပင်လုံစတုတ္ထအစည်းအဝေး ကျင်းပနိုင်ရေး အတွက် အစိုးရနဲ့ NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဇွန်လ ၂၃ ရက် က တွေ့ဆုံဆွေးနွေး (ဓါတ်ပုံ-Hla Maung Shwe)
၂၁ရာစုပင်လုံစတုတ္ထအစည်းအဝေး ကျင်းပနိုင်ရေး အတွက် အစိုးရနဲ့ NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဇွန်လ ၂၃ ရက် က တွေ့ဆုံဆွေးနွေး (ဓါတ်ပုံ-Hla Maung Shwe)

(Zawgyi/Unicode)

နိုဝင်ဘာ ရွေးကောက်ပွဲမတိုင်ခင် ငြိမ်းချမ်းရေး ပင်လုံညီလာခံ ကျင်းပနိုင်ရေး NLD အစိုးရက ပြင်ဆင်နေပါတယ်။ NCA အပစ်ရပ်စာချုပ် လက်တွေ့ အကောင်အထည်ဖေါ်ရေး နဲ့ လက်နက်ကိုင်တပ်တွေကြား လုံခြုံဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး ကိစ္စ နှစ်ဘက် အကြိတ်အနယ် ဆွေးနွေးနေရဆဲရှိနေတာပါ။

ဒါကြောင့် အခု လာမယ့် သြဂုတ်လမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံစတုတ္ထအစည်းအဝေး ကျင်းပနိုင်ရေးနဲ့ ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း၃ကို ချုပ်ဆိုနိုင်ရေး အတွက် အစိုးရနဲ့ NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဇွန်လ ၂၃ ရက် အင်္ဂါနေ့က ရန်ကုန်မှာ ဆွေးနွေးခဲ့ကြပါတယ်။

ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုမိုးဇော် က သတင်းပေးပို့ထားပါတယ်။

၃ရက်ကြာကျင်းပမယ့် ဒီဆွေးနွေးပွဲကို ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာ ဇွန်လ ၂၃ရက်နေ့မှာ စတင်ကျင်းပတာဖြစ်ပြီး အစိုးရကိုယ်စားလှယ်ဘက်က NRPC ဒုဥက္ကဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ဦးဆောင်တက်ခဲ့သလို တိုင်းရင်းသားလက်နက်ကိုင်ဘက်ကတော့ ဗိုလ်မှူးကြီး စိုင်းငင်း ဦးဆောင် တက်ရောက်ခဲ့ကြတာပါ။

ဆွေးနွေးပွဲမှာ အဓိက ဆွေးနွေးတဲ့အချက်တွေကိုတော့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဒုဥက္ကဌ ဦးခွန်မြင့်ထွန်းက အခုလို ပြောပါတယ်။

“ အဓိကကတော့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ မှာ ထည့်သွင်းချုပ်ဆိုဖို့ အချက်တွေကို ကျနော်တို့ အဓိက ထားဆွေးနွေးကြတာ။ အစိုးရဘက်ကလည်း သူတို့ ပြင်ဆင်ထားတဲ့ဟာ သူတို့ အဆိုပြုချက်ပေါ့။ အဲဒါကို သူတို့ဘက်က တင်ပြတယ်။ ကျနော်တို့ကလည်း ကျနော်တို့ဘက်က အဆိုပြုချက်။ သူ့ဘက်က ကိုယ်ဘက် အဆိုပြုချက်မှာ သဘောထားပြန်ဖလှယ်ကြတယ်။ အဲဒီအဆင့်ပဲ ဒါပေမဲ့ အပြီးသတ် ကျနော်တို့ ဆွေးနွေးဆုံးဖြတ်တာမျိုးတော့ မလုပ်နိုင်သေးဘူး။”

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃မှာ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် သဘောတူညီချက်၊ ၂၀၂၀ အလွန် အဆင့်လိုက် ရှေ့လုပ်ငန်းစဉ်နဲ့ အဆင့်လိုက် အကောင်အထည်ဖော်မှုနဲ့ အခြေခံမူ သဘောတူညီချက် စတဲ့အချက်တွေ ပါဝင်တာဖြစ်ပါတယ်။

ဒီဆွေးနွေးချက်တွေထဲမှာ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးကိစ္စရပ်တွေလည်း ပါဝင်ကြောင်း ဦးခွန်မြင့်ထွန်းက ဆက်ပြောပါတယ်။

“ တချို့သော အချက်တွေကတော့ အရင်ကလည်း ဆွေးနွေးခဲ့တာပေါ့။ ဥပမာ ပြောရရင်တော့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းဆိုတဲ့ ကိစ္စရပ်မျိုးအပေါ်မှာ သူ့ဘက် နားလည်ချက် ကိုယ့်ဘက် နားလည်ချက် ဒါတွေဆိုရင်တော့ ကျနော်တို့က ဆက်ပြီးတော့မှ ဒီထဲမှာပဲ အဖြေမထွက် ထွက်အောင် ဆွေးနွေးတာမျိုး ထက်ကို သူ့ဘက်နားလည်ချက် ကိုယ်ဘက်နားလည်ချက်ကို ပြန်ပြီးတော့မှ အပြန်အလှန် ဆွေးနွေးကြတာမျိုးပေါ့။”

လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းမှုဟာ ၂၀၂၀အလွန် အစဉ်လိုက်လုပ်ငန်းစဉ်မှာ ပါဝင်ပြီး ဒါကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်တွေနဲ့ အညီ လုပ်ဆောင်သွားရမှာဖြစ်ကြောင်း ပြောပါတယ်။

ဒီကနေ့ ဆွေးနွေးတဲ့အချက်တွေကို ၂၄ရက်နေ့မှာ နှစ်ဘက်အဖွဲ့အစည်းတွေအတွင်း သီးခြားစီ ပြန်လည်ဆွေး နွေးကြမှာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးကော်မရှင်ရဲ့အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက ၂၅ရက်နေ့မှာတော့ ၂ဘက်အဖွဲ့အစည်းတွေ ပြန်လည်တွေ့ဆုံဆွေးနွေးမှာဖြစ်သလို UPDJC ခေါ် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေကို ဖိတ်ကြားဖို့ ညှိနှိုင်းနေကြောင်း ပြောပါတယ်။

“၂၅ရက်နေ့ မနက်မှာတော့ ကျနော်တို့ အားလုံး ပြန်ဆုံပြီးတော့ အဲဒါတွေကို ဆွေးနွေးမယ်။ အဲတော့ ဆွေးနွေးတာကတော့ ညီလာခံ မတိုင်ခင်အထိတော့လည်း ဆွေးနွေးဖို့ အကြမ်းဖျဉ်း အချက်တွေ လျာထားမှုတွေတော့ ရှိပါတယ်။ ပြီးရင်တော့ ၂၅ရက်နေ့ ညနေမှာလည်း UPDJC နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေကို ဖိတ်ကြားပြီးတော့ ညှိနှိုင်းမှုတွေ လုပ်ဖို့တော့ အခု ၂ဘက် ပြောနေကြတယ်ပေါ့လေ။”

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးကို ၂၀၁၈ခုနှစ် ဇူလိုင်လမှာ နောက်ဆုံး ကျင်းပခဲ့တာဖြစ်ပါတယ်။

NCA အပစ်ရပ်စာချုပ်မှာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို တစ်နှစ်မှာ နှစ်ကြိမ် ကျင်းပဖို့ သဘောတူထားပေမယ့် ၂၁ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးနောက်မှာ ထပ်မံ ကျင်းပနိုင်တာ မရှိခဲ့ပါဘူး။

ဒီလို မကျင်းပနိုင်တာ လုံခြုံရေးကဏ္ဍက တပ်မတော်တစ်ခုတည်းဖြစ်ရေးနဲ့ နိုင်ငံရေးကဏ္ဍမှာ ပြည်ထောင်စုက ခွဲမထွက်ရေးဆိုတဲ့ အချက်တွေအပေါ်မှာ မညှိနှိုင်းနိုင်ခဲ့တာကြောင့် ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

............


(Unicode)

















XS
SM
MD
LG