သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရသစ်လက်ထက် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပြန်စနိုင်ရေးအလားအလာ


အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ NCA-S EAO ကိုယ်စားလှယ်အဖွဲ့ တို့ရဲ့ ညှိနှိုင်းအစည်းအဝေးပွဲကို ရန်ကုန်မြို့ရှိ NRPC ရုံးမှာ ကျင်းပတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - ဇွန် ၂၅၊ ၂၀၂၀ - Hla Maung Shwe's Facebook)
အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ NCA-S EAO ကိုယ်စားလှယ်အဖွဲ့ တို့ရဲ့ ညှိနှိုင်းအစည်းအဝေးပွဲကို ရန်ကုန်မြို့ရှိ NRPC ရုံးမှာ ကျင်းပတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - ဇွန် ၂၅၊ ၂၀၂၀ - Hla Maung Shwe's Facebook)

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲနောက်ပိုင်း ထွက်ပေါ်လာမယ့် အစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပြန်လည်စတင်နိုင်မယ့် အခြေအနေနဲ့ အလားအလာတွေကို တင်ပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပြန်လည်စတင်နိုင်ရေးအတွက် တနိုင်ငံလုံး အပစ်ရပ်စာချုပ် NCA လက်မှတ် ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ ၁၀ဖွဲ့ရဲ့ PPST ခေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ အစည်းအဝေးကို ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ထိုင်းနိုင်ငံ ချင်းမိုင်မှာဆွေးနွေးဖို့ ရှိနေပြီး အစိုးရဘက်ကတော့ ဒီအစည်းအဝေးအပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်လည် စတင်နိုင်ဖို့ မျှော်လင့်ထားတာပါ။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်လည်စတင်နိုင်မယ့်အခြေအနေကို ငြိမ်းချမ်းရေးကော်မရှင်က အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက VOA ကို ပြောပါတယ်။

“EAO တွေဘက်မှာတော့ မနက်ဖြန်မှာ လက်မှတ်ရေးထိုး ထားတဲ့ EAO ၁၀ဖွဲ့ရဲ့ PPST အစည်းအဝေးတွေ စမယ်လို့တော့ နားလည်ရတယ်။ အဲဒါပြီးရင်တော့ ဒီဇင်ဘာလဆန်း လောက်မှာတော့ ၁၀ဖွဲ့ဘက်က လူတွေနဲ့ အလွတ်သဘော ဆွေးနွေးပွဲတွေကနေ ပြန်စနိုင်မယ်လို့ ကျနော်တို့ မျှော်လင့်တယ်။ ဒုတိယကတော့ လက်မှတ် မထိုးရသေးတဲ့ သူတွေနဲ့လည်း ဒီ COVID ကြောင့် ဆိုင်းငံ့ထားရတာတွေဟာ ဒီဇင်ဘာလဆန်းလောက်မှ ပြန်ပြီး စနိုင်မယ်လို့ ထင်တယ်ပေါ့လေ။”

ရွေးကောက်ပွဲအလွန် အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဦးဆောင်အကောင်အထည် ဖော်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ ငြိမ်းချမ်းရေးကော်မရှင် PC ကို အသစ်ပြန်လည်ဖွဲ့စည်းနိုင်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဒီလို ပြန်လည်ဖွဲ့စည်းရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် သက်ရောက်နိုင်မလား ဆိုတာကိုတော့ ဦးလှမောင်ရွှေက အခုလို ပြောပါတယ်။

“ ဒါကတော့ ကျနော်တို့နဲ့ လက်လှမ်းမမှီပါဘူး။ အဲတော့ စုဖွဲ့မှုဆိုတာကတော့ ၅နှစ်တာ ဆောင်ရွက်ခဲ့တဲ့ အပေါ်မှာ ငြိမ်းချမ်းရေးကော်မရှင်တို့၊ NRPC တို့ စုဖွဲ့မှုကို ဆုံးဖြတ်မှာကတော့ သက်ဆိုင်တဲ့ ခေါင်းဆောင်တွေ က ဆုံးဖြတ်မှာပါ။ ဒါပေမဲ့ ဘယ်လိုပဲ စုဖွဲ့မှုတွေ ရှိပါစေ လမ်းကြောင်းကတော့ NCA လမ်းကြောင်းပေါ့။ ပြီးတော့လည်း ကျနော်တို့ လုပ်ငန်းစဉ်ကလည်း Union Accord Part 3 မှာ သဘောတူထားတာတွေ ဆက်ပြီးတော့ အကောင်အထည်ဖော်ရမယ့် လုပ်ငန်းစဉ်တွေ ဖြစ်တယ်ပေါ့လေ။”

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က အမြင်ကိုတော့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်ရဲ့ ဒုဥက္ကဌ ဦးခွန်မြင့်ထွန်းက အခုလို ပြောပါတယ်။

“ ကျနော်တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်စနိုင်ဖို့ကတော့ ကျနော်တို့ ဒီကနေ့ နိုင်ငံရေးအခြေအနေ အခင်းအကျင်းနဲ့လည်း ဆိုင်ပါတယ်။ အခု NLD ကပဲ ပြန်ပြီးတော့ အနိုင်ရတဲ့သဘော၊ အစိုးရဖွဲ့မယ့် သဘောရှိပါတယ်။ ကျနောတို့က နဂိုရ် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃မှာ သဘောတူညီခဲ့တဲ့အတိုင်း နိုင်ငံရေးလုပ်ငန်းစဉ်တွေဆက်သွားနိုင်ဖို့ကတော့ အပြောင်းအလဲ ကြီးကြီးမားမား ရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျနော်တို့ အနေနဲ့ကတော့ နှစ်ဘက် ဆွေးနွေးပြီး သင့်တင့်တဲ့အချိန်မှာ ပြန်စနိုင်ဖို့ ကျနော်တို့လည်း ပြင်ဆင်နေပါတယ်။ မနက်ဖန်ဆိုရင်ဒါ PPST ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ အစည်းအဝေးရှိပါတယ်။ ဒီအစည်းအဝေး ဆုံးဖြတ်ချက်အရ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ”

၂၅ရက်နေ့မှာ ကျင်းပမဲ့ PPST အစည်းအဝေးမှာ လက်နက်ကိုင်အဖွဲ့ ၁၀ဖွဲ့က ရွေးကောက်ပွဲအလွန် နိုင်ငံရေး အခြေအနေ၊ နောက်ဖြစ်ပေါ်လာမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအနေ တွေကို သုံးသပ်မှာ ဖြစ်သလို ၂၁ရာစုပင်လုံနဲ့ NCA လက်မှတ်ထိုးပြီး ဆောင်ရွက်ခဲ့တာတွေ ကို ပြန်လည်သုံးသပ်ဖွယ်ရှိနေပါတယ်။

ရှေဆက်မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဖြစ်လာနိုင်ခြေရှိတဲ့ စိန်ခေါ်ချက်နဲ့ပတ်သက်လို့ ဦးခွန်မြင့်ထွန်း အခုလို ဆက်ပြောပါတယ်။

“ ကျနော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာကတော့ ကျနော်တို့ လက်ရှိလုပ်ငန်းစဉ်အတိုင်းကို သွားနိုင်ဖို့၊ အထူး အားဖြင့်တော့ အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့များနဲ့ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ ပြီးရင် နိုင်ငံရေးပါတီများ ကြားမှာရောပေါ့၊ ပြီးရင် ကျနော်တို့ NCA လက်မှတ် မရေးထိုးသေးတဲ့ ညီနောင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးပါဝင်ပြီးတော့မှ ပြည်ထောင်စု ထူထောင်နိုင်ရေး ကတော့ အဓိက ကျနော်တို့ ဖြစ်ပါလိမ့်မယ်။ ဒါကလည်းပဲ ကျနော်တို့ အချင်းချင်းကြားမှာ ညှိနှိုင်း ဆွေးနွေးပြီးတော့ ဒီကနေ့ အခြေအနေများအရ ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့လည်း ယုံကြည်ထားပါတယ်။”

လောလောဆည်မှာတော့ တရုတ်မြန်မာနယ်စပ်အခြေစိုက် UWSA ဝ၊ NDAAမိုင်းလား၊ SSPP ရှမ်း၊ KIA ကချင်၊ TNLA တအန်း(ပလောင်)၊ MNDAA ကိုးကန့်၊ AA ရခိုင် စတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ NCA မှာ ပါဝင် လက်မှတ် မရေးထိုးသေးသလို KIA ကချင် အပါအဝင်ဖြစ်တဲ့ မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့ကတော့ Bilateral ခေါ် နှစ်ဘက် အပစ်ရပ်စာချုပ် ချုပ်ဆိုရေးအတွက် ဆွေးနွေးနေဆဲဖြစ်ပါတယ်။

အစိုးရဘက်က ဒီဇင်ဘာလဆန်းမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ ပြန်လည်ဆွေးနွေးနိုင်ဖို့ မျှော်လင့်ထားပေမဲ့ ကိုဗစ်ကပ်ရောဂါ အခြေအနေအရ မြန်မာပြည်တွင်းမှာ ဆွေးနွေးဖို့ ဒါမှမဟုတ် တရုတ်ပြည်မှာ ဆွေးနွေးဖို့ဆိုတာ ဖြစ်နိုင်တဲ့အခြေအနေတော့ မရှိသေးပါဘူး။

ဒီလို အခြေအနေတွေ ရှိနေပေမဲ့ အစိုးရတပ်မတော်နဲ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ AA အဖွဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရွေးကောက်ပွဲကျင်းပဖို့ ကမ်းလှမ်းတာနဲ့ တပ်မတော်ဘက်က ဒီကမ်းလှမ်းချက်ကို ကြိုဆိုကြောင်း ထုတ်ပြန်ပြီးတဲ့နောက်မှာ ရွေးကောက်ပွဲအတွက် နှစ်ဘက် ပူးပေါင်းဆောင်ရွက်ရင်း NCA လက်မှတ်မထိုးသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်လည် လမ်းပွင့်လာမယ်လို့ နိုင်ငံရေး အကဲခတ်တွေက သုံးသပ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်


...........


(Unicode)
















XS
SM
MD
LG