သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲအလွန် UWSA နိုင်ငံရေး


UWSA နှစ်ပတ်လည်အခမ်းအနားမြင်ကွင်း(ဧပြီလ၁၇၊၂ဝ၁၉ )
UWSA နှစ်ပတ်လည်အခမ်းအနားမြင်ကွင်း(ဧပြီလ၁၇၊၂ဝ၁၉ )

{{Zawgyi/Unicode}}

အင်အားကြီး လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ UWSA ခေါ် ဝလက်နက်ကိုင်အဖွဲ့အနေနဲ့ ရွေးကောက်ပွဲ အလွန်ကာလမှာ မြန်မာပြည်ရဲ့ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်လာနိုင်မယ့် အလားအလာတွေကို ဗွီအိုအေသတင်းထောက် ကိုမိုးဇော် က တင်ပြထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ထားတဲ့ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှာ မြို့နယ် ၆မြို့နယ်ရှိပြီး UWSA ခေါ် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် က အထူးဒေသ ၂အဖြစ် ဖွဲ့စည်းထားတဲ့ မြို့နယ် ၄မြို့နယ်ကို ထိန်းချုပ်ထားသလို ၂၀၁၀က စတင်လို့ ရွေးကောက်ပွဲ ၃ကြိမ်လုံး ကျင်းပနိုင်တာ မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ တနင်္လာနေ့က UWSAရဲ့ အကြီးအကဲ၊ အထူးဒေသ ၂၊ ဝပြည်နယ်အစိုးရအဖွဲ့ ဥက္ကဌ ဦးပေါက်ယူချမ်းက ရွေးကောက်ပွဲမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနိုင်ရခဲ့တဲ့အပေါ် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ UWSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက သဝဏ်လွှာပေးပို့တာဟာ နိုင်ငံတော်နဲ့ ငြိမ်းချမ်းရေးအကျိုးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ဖြစ်ကြောင်း VOA ကို အခုလို ပြောပါတယ်။

“ အရင်ကတည်းက ကျနော်တို့ ထုတ်ပြန်ချက်တွေရှိပါတယ်။ ကျနော်တို့ ဒီ တက်လာတဲ့ အစိုးရကော၊ တပ်မတော်အပါအဝင်ပေါ့ ကျနော်တို့ ဒီ နိုင်ငံအကျိုးအတွက်၊ ငြိမ်းချမ်းရေး အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ဒီ ပူးပေါင်းဆောင်ရွက်ဖို့ ကျနော်တို့ စိတ်ဆန္ဒရှိပါတယ်ပေါ့ နော်။ ”

အင်္ဂါနေ့ကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က တြိဂံတိုင်းစစ်ဌာနချုပ်၊ မိုင်းဆတ်တပ်နယ်မှာ UWSA ဝအဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA မှာ ပါဝင်ရေးအတွက် တိုက်တွန်းခဲ့ပါတယ်။

ဒီတိုက်တွန်းချက်နဲ့ပတ်သက်ပြီး UWSA ဘက်က သဘောထားကို ဦးညီရမ်းက အခုလို ပြောပါတယ်။

“ ဒီတိုက်တွန်းမှုက အခုမှ မဟုတ်ပါဘူး။ အရင်တုံးကလည်း ဒီလိုပဲ တိုက်တွန်းနေကျပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး၊ NCA နဲ့ ပတ်သက်ပြီးမှတော့ အားလုံးသိကြတဲ့အတိုင်း ကျနော်တို့ကတော့ ထုတ်ပြန်ချက်တွေလည်း ထုတ်ပြန်ခဲ့ပြီးသားပဲလေ။ ကျနော်တို့ ဒီ NCA ကို ကန့်ကွက်တာလည်း မဟုတ်ပါဘူး။ ရှေ့ဆက် ဒီလုပ်ငန်းစဉ်တွေပေါ့နော်။ ကျနော်တို့ ဌာနချုပ်နဲ့ ပိုမိုပြီးမှ ဆွေးနွေးမှုတွေ လိုပါသေးတယ်လို့ပဲ ကျနော် ဖြေကြားချင်ပါတယ်။”

UWSA ဟာ တရုတ်နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ဖွဲ့ပါဝင်တဲ့ FPNCC ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီမှာ ဦးဆောင်ပါဝင်နေပြီး NCAမှာ အားလုံးပါဝင်ရေးကို လိုလားကြောင်း ထုတ်ပြန်ထားတာပါ။

ဝအမျိုးသားပါတီ ဥက္ကဌ ဦးစိုင်းပေါင်းနပ်က UWSA အဖွဲ့အနေနဲ့ မြန်မာပြည်နိုင်ငံရေးနဲ့ ခပ်ကင်းကင်းဖြစ်နေတဲ့ အခြေအနေကို ပြောင်းလဲပြီး NCA မှာ ပါဝင်ရေးအတွက်ဆိုရင် ရင်းနှီးတဲ့ ဆက်ဆံရေးလိုအပ်ကြောင်း သုံးသပ်ပါတယ်။

“ ရင်းရင်းနှီးနှီး ထဲထဲဝင်ဝင် နီးနီးကပ်ကပ် ဆွေးနွေးကြမယ်ဆိုရင်တော့ အောင်မြင်တွေ များလာလိမ့်မယ်လို့ ကျနော် အဲလိုပဲ သုံးသပ်တယ်။ ဝတိုင်းရင်းသားတွေနဲ့ သီးခြားတွေ့ဆုံဆွေးနွေးမှုက ပိုပြီးတော့ ရည်မှန်းချက်ဆီကို တွန်းပို့လိမ့်မယ်လို့ ကျနော်က အဲလို သုံးသပ်တယ်။ ဘာဖြစ်လို့ ဒီလို ပြောချင်သလဲဆိုတော့ ဝ တိုင်းရင်းသားလူမျိုးများက မြန်မာပြည် လွတ်လပ်ရေးမှာတော့ ပါဝင်ခဲ့ပေမဲ့ လွတ်လပ်ရေးနောက်ပိုင်းမှာ သီးခြားရပ်တည်တဲ့ သဘောမျိုး ရှိလာတော့ အတွင်းသဏ္ဍာန်ကို အဖက်ဖက်က သိရှိမှု၊ နားလည်မှု၊ သိမြင်မှု အားနည်းနေလို့ အဲလိုဖြစ်နေရတယ်လို့ ကျနော်သုံးသပ်ပါတယ်။”

UWSA ခေါင်းဆောင်တွေကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ပန်ဆန်းကို လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ထားပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က UWSA အဖွဲ့ NCA လုပ်ငန်းစဉ်မှာ မပါဝင်တာဟာ FPNCC မှာ ပါဝင်တဲ့ AA ရခိုင်တပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ပြီး စစ်ရေးအရှိန်မလျှော့ချနိုင်တာနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ Bilateral ခေါ် နှစ်ဘက်အပစ်ရပ်စာချုပ် မချုပ်ဆိုနိုင်သေးတာကြောင့်လို့ သုံးသပ်ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရွေးကောက်ပွဲကျင်းပဖို့ AAက ကမ်းလှမ်းတာကို တပ်မတော်က ကြိုဆိုခဲ့တဲ့အခြေအနေကြောင့် ဒီပူးပေါင်းဆောင်ရွက်မှုကနေ NCA လက်မှတ်ရေးထိုးရေးကို တစ်ဆင့်တက် ဆောင်ရွက်ဖို့ လိုကြောင်း ဦးသန်းစိုးနိုင်က ပြောပါတယ်။

“ ကျနောတို့ အခုက ရွေးကောက်ပွဲ ကိစ္စ ၊ ရခိုင်မြောက်ပိုင်းကိစ္စမှာ ပူးပေါင်းဆောင်ရွက်ကြရင်းနဲ့ နှစ်ဦးနှစ်ဘက် Bilateral ဆွေးနွေးပွဲတွေ ပြန်စရာကနေပြီးတော့ FPNCC တစ်ဖွဲ့လုံး NCA လမ်းကြောင်းပေါ်ကို ရောက်ရှိလာဖို့အတွက် ဆက်ပြီး ကြိုးစားသွားရမယ့် တာဝန် အစိုးရနဲ့ တပ်မတော်မှာ ရှိပါတယ်။ အဲဒီလုပ်ငန်းစဉ်ကို လုပ်ဖို့ အတွက်တော့ တစ်စုံတစ်ရာ အခင်းအကျင်းတွေက ပြေလျော့လာတာတွေ့ရပါတယ်။ အဲဒါကတော့ ဝမ်းသာစရာ တိုးတက်မှုပဲလို့ ကျနော်ယူဆပါတယ်။”

FPNCC အဖွဲ့မှာ UWSA ဝ၊NDAA မိုင်းလား၊ SSA ရှမ်းမြောက်၊ KIA ကချင်၊ TNLA တအန်း(ပလောင်)၊ MNDAA ကိုးကန့်နဲ့ AA ရခိုင်အဖွဲ့တွေပါဝင်တာဖြစ်ပါတယ်။ KIA ကချင်၊ TNLA တအန်း(ပလောင်)၊ MNDAA ကိုးကန့်နဲ့ AA ရခိုင်အဖွဲ့ ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့က Bilateral ခေါ် နှစ်ဘက်အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ရေး ဆွေးနွေးခဲ့ပေမဲ့ Covid 19 ကပ်ရောဂါကြောင်း ဒီနှစ်အတွင်း ဆွေးနွေးပွဲတွေ ရပ်တန့်နေတာပါ။
ကျနော်မိုးဇော် VOA အတွက် သတင်းပေးပို့တာဖြစ်ပါတယ်။

.............................

ရွေးကောက်ပွဲအလွန် UWSA နိုင်ငံရေး
please wait

No media source currently available

0:00 0:05:03 0:00
တိုက်ရိုက် လင့်ခ်


{{Unicode}}















XS
SM
MD
LG