သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်ကိုင်အဖွဲ့အားလုံးနဲ့ ဆွေးနွေးဖို့ တပ်မတော် ရည်ရွယ်


ရခိုင်ပြည်နယ် မောင်တောမြို့မှာ တွေ့ရတဲ့ မြန်မာစစ်တပ်။ (သြဂုတ် ၃၁၊ ၂၀၁၇)
ရခိုင်ပြည်နယ် မောင်တောမြို့မှာ တွေ့ရတဲ့ မြန်မာစစ်တပ်။ (သြဂုတ် ၃၁၊ ၂၀၁၇)

[Zawgyi/Unicode]

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တပ်မတော်ကပြင်ဆင်နေကြောင်း ကြေညာလိုက်တဲ့အပေါ် တုံ့ပြန်ချက်နဲ့ သဘောထားအမြင်တချို့ကို တင်ပြပေးပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

တနိုင်ငံလုံးက လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးရအောင် ကြိုးပမ်းသွားဖို့ အမြဲတမ်း ကော်မတီ တရပ်ဖွဲ့စည်းလိုက်ကြောင်း တပ်မတော်က ဒီသီတင်းပတ်ထဲမှာပဲ ကြေညာလိုက်တဲ့အပေါ် အဓိကတိုက်ပွဲဖြစ်နေတဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ အကဲခတ်တချို့က သတိနဲ့ ကြိုဆိုလိုက်ကြပါတယ်။

တပ်မတော်ကတော့ မြန်မာအစိုးရနဲ့ NCA တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးသား လက်နက်ကိုင် အဖွဲ့တွေနဲ့ရော မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ပါ ငြိမ်းချမ်းရေးရအောင် ကြိုးပမ်းသွားဖို့ အမြဲတမ်းကော်မတီတခုကို ဖွဲ့စည်းခဲ့တာလို့ တပ်မတော် ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

“အခုကတော့ Permanent ဖွဲ့လိုက်တဲ့သဘောပါပဲ။ သူက လုပ်ဆောင်မှာတော့ ၃ ချက်ပါပဲ။ နံပါတ် ၁ ကတော့ ကျနော်တို့ NCA လက်မှတ်ရေးထိုးပြီးသားသူတွေနဲ့လည်း NCA စာချုပ်ခိုင်မြဲအောင် ထပ်မံဆွေးနွေးမယ်။ NCA လက်မှတ် မရေးထိုးရသေးတဲ့ EAO တွေနဲ့လည်း ကျနော်တို့အနေနဲ့ ဆက်လက်ပြီးတော့က NCA လက်မှတ်ထိုးဖို့ ဆက်လက်ညှိမယ်။ ပြီးရင် ကျနော်တို့ ထာဝရ ငြိမ်းချမ်းရေးအပြီးရသည်အထိ ဆောင်ရွက်သွားမယ့် အဖွဲ့ကြီးဖြစ်ပါတယ်။”

ဒါပေမဲ့လည်း မြန်မာစစ်တပ်နဲ့ လက်နက်ကိုင်ပဋိပက္ခတွေ အဓိက ဖြစ်ပွားနေတဲ့ AA ရခိုင်လက်နက်ကိုင် အဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် အစိုးရက သတ်မှတ်ထားတဲ့အတွက် ဘယ်လိုပုံစံနဲ့ ဆွေးနွေးမလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ AA အပါအဝင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ကတော့ အကြမ်းဖက်အဖွဲ့အစည်း နဲ့မတရားအသင်းအဖြစ် သတ်မှတ်ကြေညာထားတာကို ပယ်ဖျက်ပေးဖို့ မကြာသေးခင်ကပဲ တောင်းဆိုထားတာပါ။ တပ်မတော်ရဲ့ ဒီသီတင်းပတ်ထဲ ထုတ်ပြန်ချက်မှာတော့ AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ဖော်ပြသုံးနှုန်းထားတာတော့ မတွေ့ရပါဘူး။

ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ လက်နက်ကိုင်အဖွဲ့တွေ အားလုံးနဲ့ ဆွေးနွေးဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။

“တွေ့ဆုံဆွေးနွေးမှုမှာ NCA ထိုးပြီးသားသူရော၊ မထိုးပြီးထားသူရော ရှိတဲ့အဖွဲ့တွေပါ ပါလိမ့်မယ်။”

တပ်မတော် ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီ လို့ အမည်ပေးထားတဲ့ အမြဲတမ်းကော်မတီကိုတော့ ဥက္ကဋ္ဌအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးတို့ ဦးဆောင်ပြီး နိုဝင်ဘာလ ၉ ရက်နေ့က ဖွဲ့စည်းခဲ့တာ ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။

AA ရခိုင်လက်နက်ကိုင်အဖွဲ့ ပြောခွင့်ရ ခိုင်သုခကတော့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တပ်မတော် အဆင့်မြင့် အရာရှိတွေ ဦးဆောင်ပြီး ကော်မတီ ဖွဲ့စည်းလိုက်တဲ့အပေါ် စောင့်ကြည့်ဖို့လိုမယ်လို့ ပြောပါတယ်။

“အဲဒီကော်မတီကနေပြီးတော့ ငြိမ်းချမ်းရေး ရအောင် သူတို့ တကယ်ဘာလုပ်လာမလဲဆိုတာကတော့ဆက်ပြီးတော့ စောင့်ကြည့်ရမှာပေါ့။ တကယ်ငြိမ်းချမ်းရေး ရအောင်လုပ်မယ်ဆိုလို့ ရှိရင်တော့ မြန်မာစစ်တပ်ဘက်ကနေပြီးတော့ ချမှတ်ထားတဲ့ အတားအဆီးဖြစ်စေနိုင်တဲ့ မူဝါဒတွေကိုလည်း ပြုပြင်ဖြေလျော့မှုတွေလုပ်ဖို့တော့ လိုမယ်ဗျ။

လွတ်လပ်မျှတတဲ့ အခြေအနေတွေ မရှိဘူးဆိုပြီး ရွေးကောက်ပွဲတွေ မကျင်းပဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပယ်ဖျက်ခဲ့တဲ့ အထဲမှာ အများဆုံး ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ ဒီဇင်ဘာလကုန် နောက်ဆုံးထားပြီး ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပဖို့ AA ရခိုင်လက်နက်ကိုင် အဖွဲ့က နိုဝင်ဘာလ ၁၂ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် တိုက်တွန်းတဲ့အပေါ် တပ်မတော်ဘက်ကတော့ ULA/AA အဖွဲ့ထုတ်ပြန်ချက်ကို ကြိုဆိုကြောင်းထပ်မံထုတ်ပြန်ခဲ့တာပါ။

တချိန်တည်းမှာပဲ ရွေးကောက်ပွဲမှာ အများစုနဲ့ အနိုင်ရထားတဲ့ ခန့်မှန်းထားတဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး ရွေးကောက်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ လက်တွဲဖို့ ဆန္ဒရှိကြောင်း ကမ်းလှမ်းလိုက်ပါတယ်။

အစိုးရ၊ တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ဒီရက်ပိုင်းအတွင်း ထုတ်ပြန်ချက်တွေအပေါ်မှာတော့ ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းအဖြစ် ရခိုင်ပြည်နယ်အခြေစိုက် စာရေးဆရာ မောင်ကျော်ဇံက သုံးသပ်ပါတယ်။

“ဒီတခါတပ်မတော်က အကြမ်းဖက်အဖွဲ့တို့၊ ဘာတို့မသုံးနှုန်းတာ နောက်တခါ NLD ပါတီကလည်းပဲ တိုင်းရင်းသား ပါတီနဲ့ ပူးပေါင်းပြီးတော့မှ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကိုတည်ဆောက်ပြီးတော့ သူတို့က ဒီလိုမျိုးပေါ်လစီပြောင်းလာတာပေါ့။ အခုတွေ့နေရတဲ့ အခြေအနေကိုကြည့်လို့ရှိရင် အကောင်းဘက်ကို ရွေ့နေတယ်လို့ပဲ ပြောရတော့မှာပေါ့။”

ဒီရက်ပိုင်းတွေမှာ မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့ ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲ ငြိမ်သက်နေပါတယ်။

ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ မြန်မာတပ်မတော်တို့မှ နိုဝင်ဘာလ ၁၂ ရက်နေ့က ထုတ်ပြန် ကြေငြာချက်တွေဟာ မြန်မာနိုင်ငံ နိုင်ငံရေးအခင်းအကျင်းတွေမှာ ထာဝရငြိမ်းချမ်းရေး လမ်းကြောင်း အစပျိုးအပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုဖြစ်တယ်လို့ ယုံကြည်ပြီး ရခိုင်အမျိုးသားပါတီမှ လှိုက်လှဲစွာ ကြိုဆိုကြောင်း နိုဝင်ဘာ ၁၃ ရက်နေ့မှာ သဘောထားထုတ်ပြန် ကြေငြာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]


















XS
SM
MD
LG