သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ ရွှေရတု ခေါင်းဆောင်တွေ သဝဏ်လွှာပါး


အရှေ့တောင်အာရှ အာဆီယံ အသင်း ထူထောင်ခဲ့တဲ့ အနှစ် ၅၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဒီနှစ် အလှည့်ကျ ဥက္ကဌ နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာမှာ မနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ အာဆီယံရဲ့ ရွှေရတု အခမ်းအနားမှာ အဖွဲ့ ဝင် ၁၀ နိုင်ငံရဲ့ ခေါင်းဆောင် အသီးသီးက ဗွီဒီယို သဝဏ်လွှာတွေ ပါးခဲ့ကြတဲ့ အထဲမှာ မြန်မာ သမ္မတ ဦးထင်ကျော်ကလည်း အခုလိုပြော ကြားခဲ့ပါတယ်။

“ ပြီးခဲ့တဲ့ နှစ်ပေါင်း ၅၀ ရဲ့ အတွေ့အကြုံတွေ အပေါ် အခြေခံပြီး တိုးတက်ပြောင်းလဲနေတဲ့ ကမ္ဘာ့အခြေအနေတွေကြားမှာ အာဆီယံ အဖွဲ့ကြီးကို ရှင်သန်ထက်မြက်တဲ့ အဖွဲ့အစည်းကြီး အဖြစ် ရပ်တည်သွားနိုင်ဖို့ ဆက်လက် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ အာဆီယံ ပြည်သူများ အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။ မင်္ဂလာပါ အာဆီယံ။”

ပြီးခဲ့တဲ့ ရက်အနည်းငယ် အတွင်းက ကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ ညီလာခံ ပြီးဆုံးပွဲ အထိမ်းအမှတ် အဖြစ် ရွှေရတု အခမ်းအနားကို ကျင်းပခဲ့တဲ့ အခါ အခမ်းအနားမှုး ဖြစ်တဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Alan Peter Cayettano က အဖွင့်မိန့်ခွန်း ပြောပါတယ်။ အာဆီယံ အသင်းအနေနဲ့ သဘောတူညီမှု ရဖို့ ညှိနှိုင်း ရ ခက်ခဲလှပေမယ့် နိုင်ငံခြားရေး ဝန်ကြီးတွေ အနေနဲ့ အာဆီယံရဲ့ အလယ်အလတ် လမ်းစဉ်အကြောင်း ထုတ်ဖေါ် ပြောဆိုရဲခဲ့ ကြပြီး နိုင်ငံရဲ့ အကြိုးစီးပွါးထက် ဒေသတွင်း အကြိုးစီးပွါးကို ဦးစားပေးနိုင်ခဲတဲ့ အကြောင်း ထည့်သွင်း ပြောဆို ခဲ့ပါတယ်။

အခမ်းအနားမှာ အဓိက မိန့်ခွန်းပြောကြားခဲ့သူ ဖိလစ်ပိုင် သမ္မတ Rodrigo Duterte ကလည်း နောက်နှစ်ပေါင်း ၅၀ အတွက်အာဆီယံ ဒေသတွင်းရှိ ပြည်သူအားလုံး ဖွင့်ဖြိုးတိုးတက်ရေးကို လုပ်ဆောင်ဖို့ တာဝန်ရှိတဲ့ အကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။ အာဆီယံ အသင်းကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ၁၉၆၇ သြဂုတ်လ ၈ ရက်နေ့ တုန်းက အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ စင်္ကာပူတို့က ဘန်ကောက် ကြေညာစာတမ်းကို လက်မှတ်ထိုးပြီး ထူထောင် ခဲ့တာပါ။

လောလော ဆယ် အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံရှိလာနေပြီး အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်း၊ ဘရူနိုင်း၊ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်တို့ ဖြစ်ကြပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG