သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမှုဖွင့်ခံရတဲ့ သတင်းသမားတွေအရေး မီဒီယာကောင်စီ ကြားဝင်ညှိနှိုင်းမယ်


ဖမ်းဆီးခံခဲ့ရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ လွတ်မြောက်ရေး ရန်ကုန်မြို့မှာ ဆန္ဒပြခဲ့ကြတဲ့ မြင်ကွင်း။ (စက်တင်ဘာ ၁၆၊ ၂၀၁၈)
ဖမ်းဆီးခံခဲ့ရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ လွတ်မြောက်ရေး ရန်ကုန်မြို့မှာ ဆန္ဒပြခဲ့ကြတဲ့ မြင်ကွင်း။ (စက်တင်ဘာ ၁၆၊ ၂၀၁၈)

(Zawgyi / Unicode)

ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) သတင်း ဖော်ပြခဲ့လို့ ပြည်ထဲရေးက တိုင်ကြားထားတဲ့ သတင်းသမားလေးဦးကိစ္စ မြန်မာသတင်းမီဒီယာကောင်စီ ကြားဝင်ညှိနှိုင်းမယ့်အကြောင်း တာဝန်ရှိသူတဦးက ဗွီအိုအေကို တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။

သတင်းမီဒီယာကျင့်ဝတ်နဲ့အညီ ရေးသားခဲ့တဲ့အတွက် အမှုကို ရင်ဆိုင်မှာဖြစ်သလို ကောင်စီလူကြီးတွေဘက်က သမာသမတ်ကျကျ ဆုံးဖြတ်မယ်လို့ မျှော်လင့်ကြောင်း တိုင်ကြားခံရသူ တဦးဖြစ်တဲ့ VOM အယ်ဒီတာချုပ်က ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

RFA လွတ်လပ်တဲ့အာရှအသံ၊ Voice of Myanmar (VOM)၊ ရန်ကုန် ခေတ်သစ်မီဒီယာနဲ့ နိရဉ္စရာ စတဲ့ သတင်းဌာနတွေက သတင်းသမားလေးဦးကို ပြည်ထဲရေးဝန်ကြီးဌာန လက်အောက် သတင်းရဲတပ်ဖွဲ့ကနေ မီဒီယာဥပဒေပုဒ်မ ၉(ဇ) စွဲချက်နဲ့ မြန်မာသတင်းမီဒီယာကောင်စီကို မတ်လအကုန်ပိုင်းကတည်းက တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

သတင်းဌာန လေးခုကနေ အစိုးရက အကြမ်းဖက်အဖွဲ့လို့ ကြေညာထားတဲ့ ရက္ခိုင့်တပ်မတော် (AA) ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ မေးမြန်းခန်း အပါအဝင် သတင်းရေးသားဖော်ပြမှုတချို့နဲ့ ပတ်သက်လို့ သတင်းမီဒီယာတာဝန်နဲ့ ကျင့်ဝတ်ကို ချိုးဖောက်တယ်ဆိုတဲ့ အမြင့်ဆုံးပုဒ်မနဲ့ ရဲတပ်ဖွဲ့က စွပ်စွဲထားတာပါ။

အခုလာမယ့် ဇွန်လ ၂၅ ရက်နေ့မှာ တိုင်ကြားခံရတဲ့ သတင်းသမားလေးဦးကို ရန်ကုန်က သတင်းမီဒီယာကောင်စီရုံးမှာ ခေါ်ယူပြီး သီးခြားစီ မေးမြန်းမှာ ဖြစ်ပါတယ်။ သတင်းမီဒီယာဥပဒေ ချိုးဖောက်တယ်လို့ စွပ်စွဲထားတဲ့ ပြည်ထဲရေးနဲ့ သတင်းမီဒီယာကျင့်ဝတ်နဲ့အညီ ရေးသားခဲ့တယ်ဆိုတဲ့ သတင်းသမားတွေကြား သတင်းမီဒီယာကောင်စီကနေ ပါဝင်ညှိနှိုင်းမယ့် အခန်းကဏ္ဍကို မြန်မာသတင်းမီဒီယာကောင်စီ တွဲဘက်အတွင်းရေးမှူး-၁ ကိုမြင့်ကျော်က ဗွီအိုအေကို အခုလိုပြောပါတယ်။

"ကျင့်ဝတ်ပိုင်းလည်း ပါပါတယ်။ နောက်တခုက သတင်းမီဒီယာဥပဒေပါ သတင်းသမားတွေရဲ့ ရပိုင်ခွင့်ပေါ့။ သတင်းမီဒီယာ ဥပဒေတွေရဲ့ အခန်း (၃)၊ (၄) တို့မှာပါတဲ့ သတင်းအချက်အလက် ရယူပိုင်ခွင့်၊ ရေးသားဖော်ပြပိုင်ခွင့် စသဖြင့် အဲဒီအချက်တွေပေါ်မှာ ကြည့်ပြီးတော့ ကောင်စီက ကြားဝင်ညှိနှိုင်းတဲ့ သဘောမျိုးပါ။ တချို့ကိစ္စတွေမှာ မှတ်ချက်ပေးတယ်၊ တချို့ကိစ္စတွေမှာ ကြားဝင်ညှိနှိုင်းပါတယ်။"

တိုင်ကြားခံရတဲ့ လေးဦးထဲက မန္တလေးအခြေစိုက် VOM သတင်းဌာန အယ်ဒီတာချုပ် ဦးနေမျိုးလင်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ မတ်လကုန်က ဖမ်းဆီးခဲ့တာပါ။ ဒါပေမယ့် တရားရုံးက အပြစ်မရှိဘူးဆိုပြီး ပြန်လွှတ်လိုက်ပြီးနောက် ပြည်ထဲရေးဘက်က မကျေနပ်တဲ့အတွက် မီဒီယာဥပဒေနဲ့ စွဲချက်တင်ဖို့ ထပ်ပြီး ကြိုးစားခဲ့တာဖြစ်တယ်လို့ ဦးနေမျိုးလင်းက ဗွီအိုအေကို အခုလိုပြောပါတယ်။

"အရင်တုန်းက တရားလိုအဖြစ်စွဲတဲ့ သတင်းရဲတပ်ဖွဲ့ SB က ရဲမှူး ခင်မောင်ဝင်း၊ သူကနေပြီး မီဒီယာကောင်စီကို ပြန်တိုင်တာခင်ဗျ။ ကျနော့်အမှုကို ပိတ်ပြီး ထောင်ကနေ လွှတ်လိုက်ပြီးတဲ့နောက် အမှုကနေ မငြိစွန်းဘူးဆိုပြီး ကွင်းလုံးကျွတ် လွှတ်လိုက်တယ်။ ဒါပေမယ့် သူတို့က မီဒီယာဥပဒေနဲ့ အရေးယူရမယ်ဆိုတာမျိုး တကျော့ပြန်လာတာပေါ့။"

မန္တလေး သတင်းရဲတပ်ဖွဲ့က မတ်လကုန်ပိုင်းကတည်းက တိုင်ကြားထားတာ ဖြစ်ပေမယ့် COVID-19 ကပ်ရောဂါ အခြေအနေကြောင့် အခုလို ဇွန်လအထိ ရွှေ့ဆိုင်းလာခဲ့တာဖြစ်တယ်လို့ ဦးနေမျိုးလင်းက ဆိုပါတယ်။

အခုလို ပြည်ထဲရေးဘက်က သတင်းသမားတွေနဲ့ ပတ်သက်ရင် မီဒီယာကောင်စီကနေတဆင့် တိုင်ကြားလာတာမျိုးကို လက်ခံပေမယ့် သတင်းသမားတွေအပေါ် ဖိနှိပ်မှုကိုတော့ အာဏာပိုင်တွေဘက်က လက်လွှတ်မှာ မဟုတ်ဘူးဆိုတာ ထင်ရှားတယ်လို့ ဦးနေမျိုးလင်းက ပြောပါတယ်။

"တိုင်တဲ့သူက ဘာနဲ့တိုင်ထားသလဲဆိုတော့ ကျနော်တို့သည် ဇာတိလူမျိုးကို ပဋိပက္ခဖြစ်အောင် လှုံ့ဆော်ရေးသားတယ်ဆိုပြီး မီဒီယာဥပဒေ ပုဒ်မ ၉(ဇ) နဲ့ သူတို့က စွပ်စွဲထားတာပေါ့။ ၉(ဇ) ဆိုတဲ့ဟာကလည်း တကယ်လို့သာ ၉(ဇ) ကို ကျနော်တို့က ကျူးလွန်ပါတယ်လို့ မီဒီယာကောင်စီက ဆုံးဖြတ်ခဲ့ရင် အရပ်ဘက် တည်ဆဲဥပဒေနဲ့ ပြန်သွားရမယ်လို့ မီဒီယာဥပဒေမှာ ပြဋ္ဌာန်းထားတယ်။ အဲဒီ အမြင့်ဆုံးပုဒ်မနဲ့ သူတို့က စွဲထားတာခင်ဗျ။"

မအင်ကြင်းနိုင် - အဲတော့ သတင်းမီဒီယာကောင်စီဘက်က ဒီကိစ္စ ကိုင်တွယ်မယ့်အပေါ် ကိုနေမျိုးလင်း ဘယ်လိုမျှော်လင့်ထားလဲ။

ကိုနေမျိုးလင်း - “သတင်းမီဒီယာရဲ့သမိုင်း၊ နောက် မီဒီယာကောင်စီရဲ့ သမိုင်း၊ အစိုးရရဲ့သမိုင်း ဖြစ်ပါတယ်။ ဒီကိစ္စက သမိုင်းကျန်ခဲ့မယ့်အမှု ဖြစ်ပါတယ်။ အဲတော့ ကောင်စီက လူကြီးတွေလည်း သမာသမတ်ကျကျ ဆုံးဖြတ်လိမ့်မယ်လို့လည်း ကျနော်မျှော်လင့်ထားတယ်။ ဒါကြောင့်မို့လို့လည်း ကျနော်တို့ သွားပြီတော့ ရင်ဆိုင်မှာဖြစ်တယ်။”

ဦးနေမျိုးလင်း အပါအဝင် သတင်းမီဒီယာကောင်စီမှာ တိုင်ကြားခံထားရတဲ့ နောက်ထပ် သတင်းသမားသုံးဦးကတော့ အမေရိကန်အခြေစိုက် RFA လွတ်လပ်တဲ့အာရှအသံ မြန်မာပိုင်း ရန်ကုန်ရုံး လက်ထောက်ဌာနမှူး ကိုမိုးမြင့်၊ ရန်ကုန်အခြေစိုက် ခေတ်သစ်မီဒီယာ အယ်ဒီတာချုပ် ကိုသာလွန်ဇောင်းထက်နဲ့ ရခိုင်ပြည်နယ်အခြေစိုက် နိရဉ္စရာသတင်းဌာန အယ်ဒီတာချုပ် ကိုခိုင်မြတ်ကျော်တို့ ဖြစ်ပါတယ်။ သူတို့ကို တိုင်ကြားခဲ့သူတွေကတော့ မန္တလေး၊ ရန်ကုန်၊ စစ်တွေ စတဲ့ သက်ဆိုင်ရာ သတင်းရဲတပ်ဖွဲ့က ရဲမှူးနဲ့ ဒုရဲမှူးအဆင့် ရဲအရာရှိတွေ ဖြစ်ပါတယ်။

မတ်လနှောင်းပိုင်းကစပြီး သတင်းဌာန ဝက်ဘ်ဆိုက်ပေါင်း ၂၀၀ ကျော်ကို NLD အစိုးရက ပိတ်ပင်ခဲ့တဲ့အထဲမှာ အခု ပြည်ထဲရေးက တိုင်ကြားထားတဲ့ VOM၊ ရန်ကုန် ခေတ်သစ်မီဒီယာနဲ့ နိရဉ္စရာသတင်းဌာနတွေရဲ့ ဝက်ဘ်ဆိုက်တွေလည်း ပါဝင်ပါတယ်။ ဒီဝက်ဘ်ဆိုက်တွေဟာ သတင်းအမှားတွေကို ထုတ်နေပြီး တိုင်းပြည်မတည်မငြိမ်မှုကို ဖြစ်စေတယ်လို့ အစိုးရဘက်က အကြောင်းပြထားပါတယ်။

အခုလို သတင်းဌာနတွေရဲ့ ဝက်ဘ်ဆိုက်တွေကို ပိတ်ပစ်တာဟာ လူကို အပြစ်ပေးတာထက် ပိုပြီး ဆိုးရွားတဲ့လုပ်ရပ်လို့ ဦးနေမျိုးလင်းက ဗွီအိုအေကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------------------

(Unicode)


















XS
SM
MD
LG