လွှတ်တော်တွင်း သတင်းယူခွင့်ပြုထားတဲ့ သတင်းမီဒီယာသမားတွေဟာ လွှတ်တော်ထဲမှာ ကိုယ်စားလှယ်တွေရဲ့ လှုပ်ရှားမှုဓာတ်ပုံတွေကို တာဝန်ယူမှု-တာဝန်ခံမှုမရှိဘဲ ရိုက်ကူးနေတယ်ဆိုပြီး ကြပ်မတ်ပေးဖို့ ပြည်ထောင်စုလွှတ်တော်နာယကထံကို တပ်မတော်သား ကိုယ်စားလှယ်တွေဘက်က တင်ပြလာပါတယ်။ ဒီလိုမလိုလားအပ်တာတွေ မဖြစ်ဖို့ဆိုရင် သတင်းသမားတွေအတွက် လွှတ်တော်တွင်း သတင်းအချက်အလက်နဲ့ သတင်းမှတ်တမ်း ဓာတ်ပုံ-ဗီဒီယိုရယူနိုင်ဖို့ လွှတ်တော်ပိုင်းက ဒီ့ထက်ပိုပြီး စနစ်တကျ စီမံဆောင်ရွက်ပေးဖို့လိုသလို သတင်းရယူနေတဲ့သတင်းသမားတွေအပေါ် နှစ်ဘက် အပြန်အလှန် လေးစားမှုရှိဖို့လိုတယ် လို့ထောက်ပြပါတယ်။ ဒီအပေါ် သတင်းမီဒီယာကောင်စီနဲ့ သတင်းမီဒီယာသမား တချို့ရဲ့အမြင်ကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။
သတင်းမီဒီယာသမားတွေဟာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လှုပ်ရှားမှု သတင်းဓာတ်ပုံ- ဗီဒီယိုဖိုင်တွေကို လူမှုကွန်ယက်နဲ့ ဂျာနယ်တွေမှာ တာဝန်ယူမှု-တာဝန်ခံမှု မရှိပဲ ဖြန့်ဝေနေတယ်ဆိုပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ဘက်ကနေ သတင်းမီဒီယာသမားတွေကို ကြပ်မတ်ပေးဖို့ နေပြည်တော် ပြည်ထောင်စုလွှတ်တော် နာယကကို လိပ်မူပြီး ပြီးခဲ့တဲ့ သြဂုတ်လ (၁)ရက်နေ့က တင်ပြတောင်းဆိုခဲ့ကြပါတယ်။ တပ်မတော်သားကိုယ်စားလှယ်တွေဘက်က သတင်းမီဒီယာကောင်စီကလည်း တိုင်ကြားစာပို့ခဲ့သေးတယ်လို့ သတင်းမီဒီယာကောင်စီရဲ့ အတွင်းရေးမှူး ကပြောပြပါတယ်။ ဒါပေမဲ့နေပြည်တော်မှာ သတင်းမီဒီယာကောင်စီဘက်က လွှတ်တော်တာဝန်ရှိသူတွေအပါအဝင် သတင်းမီဒီယာသမားတွေ သွားရောက်တွေ့ဆုံချိန်မှာတော့ တပ်မတော်သားကိုယ်စားလှယ်တွေဘက်က ရောက်မလာကြပါဘူး။ အပြန်အလှန်မလိုလားအပ်တာတွေ မဖြစ်လာစေဖို့အတွက်ဆိုရင်တော့ လွှတ်တော်တွင်း သတင်းမီဒီယာတွေ လွတ်လပ်စွာသတင်းရယူနိုင်ဖို့ လွှတ်တော်တာဝန်ရှိသူတွေဘက်က စနစ်တကျစီစဉ်ဆောင်ရွက်ပေးဖို့လိုအပ်တယ်လို့ မြန်မာသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးသီဟစောက အကြံပြုပါတယ်။
" press council နဲ့ လွှတ်တော်နဲ့ တွေ့တယ် ပြီးခဲ့တဲ့ ၃-၄ ရက်တုန်းက ။ တခေါက်တွေ့ပြီး ဆွေးနွေးပြီးပြီ အဲဒီအချိန်တုန်းက တပ်မတော်ဘက်ကိုလည်း ခေါ်တယ် သတင်းမီဒီယာကောင်စီဘက်ကိုလည်း ခေါ်တယ်။ အဲဒီပြည်ထောင်စုလွှတ်တော် ရုံးမှာဆွေးနွေးတာ တပ်မတော်ဘက်ကတော့ မလာဘူး ။ ဒီကိစ္စတွေဖြေရှင်းဖို့က အဓိကအချက်ကတော့ Accountability ရှိရမယ်။ လွှတ်တော် ကိုယ်စားလှယ်တွေ ဘက်မှာရော၊ သတင်းသမားတွေဘက်မှာရော Accountability ရှိရမယ်။ တာဝန်ယူမှု တာဝန်ခံမှုရှိရမယ်။ နောက်တခု coalition ရှိဖို့လိုတယ်။ လွှတ်တော်ရယ် လွှတ်တော်ကိုယ်စားလှယ်ထဲက တပ်မတော်ဖြစ်စေ ၊ တပ်မတော်က မဟုတ်တာဖြစ်စေ။ နောက်သတင်းသမားတွေ ကိုလည်း သတင်းယူခွင့်ရှိတဲ့နေရာ ၊ မရှိတဲ့နေရာ ကန့်သတ်ပေးလိုက်တာ။ ဆိုကြပါတော့ အရင်တုန်းကဆိုရင် Press ကို အပေါ်မှာထားပေးတယ် ပြီးရင် အောက်ကိုဆင်းပြီးတော့ ၃ မိနစ် ဓါတ်ပုံရိုက်ပြီး အဲဒီအခန်းထဲကနေ၊ ပြီးရင်ပြန်ထွက် ။ အဲလိုမျိုး System တခုကို တော့ coalition လုပ်ဖို့လိုမယ်။ အဲလိုဆိုရင် မပြေလည်စရာအကြောင်းမရှိဘူး။ မဟုတ်ရင်တော့ သူ့စည်းကိုယ့်စည်း မသိဘူး။ သူက စည်းဖောက်တယ်၊ ကိုယ်ကစည်းဖောက်တယ် ပြောရတာတွေ။ ဘယ်နေရာတွေမှာ ဘယ်လောက်အထိခွင့်ပြုမယ်။ Access ဝန်းကျင်ဘယ်လောက်ရှိမယ်ဆိုတာတွေကို ညှိနှိုင်းဖြေရှင်းဖို့လိုမယ်လို့ ထင်တယ်။"
တပ်မတော်သားကိုယ်စားလှယ်တွေ ပေးပို့တဲ့စာထဲမှာတော့ သတင်းမီဒီယာသမားတွေဘက်က လွှတ်တော်ကိုယ်စားလှယ်တွေ စိတ်ငြိုငြင်အောင် ဒေါသထွက်အောင် လူ့ဂုဏ်သိက္ခာထိခိုက်အောင် ဆောင်ရွက်တယ်ဆိုပြီး တင်ပြထားတော့ တပ်မတော်သားကိုယ်စားလှယ်တချို့ဘက်က သတင်းရိုက်ကူးနေတဲ့ သတင်းသမားတွေတချို့ကို ဆဲရေးခဲ့တာမျိုး မပြေမလည်ဖြစ်ခဲ့ဖူးတဲ့ အခြေအနေလည်းရှိခဲ့ဖူးတာမို့ ဒီလို ပြည်ထောင်စုလွှတ်တော်ကို တိုင်ကြားတာဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်းရှိပါတယ်။
ဒါကြောင့်လွှတ်တော်တွင်း သတင်းရယူနေတဲ့သတင်းသမားတွေ နဲ့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ကြား အပြန်အလှန် လေးစားမှုရှိဖို့လိုအပ်သလို နှစ်ဘက်တာဝန်ယူမှုတာဝန်ခံမှုရှိဖို့ လိုတယ်လို့ မြန်မာသတင်းသမဂ္ဂရဲ့ ဒုဥက္ကဋ္ဌအဖြစ် တာဝန်ရှိဖူးသူလည်းဖြစ် BNI တိုင်းရင်းသတင်းမီဒီယာ ရဲ့အတိုင်ပင် တာဝန်ခံ အယ်ဒီတာ တဦးဖြစ်တဲ့ ဦးဇင်လင်းက သုံးသပ်ပါတယ်။
"စည်းမျဉ်းစည်းကမ်းအရတော့ ဘာပဲပြောပြော သတင်းထောက်တွေဘက်က သတင်းစာသမားတွေဘက်က မှားတာမဟုတ်ဘူး။ သတင်းစာသမားကတော့ လွှတ်တော်ထဲမှာ သတင်းယူဖို့သွားကြတာဖြစ်တယ်။ သတင်းလွတ်လပ်ခွင့်ကို ရသလောက် ဘောင်ထဲကနေပြီးတော့ သတင်းယူဖို့သွားကြတာဖြစ်တယ်။အဲလို သတင်းယူဖို့သွားတဲ့သတင်းထောက်ကို အခုလိုမချေမငံပြောတယ်ဆိုတာကတော့ မဖြစ်သင့်တဲ့ကိစ္စပဲ။ ဘာဖြစ်လို့လဲဆိုတော့ သတင်းမီဒီယာ စတုတ္ထ မဏ္ဍိုင်အတွက်အလုပ်လုပ်နေတဲ့လူတွေကို အပြန်အလှန်လေးစားမှုနဲ့ ဆက်ဆံသင့်တယ်လို့ အဲလိုယူဆပါတယ်။ အဲဒီလို အပြန်အလှန်လေးစားမှုနဲ့ မဆက်ဆံတဲ့အတွက်ကြောင့် ဒီပြဿနာပေါ်တယ်လို့ယူဆတယ်။ ဒီပြဿနာပေါ်လာတဲ့ နောက်ဆက်တွဲမှာမှ ဒီစာထွက်လာတယ်။ ဒီစာအနေအထားက သူူတို့ဖြစ်ခဲ့ပျက်ခဲ့တဲ့ ဖြစ်စဉ်မှာတော့ ဘယ်သူမှားတယ်၊ မှန်တယ်ဆိုတာကို ဖြေရှင်းထားတာမရှိဘူး။ သို့သော် စောစောက ပြောခဲ့သလိုပဲ သတင်းသမားတွေကိုလည်း လွှတ်တော်ကိုယ်စားလှယ် များအနေနဲ့က မချေမငံမပြောသင့်သလို၊ သတင်းသမားတွေလည်း မိမိတာဝန်အရ လွှတ်တော်ထဲမှာ သတင်းယူတဲ့အခါမှာ မိမိတို့ရိုက်တဲ့ သတင်းဓါတ်ပုံတွေ Video clip တွေစသဖြင့် ဒါတွေကို တာဝန်ယူမှု တာဝန်ခံမှု ရှိရှိနဲ့ သုံးဖို့လိုပါတယ်။"
မြန်မာသတင်းမီဒီယာကောင်စီအဖွဲ့ဝင်လည်းဖြစ် မြန်မာဂျာနယ်လစ်ကွန်ရက်ရဲ့ တာဝန်ခံတဦးလည်းဖြစ်တဲ့ ဦးမြင့်ကျော်ကတော့ တပ်မတော်သားကိုယ်စားလှယ်တွေဘက်က စွပ်စွဲပြောဆိုချက်တွေဟာ ယေဘူယျသိပ်ဆန်လွန်းတဲ့စွပ်စွဲချက်တွေသာဖြစ်တယ်လို့ အခုလိုရှု့မြင်ပါတယ်။
"လူမူကွန်ယက်လို့ပြောတာက သတင်းသမားတွေရဲ့ တဦးချင်းအကောင့်တွေက ရေးသားတာတွေကိုများ သူတို့ ဆိုလိုသလားမသိဘူး။ ဒီလွှတ်တော်ကို တိုင်ကြားတာက တိတိကျကျရှင်းရှင်းလင်းလင်းမရှိဘူး။ ဘယ်ဓါတ်ပုံက သူတို့ ဘာကို တိုင်ချင်တာလဲ ရှင်းရှင်းလင်းလင်းမဖော်ပြတော့ အားလုံးကို ခြုံငုံပြီးတော့ သတင်းသမားတွေက သူတို့ကို ငြိုငြင်အောင်တို့ သူတို့ ဂုဏ်သိက္ခာထိခိုက်အောင်ဆိုတာတွေကတော့ ယေဘုယဆန်လွန်းတယ်။ နောက်ပြီးတော့ စွပ်စွဲတဲ့သဘောမျိုးလို့ ကျနော်ထင်တယ်လေ။ တိတိကျကျအချက်အလက်နဲ့ ဘယ်ဟာက ဘာဆိုတာမပါဘူးပေါ့နော် ကျနော်ကတော့ အဲလိုမြင်ပါတယ်။"
လွှတ်တော်အစည်းအဝေးကျင်းပနေချိန် သတင်းမီဒီယာသမားတွေ စည်းကမ်းသေဝပ်ဖို့ နောက် လွှတ်တော်ကိုယ်စားလှယ်တွေအပေါ် ပြည်သူတွေ အထင်အမြင်လွဲမှားစေတဲ့ ရေးသားတင်ပြမှုတွေကို လူမှုကွန်ရက်တွေနဲ့ သတင်းမီဒီယာတွေမှာ ရေးသားတင်ပြမှုမရှိဖို့ သတင်းမီဒီယာသမားတွေကို လိုအပ်သလိုအရေးယူဆောင်ရွက်ပေးပါဆိုပြီး သတင်းဓာတ်ပုံတွေနဲ့တကွ တပ်မတော်သားကိုယ်စားလှယ်များ အစုအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်သန်းစိုးက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တွေကိုပါ ပေးပို့ထားတာဖြစ်ပါတယ်။
အခုလို သတင်းသမားတွေကို ကြပ်မတ်ပေးဖို့ တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့ကနေ ပြည်ထောင်စုလွှတ်တော်နယကထံ စာပေးပို့ခဲ့ပြီးတဲ့နောက်မှာပဲ ဒီကနေ့ သြဂုတ်လ(၁၅)ရက်နေ့မှာပဲ ပြည်ထောင်စုလွှတ်တော်ရုံးကနေ လွှတ်တော်ဝင်းအတွင်း သတင်းရယူရာမှာ ပူးပေါင်းဆောင်ရွက်ဖို့ သတင်းသမားတွေကို၂၀၁၆က ဖြန့်ဝေခဲ့တဲ့ပန်ကြားချက်ကို ပြန်ဖြန့်ဝေပါတယ်။ ဒီအထဲမှာတော့ လွှတ်တော်တွင်းအစည်းအဝေးသတင်းရယူနိုင်ရေး မြန်မာပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်းက စိစစ်ပေးပို့တဲ့ သတင်းအဖွဲ့တွေကို လွှတ်တော်ရုံးအသီးသီးကို ပေးပို့ခွင့်ပြုချက်ယူဖို့အပါအဝင် လွှတ်တော်တွင်း ကန့်သတ်အဆောက်အဦးနေရာတွေမှာ ခွင့်ပြုချက်မရပဲ လိုက်လံရိုက်ကူးခြင်းမပြုဖို့၊ လွှတ်တော်အစည်းအဝေးမရှိတဲ့ရက်၊ ရုံးပိတ်ရက်များမှာ လွှတ်တော်ဝင်းအတွင်း ဝင်ထွက်သွားလာခွင့်မပြုကြောင်း၊ သတ်မှတ်နေရာတွေမှာသာ သတင်းမှတ်တမ်း ရိုက်ကူးဆောင်ရွက်ကြပါစသဖြင့် ဆောင်ရန်-ရှောင်ရန်အချက်တွေပါရှိပါတယ်။