သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၈၈၈ နှစ်ပတ်လည် အထိမ်းအမှတ် မြန်မာနိုင်ငံမှာ ဆန္ဒပြလှုပ်ရှားဖို့ပြင်ဆင်


မှတ်တမ်းဓာတ်ပုံ- ဒီမိုကရေစီရေး တောင်းဆိုတဲ့ ၁၉၈၈ ခုနှစ် ရန်ကုန်က ဆန္ဒပြ လှုပ်ရှားမှု။ (ဓာတ်ပုံ -STR / AFP- သြဂုတ်လ ၂၈၊ ၁၉၈၈)
မှတ်တမ်းဓာတ်ပုံ- ဒီမိုကရေစီရေး တောင်းဆိုတဲ့ ၁၉၈၈ ခုနှစ် ရန်ကုန်က ဆန္ဒပြ လှုပ်ရှားမှု။ (ဓာတ်ပုံ -STR / AFP- သြဂုတ်လ ၂၈၊ ၁၉၈၈)

(Zawgyi/ Unicode)

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး တောင်းဆိုအုံကြွခဲ့တဲ့ ရှစ်လေးလုံး လှုပ်ရှားမှု ၃၃ နှစ်ပြည့်မြောက်တဲ့နေ့မှာပဲ နိုင်ငံအနှံ့ ဆန္ဒပြလှုပ်ရှားဖို့ တက်ကြွလှုပ်ရှားသူတွေ ပြင်ဆင်နေပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြလှုပ်ရှားသူတွေ ရှစ်လေးလုံး အထိမ်းအမှတ်အဖြစ် တနင်္ဂနွေနေ့မှာ ဆန္ဒပြဖို့ တိုက်တွန်းထားတယ်လို့လည်း မန္တလေးမြို့က ဦးဆောင်လှုပ်ရှားသူ တဦးဖြစ်တဲ့ ဒေါက်တာတေဇာစန်းက ပြောပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

တပါတီအာဏာရှင်စနစ်ကို တွန်းလှန်ဖြုတ်ချခဲ့တဲ့ ၈၈၈၈ အရေးတော်ပုံကြီးဟာ ဒီနေ့ဆိုရင် ၃၃ နှစ် ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ ဒါပေမဲ့ အခုလို ၈ လေးလုံး အရေးတော်ပုံကြီး ၃၃ နှစ် ပြည့်ချိန်မှာပဲ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်း အုပ်ချုပ်မှုနဲ့ ရင်ဆိုင်နေရတာကြောင့် ၁၉၈၈ ခုနှစ်က လှုပ်ရှားမှုကို ဂုဏ်ပြုတဲ့ အနေနဲ့ နိုင်ငံတဝန်းမှာရော လူမှုကွန်ရက်တွေကပါ ဆန္ဒပြဖို့ တိုက်တွန်းထားတာလို့ မန္တလေးဆန္ဒပြသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းက ပြောပါတယ်။

" ဒီအရေးတော်ပုံကြီး ၃၃ နှစ် ပြည့်ချိန်မှာ ဒီအရေးတော်ပုံကြီးကို ဂုဏ်ပြုသောအားဖြင့် ကျနော်တို့ တနိုင်ငံလုံး မိဘပြည်သူတွေ အားလုံး ပါဝင်ဆောင်ရွက်နိုင်တဲ့ သပိတ်လှုပ်ရှားမှုတွေ ဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်။ အဲဒီတော့ သပိတ်အနေနဲ့ပြောမယ်ဆိုရင် ကျနော်တို့ အဓိက အားလုံးပါဝင်နိုင်တဲ့အနေနဲ့ နံပါတ် ၁ - လက် ၈ ချောင်းထောင်တဲ့ Eight-Finger Strike ကို ဆောင်ရွက်ကြပါမယ်။

အဲဒီတော့ ကျနော်တို့ ရှစ်လေးလုံး အရေးတော်ပုံကြီးကို ဂုဏ်ပြုသောအားဖြင့် လက် ၈ ချောင်းထောင်တဲ့ ဓါတ်ပုံရိုက်တာ၊ လူမှုကွန်ရက်တွေမှာတင်တာ၊ နဲ့ မြေပြင်မှာလည်း ဒီလိုမျိုးလှုပ်ရှားမှုတွေ ဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်။ နောက်တခုကတော့ အနီရောင်သပိတ်လှုပ်ရှားမှု (Red Campaign) ဖြစ်ပါတယ်။ အနီရောင်ဆိုတာကတော့ အားလုံးသိကြတဲ့အတိုင်းပဲ ရဲရင့်ခြင်း၊ ခိုင်မာခြင်း၊ ပြတ်သားခြင်း၊ စွန့်စားခြင်း ဆိုတဲ့ အဓိပ္ပါယ်တွေကို ဖော်ညွှန်းတာမို့ ရှစ်လေးလုံး စိတ်ဓါတ်ကို ဂုဏ်ပြုသောအားဖြင့် ကျနော်တို့မိဘပြည်သူတွေအနေနဲ့ အနီရောင် အဝတ်အစား၊ အသုံအဆောင်တွေကို ဝတ်စားဆင်ယင်ကြမယ်၊ အနီရောင် ဆေးနီးသပိတ်လှုပ်ရှားမှု ဒါတွေကို ဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်။ "

စစ်တပ်က အာဏာသိမ်းတာ အခုဆိုရင် ၆ လ ကျော်ရှိသွားခဲ့ပြီးဖြစ်ပြီး အဲဒီ ၆ လ ကျော် ကာလအတွင်း စစ်ကောင်စီဘက်က အကြမ်းဖက်နှိမ်နှင်းတာတွေ ပစ်ခတ်ဖမ်းဆီးတာတွေကြောင့် ဆန္ဒပြပွဲတွေ အတိုင်းအတာတခုအထိ အရှိန်လျော့ကျခဲ့ပေမယ့်လည်း၊ တချို့မြို့တွေမှာတော့ ဆန္ဒပြပွဲတွေဟာ နေ့စဉ်လိုလို ဆက်ပြီးတော့ ရှိနေဆဲဖြစ်ပါတယ်။ ဒီနေ့အတွက် ဆန္ဒပြလှုပ်ရှားမှုတွေအတွက် အစီအစဉ်တချို့ကိုလည်း ဒေါက်တာ တေဇာစန်းက အခုလိုရှင်းပြပါတယ်။

" ဒီနေ့ တနိုင်ငံလုံးမှာ သပိတ်ကြွေးကြော်သံအဖြစ်၊ “၈၈ က သွေးကြွေးဟောင်း ၂၁ မှာ အပြီးတောင်း” ဆိုတဲ့ ကြွေးကြော်သံနဲ့ကျနော်တို့ သပိတ်လှုပ်ရှားမှုတွေကို ဆောင်ရွက်ကြဖို့ပဲ ဖြစ်ပါတယ်။ ကျနော်တို့လက် ၈ ချောင်းထောင်ခြင်းကတော့ တဘက်က လက် ၃ ချောင်းထောင်မယ်၊ တဘက်က လက် ၅ ချောင်းထောင်ပြီးတော့ လက်ဝါးပေါ်မှာလည်း ရှစ်လေးလုံး ဂုဏ်ပြုအထိမ်းအမှတ် စာသားရေးပြီးတော့ ဆောင်ရွက်ကြမှာပဲ ဖြစ်ပါတယ်။ "

စစ်တပ်က အာဏာသိမ်းယူလိုက်လို့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းတွေကို အမေရိကန်အပါအဝင် နိုင်ငံတကာကလည်း စစ်ကောင်စီအပေါ် ဖိအားတွေ ပေးလာနေပါတယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်ကလည်း မြန်မာနိုင်ငံရေးအကျပ် အတည်းကို ဖြေရှင်းဖို့ မြန်မာနိုင်ငံကို သွားရောက်ရာမှာ သက်ဆိုင်သူတွေ အားလုံးနဲ့ တွေ့ဆုံခွင့်ရဖို့လည်း မနေ့ကပဲ ပြောကြားလိုက်ပါတယ်။ အခုလို အာဆီယံဘက်က ကြိုးပမ်းဆောင်ရွက်ချက်တွေကို ကြိုဆိုပေမယ့်၊ စစ်အာဏာရှင်စနစ် အဆုံးသတ်ဖို့အတွက် ပြည်သူတွေရဲ့ အင်အားကပဲ အဓိကကျတယ်လို့ ဒေါက်တာတေဇာစန်းက ပြောပါတယ်။

" အာဆီယံရဲ့ မြန်မာ့အရေးကို ဝင်ရောက်ဖြေရှင်း စေ့စပ်ပေးလိုတဲ့ စိတ်စေတနာကို ကျနော်တို့ အသိအမှတ်ပြုပါတယ်။ လေးစားပါတယ်။ သို့သော် ဒီနေ့မှာ ဝင်ရောက်စေ့စပ်ပေးလိုတယ်ဆိုရင်၊ လုံလောက်တဲ့ ဖြေရှင်းမှု နည်းနာတွေကို ဆောင်ရွက်ဖို့လိုတယ်။ သက်ဆိုင်တဲ့ အင်အားစုတွေ အားလုံးနဲ့ ကျနော်တို့ စကားပြောဖို့ ချိတ်ဆက်ဖို့ လိုပါတယ်။ အကြမ်းဖက် စစ်ကောင်စီတခုတည်း ၊ တဖွဲ့တည်းနဲ့ပဲ စကားပြောတာမဟုတ်ဘဲ၊ ကျနော်တို့ ပြည်သူလူထုကို တကယ်ကိုယ်စားပြုမှု အပြည့်အဝရှိတဲ့၊ အမျိုသားညီညွတ်ရေး အစိုးရ (NUG)၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ သပိတ်အင်အားစုတွေ၊ လက်နက်ကိုင်တိုင်းရင်သားတော်လှန်ရေးအင်အားစုတွေ၊ အားလုံးနဲ့ စကားပြောဖို့လိုပါတယ်။

နောက်အဓိက ကတော့ ကျနော်တို့ လက်ရှိ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့၊ နိုင်ငံရေးအကျဉ်းသားအားလုံးကိုလည်း အမြန်ဆုံးချွင်းချက်မရှိ လွှတ်ပေးဖို့လိုပါတယ်။ ဒါတွေမရှိဘဲ၊ ဒီလိုအခြေအနေမရှိဘဲ၊ စကားပြောဖို့၊ စေ့စပ်ဖို့ ၊ ဆွေးနွေးဖို့ တိုက်တွန်းနေတယ်ဆိုရင်တော့ ဒါသည် လုံလောက်တဲ့ အနေအထားမရှိဘူးလို့ပဲ ကျနော်တို့ကတော့ ပြောလိုပါတယ်။ သို့သော် ကျနော်တို့ပြည်သူတွေအနေနဲ့ကတော့ နားလည်ပြီးသားပါ။ ကျနော်တို့ တော်လှန်ရေးအတွက် အဓိကအောင်ပွဲသည် ကျနော်တို့ ပြည်သူ့အင်အားကပဲ အခရာဖြစ်တယ်ဆိုတာကိုလည်း ကျနော်တို့က သဘောပေါက်ပြီးသားဖြစ်ပါတယ်။ "

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းချိန်က စပြီး စစ်ကောင်စီတပ်တွေဘက်က ပစ်ခတ်ဖမ်းဆီးမှုတွေကြောင့် နိုင်ငံတဝန်း သေဆုံးသူ ၉၆၀ ရှိပြီး ဖမ်းဆီးခံရသူ ၇၀၀၀ ကျော်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်ကတော့ AAPP ရဲ့ စာရင်းဟာ ချဲ့ကားပြောဆိုတာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)












XS
SM
MD
LG