သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ပုဂံမြို့သစ်မှာ လူငယ်တဦး သေဆုံး


ပုဂံမြို့က စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြနေသူအချို့။ (ဧပြီ ၃၊ ၂၀၂၁)
ပုဂံမြို့က စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြနေသူအချို့။ (ဧပြီ ၃၊ ၂၀၂၁)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာ ၄ လနီးပါး ကြာလာပြီဖြစ်ပေမယ့် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအပြင် NUG အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့တဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ် ထောက်ခံကြိုဆိုတဲ့ ချီတက်ပွဲတွေ နေရာဒေသ အတော်များများ ဆက်လက်ပြုလုပ်နေကြရာမှာ စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် ဒီကနေ့ သေဆုံးသူလည်း ရှိခဲ့ပါတယ်။

ပုဂံမြို့သစ်မှာ ဒီကနေ့ မေလ ၃၀ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့တွေက သေနတ်နဲ့ပစ်ခတ်လို့ လူငယ်အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး ၅ ဦး အဖမ်းခံခဲ့ရပါတယ်။

မကွေးမြို့မှာတော့ ကဗျာဆရာ ကိုကျော်စွာ (ခေါ်) ရာစုသစ်နဲ့ တခြား အမျိုးသားတဦးတို့ကို စစ်ကောင်စီက မေလ ၂၉ ရက် မနေ့ညက ဖမ်းဆီးသွားပါတယ်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲတွေ နေ့စဉ်ပြုလုပ်နေတဲ့ တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ဒီကနေ့ မေလ ၃၀ ရက်နေ့မှာလည်း မိုးရွာနေတဲ့ကြားက တပ်ပေါင်းစုသပိတ် ချီတက် ဆန္ဒပြခဲ့ပါတယ်။

ဒါ့အပြင် တနင်္သာရီတိုင်းအတွင်းက လောင်းလုံ၊ ရေဖြူနဲ့ ကန်ပေါက်တို့မှာလည်း အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မုံရွာ ပင်မသပိတ်စစ်ကြောင်းလည်း လမ်းမတွေပေါ်ထွက် ဆန္ဒပြခဲ့ကြသလို ဆားလင်းကြီးနဲ့ ယင်းမာပင်တို့မှာလည်း ရွာပေါင်းစုံသပိတ်တွေ ပြုလုပ်ခဲ့ကြပါတယ်။

ဒီကနေ့ မေလ ၃၀ ရက်နေ့ဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ခေါင်းဆောင် အတော်များများကို အကြမ်းဖက်သမားတွေက ဝိုင်းဝန်းရိုက်နှက်ခဲ့တဲ့ ဒီပဲယင်းအရေးအခင်း ၁၈ နှစ်ပြည့်ဖြစ်ပေမယ့် အောက်မေ့ဖွယ်အခမ်းအနား မကျင်းပနိုင်ဘဲ ပန်းစည်းချတာပဲ ပြုလုပ်နိုင်ခဲ့ပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာတော့ စစ်အာဏာရှင် အလိုမရှိကြောင်း ချီတက် ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြပါတယ်။

မန္တလေးမှာတော့ တက္ကသိုလ်ကျောင်းသားတွေ ဦးဆောင်တဲ့ သပိတ်စစ်ကြောင်း ဒီကနေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြသလို မန္တလေး သံဃာတော်တွေကလည်း အာဏာသိမ်းစစ်ကောင်စီ အဆုံးသတ်ရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ် တည်ဆောက်ရေးတို့အတွက် ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ ဒါ့အပြင် မန္တလေး သံဃသမဂ္ဂစစ်ကြောင်းက ဆရာတော် သံဃာတော်တွေက ပြည်သူပြည်သားတွေ ဆင်းရဲဒုက္ခအပေါင်းက အမြန်လွတ်မြောက်စေဖို့ ပရိတ်ရွတ် မေတ္တာပို့တာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့က လူငယ်တွေ ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ပြည်သူ့ကာကွယ်ရေးတပ် ထောက်ခံကြိုဆိုရေး ချီတက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

တဖက်မှာ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပြုလုပ်နေသလို စစ်ကောင်စီဘက်က ဖမ်းဆီးမှုတွေရှိနေပြီး ပေါက်ကွဲမှုတွေလည်း ဆက်တိုက် ဖြစ်ပေါ်နေတာပါ။

မနေ့ညက ကရင်ပြည်နယ်၊ ဘုရားသုံးဆူမှာ ပေါက်ကွဲမှု ၂ ခု ဆက်တိုက် ဖြစ်သွားခဲ့တဲ့အတွက် စာသင်ကျောင်းတချို့ ပျက်စီးခဲ့ပါတယ်။ ရန်ကုန်တိုင်းအတွင်းက ရွှေပြည်သာမြို့နယ် အမှတ် ၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဒီကနေ့ နေ့လယ် ၁၂ နာရီလောက်က ပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် ကလေးငယ်တဦး ဒဏ်ရာရခဲ့ပါတယ်။ ဒီမနက် ၆ နာရီလောက်ကလည်း အဲဒီရုံးနဲ့ မလှမ်းမကမ်းမှာရှိတဲ့ ပညာရေးမှူးရုံးမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ဆိုပေမယ့် ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။

အလားတူပဲ လှိုင်မြို့နယ်အတွင်း ရန်ကုန်-အင်းစိန်လမ်းမပေါ်က ဘူတာရုံလမ်းနားမှာ ဒီကနေ့မနက် ၇ နာရီခွဲလောက်က ပေါက်ကွဲမှု ဖြစ်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရတဲ့ သတင်းတော့ မကြားရပါဘူး။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်းမှာတော့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံ Chinland Defense Force (CDF) တပ်ဖွဲ့ကြား မနေ့ မေလ ၂၉ ရက်ကနေ ဒီကနေ့ မေလ ၃၀ ရက်နေ့အထိ ကြိုးကြား ကြိုးကြား ပစ်ခတ်မှု စတင်ဖြစ်ပွားနေခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------------

(Unicode)
















XS
SM
MD
LG