သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း











တိုက်ရိုက် လင့်ခ်

(Zawgyi)

ကျောက်ဖြူ အထူးစီးပွါးရေးဇုံ ဆက်မလုပ်ဖို့ ဒေသခံတွေတောင်းဆို

မကြာသေးခင်က တရုတ် မြန်မာ နှစ်နိုင်ငံသဘောတူ လက်မှတ်ရေးထိုး လိုက်ကြတဲ့ ကျောက်ဖြူ အထူးစီး ပွားရေးဇုန် စီမံကိန်းနဲ့ ပတ်သတ်ပြီး ဆက်မလုပ်ဖို့ စီမံကိန်းဧရိယာအတွင်းမှာ နေထိုင်တဲ့ ကျောက်ဖြူဒေသခံ တွေက တောင်းဆိုကြပါတယ်။ ဒီဒေသမှာ အရင်စီမံကိန်း ကြောင့် ထိခိုက်နစ်နာ ရသူတွေရဲ့ ပြဿနာ တွေကို အရင် ဖြေရှင်းပေးဖို့နဲ့ စီမံကိန်းနဲ့ ပတ်သက်ပြီး ပြည်သူတွေကို သေသေချာချာ ချပြဖို့ တောင်းဆို ကြတာပါ။
ဒါပေမယ့် ဒီစီမံကိန်း အကြောင်းကို သေချာမသိရသေးတဲ့ အတွက် အသေးစိတ် မချပြနိုင်သေးဘူးလို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က မေးမြန်းတင်ပြထားပါတယ်။
မြန်မာအစိုးရနဲ့ တရုတ်သမ္မတတို့ သဘောတူ လက်မှတ်ရေးထိုးထားတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ ကျောက်ဖြူအထူးစီးပွား ရေးဇုန်စီမံ ကိန်း ကို ဆက်မလုပ်ဖို့ နဲ့ ဒီစီမံကိန်းအတွက် မဆောင်ရွက်ခင် ဒေသခံတွေရဲ့ အခွင့်အရေး နစ်နာဆုံးရှုံးမှုတွေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ ပတ်သက်ပြီး အစိုးရက တာဝန်ယူ လုပ်ဆောင်ပေးဖို့ မဒေးကျွန်းအပါအဝင် ကျေးရွာ ၆ ရွာကဒေသခံတွေက တောင်းဆိုနေကြ တာလို့ မဒေးကျွန်းဒေသခံ ကိုထွန်းထွန်းဝင်းက ပြောပါတယ်။

“ ဘာဖြစ်လို့ အဲလိုမျိုး တောင်းရသလဲ ဆိုရင် ကျနော်တို့ ရှေ့က နမူနာတွေ ရှိတယ်လေ။ ကျနော်တို့ ကျွန်းဒေသကို ပထမ CNPC ဆိုတဲ့ ကုမ္ပဏီ ထောင်ထားတယ်လေ။ အဲဒီမှာ ကျနော်တို့ ကျွန်းသူ ကျွန်းသားဟာ အဲဒီ ကုမ္ပဏီ မဝင်ခင် ကတည်းက ဘယ်လိုပြောလဲ ဆိုတော့ သူတို့က ပြောတာကတော့ ဒီ ကျွန်းသူ ကျွန်းသား ဒေသခံတွေကို ဦးစားပေးပြီးတော့ အလုပ်အကိုင်ပေးမယ်ပေါ့။ နောက်ပြီးရင် ဒီ လယ်ယာမြေတွေ ပါသွားတဲ့သူတွေ ဆိုရင် ကုမ္ပဏီမှာ ဝန်ထမ်းတွေ ခန့်မယ်၊ သက်ကြီးပိုင်းလူတွေဆိုရင် သူ့နေရာနဲ့ သူ အလုပ်ပေးမယ်ဆိုပြီး သူတို့က ပြောသွားတယ်။ ဒါပေမယ့် ကုမ္ပဏီတွေ ရောက်လာပြီး အကြာမှာတော့ သူတို့ ပြောတာနဲ့ လုပ်တာနဲ့က တခြားစီ ဖြစ်နေတယ်။”
ကျောက်ဖြူမြို့နယ်မှာ အရင်အစိုးရလက်ထက်က လုပ်ခဲ့တဲ့ စီမံကိန်း တွေကြောင့် ဒေသခံတွေဟာ အခုအချိန်အထိ နစ်နာဆုံးမှုတွေ ရင်ဆိုင်နေရ ဆဲ ဖြစ်တာကြောင့် အခုလာမည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းတွေ အတွက် အစိုးရအနေနဲ့ ပွင့်ပွင့်လင်းလင်း ချပြဖို့နဲ့ တာဝန်ယူမှု တာဝန်ခံမှု ရှိဖို့ လိုအပ်တယ် လို့လည်း ပြောပါတယ်။

ဒါပေမယ့် စီမံကိန်းနဲ့ ပတ်သတ်တဲ့ လက်မှတ်ရေးထိုးထားတဲ့ အသေးစိတ်အချက်အလက်ကို မသိရသေးတဲ့ အတွက် ဒီစီမံကိန်းအကြောင်း ဒေသခံတွေကို ချပြဖို့ စောနေသေးတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

“ ရေနက် ဆိပ်ကမ်း အပေါ်မှာ အခုလောလောဆယ် MOU – Agreement တခု လောက်ဘဲ ရှိသေးတယ်လေ။ ဒါ ပြည်သူတော့ ချပြမှာပါ။ ချ မပြလို့တော့ မရဘူးပေါ့နော်။ ချပြရမှာဘဲ။ ဒါကနေပြီးတော့ ဒီက အလုပ်အကိုင် အခွင့်အလမ်း ဘယ်လို ရှိလာမယ်။ အဲဒီမှာ ဘာတွေ လုပ်ဆောင်မယ်ဆိုတာ ဒါတွေကတော့ ချပြမှာပါ။ အခု ကတော့ အချိန် နည်းနည်း စောသေးတယ်လို့ ကျနော်တော့ ထင်မြင်တယ်လေ။ ကျနေ်ာတို့က ဒါ ကိုယ်တိုင်လည်း စာချုပ်မှာ ပါတဲ့ အချက်အလက် အသေးစိတ် ကျနော်တို့ သိရတာ မဟုတ်သေးဘူး ဟုတ်တယ် မဟုတ်လား။ စာချုပ် အသေးစိတ် အချက်အလက် သိရမှဘဲ - နောက်ပိုင်းတော့ ဒါ နိုင်ငံတော်အဆင့်ကလည်း ချပြပါလိမ့်မယ်။ ”

ကျောက်ဖြူဒေသမှာ အကောင်အထည်ဖော် ဆောင်ရွက်မယ့် စီမံကိန်းတွေနဲ့ ပတ်သတ်ပြီး အချက်အလက်တွေကို လက်မှတ်မထိုးခင် ကတည်းက ကျောက်ဖြူဒေသခံတွေကရော လွှတ်တော်အမတ် တွေကပါ စီမံကိန်းနဲ့ ပတ်သက်တဲ့ အချက်အလက် တွေကို ဒေသခံတွေနဲ့ တိုင်ပင်သင့်တယ်လို့ တောင်းဆိုခဲ့ကြတာပါ။ ဒါပေမယ့် လက်မှတ်ထိုးပြီး သွားတဲ့ အချိန်အထိ ပြည်နယ် ကရော ပြည်ထောင်စုကပါ စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံတွေနဲ့ တွေ့ဆုံဆွေးနွေးတာမျိုး မရှိသေးဘူးလို့ ပြည်နယ်လွှတ်တော်အမတ် ဦးဖိုးစံက ပြောပါတယ်။

“ ဆိုတော့ အစိုးရက တာဝန်ယူပြီး လုပ်ကိုင်ရမှာ ဖြစ်တယ်။ ဒီ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးတို့ရယ် နောက်ပြီး အဲဒီမှာ မြေယာ ပြသနာတွေ ရှိလာမယ်။ အဲဒီ ကိစ္စတွေကို အစိုးရနဲ့ လုပ်ကိုင်မယ့် ကုမ္ပဏီနဲ့ အဲဒီ ဒေသခံတွေကို တွေ့ဆုံပြီး သူတို့ ရှင်းပြရမှာ ဖြစ်တယ်။ နောက်ပြီးရင် ဒီမှာ မြို့လူထု အပေါ်မှာလည်းဘဲ အကျိုးသက်ရောက်မှု ရှိတယ်။ အဲဒါကြောင့်မို့လို့ မြို့လူထုတွေကိုလည်း လာပြီး သူတို့ ရှင်းပြရမှာ ဖြစ်တယ် ခင်ဗျ။ အခုက အစိုးရ ကိုယ်တိုင်ကလည်းဘဲ ဒီမှာ လာရောက်ပြီး ပြည်နယ်ရော ပြည်ထောင်စုရော ဘာမှလည်း ရှင်းပြတာ မရှိဘူး။ SEZ ကောမတီလို့ ဖွဲ့ထားတဲ့ အဖွဲ့ကလည်း ရှင်းပြတာ မရှိဘူး ခင်ဗျ။ ”

ကျောက်ဖြူကျေးလက်ဒေသ ဖွံ့ဖြိုးရေး အသင်း ပြောခွင့်ရ ကိုထွန်းကြည်ကတော့ အစိုးရဟာ ပြည်သူတွေရဲ့ အသံကို နားမထောင်ဘဲ လုပ်ချင်တာကို လုပ်ဆောင်နေတာဖြစ်တယ်လို့ ပြောပါတယ်။

“ အမှန်ဆိုလို့ရှိရင်တော့ သူတို့ ဒီလောက် ကြီးမားတဲ့ စီမံကိန်း တည်ဆောက်မယ် ဆိုရင်တော့ ဒေသခံတွေနဲ့ နည်းနည်း ညှိနှိုင်းတာ ဘာညာ လုပ်ရမယ်။ ဒေသခံတွေရဲ့ အသံကို သူတို့ နားထောင်ဖို့ လိုတယ်။ ဒါက ပရောဂျက် အကြီးကြီး။ ဒါပေမယ့် အစိုးရက ဒီပရောဂျက် ဆိုပြီး သူတို့ လုပ်ချင်တဲ့ ဟာကို လုပ်သွားတယ်လို့ ပြောလို့ ရတယ်။ ”

ကျောက်ဖြူဒေသမှာ အရင်အစိုးရလက်ထက်က လုပ်ဆောင်ခဲ့တဲ့ စီမံကိန်းတွေကြောင့် ဒေသခံပြည်သူတွေ အခုအချိန်ထိ ဆုံးရှုံးနစ်နာမှုတွေ ရှိနေသလို မဖြေရှင်းရသေးတဲ့ လယ်ယာမြေပြသာနာတွေနဲ့ ကြုံတွေ့ နေရတာ လည်းဖြစ်ပါ တယ်။ ဒါ့အပြင် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာတာကြောင့် ဒေသခံတွေဟာ ပြည်ပထွက်ခွာသူတွေ လည်း များပြားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

XS
SM
MD
LG