နှစ်နိုင်ငံ သဘောတူညီချက်အရ သတ်မှတ်ထားတဲ့ရက်မှာတော့ ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည်တွေ အခုအချိန်ထိ ပြန်မရောက်လာကြသေးပါဘူး။ ဒါပေမဲ့လို့ မြန်မာအစိုးရဘက်ကနေ စိစစ်ပြီး ပြန်လည်လက်ခံနိုင်မယ့်စာရင်း ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိတွေဆီကို ပေးအပ်ထားတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးကပြောပါတယ်။ တိမ်းရှောင်သွားသူတွေကို ပြန်လက်ခံဖို့ မြန်မာအစိုးရဘက်က အဆင်သင့်ဖြစ်နေပေမဲ့ အခုထိ ပြန်မလာကြသေးတာဟာ သူတို့အတွက် ခိုင်မာတဲ့ အာမခံချက်ရှိတယ်လို့ မယုံကြည်ကြတဲ့ အတွက်ကြောင့်ဖြစ်တဲ့အတွက် နှစ်ဦးနှစ်ဘက် ယုံကြည်မှုရှိတဲ့သူက ကြားဝင်ဖြေရှင်းပေးမှ ပြေလည်မယ့်အနေအထားလို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။ မဆုမွန် ဆက်ပြောပြပါမယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တိမ်းရှောင်သွားတဲ့ သိန်းချီတဲ့ နေရပ်စွန့်ခွာ တိမ်းရှောင်သူများ ပြန်လည်လက်ခံဖို့ မြန်မာနိုင်ငံဘက်ခြမ်း နယ်စပ်စခန်းတွေဖြစ်တဲ့ တောင်ပြိုလက်ဝဲ ၊ ငါးခူရ ၊ လှဖိုးခေါင် ကြားစခန်းတွေမှာ အဆင်သင့်ပြင်ဆင်ထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့လို့ နှစ်နိုင်ငံသဘောတူညီချက်အရ သတ်မှတ်ထားတဲ့ရက်ဖြစ်တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ မြန်မာနိုင်ငံဘက်မှ အဆင်သင့်ဖြစ်ပေမဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကနေပြန်လာမည့်သူများ ရောက်မလာတဲ့အပြင် စာရင်းတွေကိုလည်း လက်ခံမရရှိသေးဘူးလို့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး ဦးဆောင်စီစဉ်နေသူ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။
"ရောက်လာတယ်ဆိုတာ မရှိသေးဘူးခင်ဗျ သူတို့ကရောက်လာတယ်ဆိုရင် စာရင်းအရင်ရောက်ရမယ်လေ။ စာရင်းအရင်ရောက်ပြီးတော့ မှ လူရောက်လာမှာလေ။ အဲဒီတော့ စာရင်းရောက်တာမကြားမိသေးဘူးခင်ဗျ အဲဒီတော့ လူလည်း မရောက်လာသေးပါဘူး။ အဲဒီတော့ ပြင်ဆင်ထားရှိမှုကတော့ အဆင်သင့်ဖြစ်တယ်။ ၂၃ ရက်နေ့ကတည်းကနေ စပြီးတော့ အဆင်သင့်ဖြစပါတယ်ခင်ဗျ။ ကျနော်တို့ဆီကနေ ဝန်ထမ်းတွေ အသီးသီး သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးက ဝန်ထမ်းတွေ အကုန်လုံးပေါ့ လူဝင်မှုကြီးကြပ်ရေးတို့ အထွေထွေအုပ်ချုပ်ရေးတို့ အဓိကပေါ့နော် နိုင်ငံခြားရေး ၊ ဒီဘက်က လူကယ်ပြန် စသဖြင့်ပေါ့ ကျန်းမာရေးပေါ့နော် အသီးသီးပေါ့ တာဝန်နဲ့ သက်ဆိုင်တဲ့လူတွေ အကုန်လုံး အဆင်သင့်ဖြစ်ပါတယ်ခင်ဗျ။ ဝန်ထမ်းတွေလည်း ကျနော်တို့သွားတော့ တွေ့ခဲ့တယ် ကျနော်တို့ မနေ့ကမှ ပြန်လာတာ။ ဒီနောက်ဆုံးအခြေအနေကတော့ အဆင်သင့်ဖြစ်တယ်။ ဒါပေမယ့် စာရင်းမရသေးဘူး ပြန်လာမယ့်လူတော့ မတွေ့သေးဘူးပေါ့နော်။"
ဒါကြောင့် မြန်မာအစိုးရဘက်ကနေ စိစစ်ပြီးသား ပြန်လည်လက်ခံနိုင်မယ့် မူဆလင် ၇၅၀နဲ့ ဟိန္ဒူ ၅၀၈ ဦး စုစုပေါင်း ၁၂၅၈ဦးစာရင်းကိုပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ရက်နေ့က နှစ်နိုင်ငံ ပူးတွဲဆောင်ရွက်မယ့်အဖွဲ့ အစည်းအဝေးမှာ ဘင်္ဂလားဒေ့ရှ်အစိုးရတာဝန်ရှိသူတွေ လက်ထဲ ပေးအပ်ခဲ့တယ်လို့လည်း ဒေါက်တာဝင်းမြတ်အေးက ပြောပြပါတယ်။
"ကျနော်တို့ကနေပြီးတော့ မြန်အောင်ဆိုပြီး Verify လုပ်ပြီးသား ခုနပြောတဲ့ မူဆလင် ၇၅၀နဲ့ ဟိန္ဒူ ၅၀၈ စာရင်းကို ပေးလိုက်တာဖြစ်တဲ့အတွက်ကြောင့် ဒီကြားထဲမှာ စိစစ်ရဦးမယ်။ အဆင့်ဆင့် ကိစ္စတွေအများကြီးကျန်သေးတဲ့အတွက်ကြောင့် ၂ ပတ်လောက်အချိန်ယူရတယ်ဆိုတာ ရှိပါတယ်။ အနည်းဆုံးတော့လေ ၁၂၅၈ဦးစာရင်း။ အဲဒီ ၁၂၅၈ယောက်ကို ကျနော်တို့ဆီကို စာရင်းပြန်ပို့ပြီဆိုရင် ၃၀၀ နဲ့ ၃၀၀ လေးရက်လောက်လောက်ဆိုရင် ကျနော်တို့ တပတ်ကို ၁၅၀၀ လက်ခံတာဆိုတော့ တပတ်တောင်မပြည့်ဘူး ပြီးသွားမှာပေါ့နော် ဒီကိစ္စကတော့။"
မြန်မာနိုင်ငံဘက်ခြမ်းက အခုလို နေရပ်ပြန်လာမယ့် ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားပေမဲ့ ဒုက္ခသည်တွေ ပြန်မလာကြသေးတာဟာ သူတို့အတွက် ဘဝလုံခြုံမှုနဲ့ ခိုင်မာတဲ့အာမခံချက်တွေ မရှိတာကြောင့်ဖြစ်တယ်လို့ မြန်မာ့နိုင်ငံရေးအကဲခတ်ဒေါက်တာခင်ဇော်ဝင်းက သုံးသပ်ပါတယ်။
"ဟုတ်တယ် တယောက်မှ ပြန်မလာသေးဘူး။ ဘယ်လိုဖြစ်နေသလဲဆိုတော့ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ကလည်း သူတို့အနေနဲ့ ပြင်ဆင်မှုတွေ မပြီးသေးလို့ ပြောတယ် နောက်ပြီးတော့လည်း ရိုဟင်ဂျာဒုက္ခသည်တွေ ကျနော်ရိုဟင်ဂျာဆိုတဲ့ စကားကိုသုံးတယ်နော် အာမခံချက်လည်းမရှိဘူး ။ ကြောက်လည်းကြောက်တယ် နောက်တခေါက်ဒီလိုဖြစ်မှာစိုးလို့ပေါ့လေ။ ဆိုတော့ ကောင်းပြီ ဒီတခေါက် ပြန်လာမယ်ဆိုရင်လည်း ဒီနေရာတွေမှာ သူတို့ကိုထားမယ် ၊ လက်ခံမယ်၊ စိစစ်မယ်။ သို့သော်လည်း သူ့အနာဂတ်က ဘယ်လိုရှိမလဲဆိုတာက မပြောနိုင်သေးဘူး အဲလိုဖြစ်နေတာပါ။ သို့သော်လည်း ကောင်းပြီ ရိုဟင်ဂျာတယောက် မိသားစုတစုဆိုပါတော့ဗျာ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ Camp မှာနေမလား၊ မြန်မာပြည်ဘက်က ရခိုင်မောင်တောဘက်က Camp မှာနေမလား အဲဒါကိုတော့ ရွေးရလိမ့်မယ်။ ဒီ Camp ထဲက ဘယ်အချိန်မှ ထွက်ရမလဲဆိုတာ ပြောလို့မရဘူး။ အမှန်အတိုင်းပြောရမယ်ဆိုရင် သူတို့နေခဲ့တဲ့ရွာတွေအကုန်လုံးလိုလို မီးရှို့ခံရတယ်။ မီးလောင်တာမဟုတ်ဘူးနော် မီးရှို့ခံရတာလေ။ ဆိုတော့ သူတို့အနေနဲ့ကလည်း ဒီဟာတွေပြန်ပြီးတော့ တည်ဆောက်ရဦးမယ် ၊ ဘဝတွေ တည်ဆောက်ရဦးမယ်ဆိုတော့ Camp မှာနေရဦးမှာပဲ။ သာမန်လူသားတွေအနေနဲ့ကတော့ စိုးရွံ့မှာပဲ ။ ဆိုတော့ ပြောချင်တာက တကယ့်ကို ကြားထဲမှာ မားမားမတ်မတ် ဝင်ရပ်ပေးနိုင်မယ့်လူတယောက် လိုနေတယ် ။ အဲဒါက မရှိဘူးဖြစ်နေတာ။ အဲဒီတော့ ဘော်လီဘော ပုတ်သလိုဖြစ်နေတယ် ဟိုဘက်တွေ ဒီဘက်တွေ ဝမ်းနည်းစရာကောင်းပါတယ်။"
မြန်မာအစိုးရဘက်က ရခိုင်ပြဿနာပြေလည်ရေး ကော်မတီ ကော်မရှင်ဖွဲ့စည်းဆောင်ရွက်နေပေမဲ့လို့ ထိလွယ်ရှလွယ်တဲ့အနေအထား အမှားမခံတဲ့ အခြေအနေဖြစ်နေတဲ့အတွက် နိုင်ငံတကာနဲ့ အများက လက်ခံနိုင်မယ့် လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေဘက်က ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးမှ ပြေလည်နိုင်မယ့် အနေအထားလို့လည်း ဒေါက်တာခင်ဇော်ဝင်းက အကြံပြုပါတယ်။
"တကယ့်ကို ရှေ့တန်းလိုနေရာမျိုးမှာ သွားပြီးတော့ အဲဒီလူတွေနဲ ထိတွေ့ပြီးတော့ ညှိနှိုင်းဖြေရှင်းရမယ်။ နေပြည်တော်ကနေပြီးတော့ ညွှန်ကြားနေလို့မရဘူး ဒီစကားကို ပြောရမှာပဲ ၊ စစ်တွေကနေပြီးတော့ ညွှန်ကြားနေလို့မရဘူး။ ဟိုဘက်ကိုသွားပြီးတော့ ဒီလူတွေနဲ့ ဟိုဘက် ဒီဘက် တွေ့ပြီးတော့ ကဲဒီလိုလုပ်မယ် အကောင်းဆုံး အတတ်နိုင်ဆုံးလုပ်ပေးမယ်ဆိုတဲ့ ၂ ဖက်ကြား ခေါင်းဆောင်မှုဆိုတာ ဒီနေရာမှာ ရှိဖို့လိုနေပြီ။"
နှစ်နိုင်ငံ သဘောတူညီချက်အရ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ လွှဲပြောင်းမှုတွေ လက်ခံဖို့စီစဉ်ထားပေမဲ့ လွှဲပြောင်းတာတွေ မလုပ်နိုင်သေးတဲ့အပေါ် ကြန့်ကြာမှုတွေမရှိအောင် စိစစ်လက်ခံနိုင်ရေး လုပ်ငန်းစဉ်တွေ အဆင်ပြေချောမွေ့အောင် အစိုးရအချင်းချင်း ချိတ်ဆက်ပြီး ဆက်လက်ဆောင်ရွက်သွားဖို့ရှိတယ်လို့လည်း မြန်မာအစိုးရဘက်ကပြောပါတယ်။