သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တဦးချင်းလိုက်နာမှ ရောဂါထိန်းချုပ်နိုင်မယ် -မြန်မာ့ကျန်းမာရေးတာဝန်ရှိသူ


မန္တလေးမြို့က ကိုဗစ်ရောဂါနဲ့သေဆုံးသူများကို သယ်ယူလာစဉ် ( ဓာတ်ပုံ - AFP)
မန္တလေးမြို့က ကိုဗစ်ရောဂါနဲ့သေဆုံးသူများကို သယ်ယူလာစဉ် ( ဓာတ်ပုံ - AFP)

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ တဦးချင်းလိုက်နာပြီး ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် COVID-19 ကြောင့် ကူးစက် သေဆုံးမှုနှုန်း အရမ်းဆိုးမသွားအောင် ထိန်းနိုင်မယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။ လာမယ့်သီတင်းနှစ်ပတ်အတွင်း မြန်မာနိုင်ငံလူဦးရေ ထက်ဝက်လောက် ကိုဗစ်ကူးစက်ခံရနိုင်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Barbara Woodward က ပြောခဲ့တဲ့အပေါ် အခုလို တုံ့ပြန် ပြောဆိုလိုက်တာပါ။ ပရဟိတကူညီနေသူတဦးကတော့ ကာကွယ်ဆေး အမြန်ရဖို့ အရေးကြီးတယ်လို့ ထောက်ပြပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ကျန်းမာရေးစနစ် ပြိုကျသွားတာ၊ ကျန်းမာရေးဝန်ထမ်းတွေ ဖမ်းဆီးခံရတာဟာ စိုးရိမ်စရာအခြေအနေ ဖြစ်တယ်လို့ ကုလလုံခြုံရေးကောင်စီ အလွတ်သဘော ဆွေးနွေးပွဲမှာ ဗြိတိန်သံအမတ်ကြီးက ပြောခဲ့တာပါ။ မြန်မာပြည်မှာ ကိုဗစ်ကူးစက်နှုန်း မြန်မြန်ဆန်ဆန် ပျံ့နှံ့နေပြီး ရှေ့လာမယ့် သီတင်းနှစ်ပတ်အတွင်းမှာ လူဦးရေရဲ့ ထက်ဝက်လောက်အထိ ကူးစက်နိုင်တယ်လို့လည်း သူက ခန့်မှန်းပြောဆိုခဲ့ပါတယ်။

ကျန်းမာရေးဌာနပြောခွင့်ရ ဒေါက်တာသန်းနိုင်စိုးကတော့ ကျေးလက်မှာအနေများတဲ့ မြန်မာ့လူနေမှုစနစ်ကြောင့် ဒီလောက်ပမာဏအထိ ကူးစက်နိုင်မယ်လို့ သူ့အနေနဲ့ ခန့်မှန်းမထားကြောင်း ပြောပါတယ်။ တဦးတယောက်ချင်းစီက ကိုဗစ်ကာကွယ်ရေး စည်းကမ်းတွေကို စနစ်တကျလိုက်နာမယ်ဆိုရင်တော့ နိုင်ငံတကာ အသိုင်းအဝန်းက ခန့်မှန်းထားသလောက်မဟုတ်ဘဲ လျှော့ချနိုင်လိမ့်မယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“လူဦးရေထူထပ်တဲ့ မြို့ပြကြီးတွေမှာတော့ infection ( ကူးစက်နှုန်း) ကတော့ ဆက်တိုက်၊ ဆက်တိုက် ကူးစက်သွားတဲ့သဘော ရှိပေမဲ့ လူဦးရေကျဲသွားတဲ့ နေရာတွေမှာတော့ ခုနကလို ဆက်တိုက်ကူးဖို့ မလွယ်ဘူးပေါ့။ ဒါပေမဲ့လည်း ကူးဖို့၊ မကူးဖို့ဆိုတဲ့ဟာက တဦးတယောက်ချင်းရဲ့ ကာကွယ်မှုအပေါ်မှာပဲ အရမ်းမူတည်တာပေါ့။ ကျမ်းမာရေးအသိ၊ သတိနဲ့ ကာကွယ်ဖို့လိုတယ်။ အခုလို ကာကွယ်ဆေးတွေ ထိုးနှံပေးတဲ့အချိန်မှာ ကျနော်တို့က ထိုးနှံဖို့လိုတယ်ပေါ့နော်။ ဒါမှ ခန္ဓာကိုယ်ထဲမှာ ခုခံအားတွေရပြီး ဒီရောဂါကို စိုးရိမ်စရာမလိုတော့တဲ့အခြေအနေ၊ နောက်ဆုံ းပိုးဝင်ရင်တောင်မှ ပြင်ပြင်းထန်ထန် မဖြစ်ပွားနိုင်ဘူး။ အသက်သေဆုံးမှုကလည်း အများကြီး ကာကွယ်ပေးနိုင်တယ် ဆိုတော့လေ။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမယ်။ ကိုယ့်အနီးနားမှာရှိတဲ့ လူတွေကိုလည်း ကာကွယ်ဖို့တိုက်တွန်းမယ်၊ ကိုယ်ကလည်း ကာကွယ်ဆေးထိုးတဲ့နေရာမှာ ကိုယ်တိုင်လည်းပါဝင်မယ်၊ ကျန်တဲ့သူလည်း အထိုးခံမယ်ပေါ့။ ဒီရောဂါနဲ့ပတ်သက်လို့ နှိမ်နင်းနေတဲ့လုပ်ငန်းတွေ၊ တိုက်ဖျက်နေတဲ့လုပ်ငန်းတွေမှာလည်း တတပ်တအား ပါဝင်မယ်ပေါ့၊ ဒါဆိုရင်တော့ သူတို့မှန်းထားသလောက် မဟုတ်ဘဲနဲ့ ကျော်ဖြတ်နိုင်မှာပေါ့။”

မေလအစောပိုင်းက ကိုဗစ်ကြောင့်သေဆုံးသူ တရက်ကို အယောက် ၅၀ ရှိခဲ့ရာကနေ ဒီသီတင်းတပတ်ထဲမှာ ၃၀၀ ကျော်၊ ၄၀၀ အထိ တက်လာတာပါ။ ရောဂါကူးစက်မှုကို မထိန်းချုပ်နိုင်သေးတဲ့အတွက် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတကာအသိုင်းအဝန်းရဲ့ အကူအညီကို မကြာသေးခင်ကပဲ တောင်းခံခဲ့ပါသေးတယ်။

ကျန်းမာရေးဌာနကတော့ ပြည်သူတွေအချင်းချင်း တတ်နိုင်တဲ့ဘက်ကနေ လူ၊ ငွေကြေး၊ ပစ္စည်း၊ ပညာ စသည် ပူးပေါင်းပါဝင်ပေးဖို့ ကြေညာချက်ထုတ် ပန်ကြားထားပါတယ်။
“ချိန်ခွင်က ဘယ်ဘက်ကို စောင်းမလဲဆိုတဲ့ဟာပေါ့၊ အလေးဘက်ကများရင် အလေးဘက်ပါမယ်၊ ပစ္စည်းဘက်များရင် ပစ္စည်းဘက်ပါမယ်။ ကျနော်တို့ ဒီဘက်က ပူးပေါင်းတဲ့အား ကောင်းလေလေ ဟိုဘက်ကရောဂါက မခံနိုင်လေလေပဲ။ ကာကွယ်နိုင်မှု အားနည်းမယ်၊ ပူးပေါင်းဆောင်ရွက်မှု အားနည်းမယ်ဆိုရင်တော့ တဘက်ကရောဂါဘက်က အလေးသာမှာပေါ့နော်။ အဓိကတော့ ဒီဘက်က အလေးများများတင်ဖို့ လိုတာပေါ့ ပူးပေါင်းဆောင်ရွက်မှုအားတွေ။ ကျနော်တို့ ဒုတိယလှိုင်းတုန်းကလည်း အားလုံးကျနော်တို့ ရင်ဆိုင်နိုင်ခဲ့တာပဲလေ။ အခုလည်းဒီလို လူတိုင်းလူတိုင်း တကိုယ်စာ မဝင်နိုင်ဘူးဆိုရင် ဒါ ရောဂါက အမြစ်ပြတ်သွားမှာပဲလို့တောင်မှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောထားတယ်ပေါ့နော်။”

ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ နေ့စဉ်သေဆုံးနှုန်းထက် တကယ့်လက်တွေ့မှာ ပိုများနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေနဲ့ ပရဟိတကူညီသူတွေက ပြောကြပါတယ်။ မြန်မာပြည် ကိုဗစ်တတိယလှိုင်းအစမှာ သက်ကြီးပိုင်းတွေ သေဆုံးမှုများခဲ့ပြီး အခု တတိယလှိုင်းမှာတော့ လူငယ်ပိုင်းတွေလည်း ပါလာတဲ့အတွက် ကာကွယ်ဆေးကို အချိန်မီထိုးပေးနိုင်ဖို့ မျှော်လင့်ကြောင်း ရွှေသံလျင် နာရေးကူညီမှုအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဝင်းက ပြောပါတယ်။

“အခု တဖြည်းဖြည်း ကြာလာတဲ့အခါမှာ အသက်ငယ်ပိုင်းတွေ တော်တော်များများ ပါလာပြီ။ ဒီနေ့ဆိုရင် ကျနော်တို့သယ်ရတာ ၂၀ အထက်တွေ၊ ၃၀ အထက်တွေ၊ ၄၀ ဝန်းကျင်တွေ။ ဒီလိုမျိုးတွေပါ ပါလာပြီဆိုတော့ ဒီကာကွယ်ဆေး လုံလောက်မှုအားကတော့ အများကြီးလိုလိမ့်မယ်။ ဒါပေမဲ့ ဒီဥစ္စာကလည်း မြန်မာပြည်ရှိတဲ့ လူဦးရေတိုင်းကို တင်သွင်းပြီး ထိုးပေးမယ်ဆိုရင်တော့ ဒီရောဂါကို အတတ်နိုင်ဆုံး ကာကွယ်နိုင်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။”

ကိုဗစ်တတိယလှိုင်းဟာ အရှိန်ကောင်းနေဆဲဖြစ်လို့ ဒီကပ်ရောဂါ ပြီးဆုံးဖို့က အလှမ်းဝေးသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲက သတိပေးထားပါတယ်။ ကိုဗစ်တတိယလှိုင်းကို ကြုံနေရတဲ့ မြန်မာနိုင်ငံမှာ တရားဝင်ထုတ်ပြန်တဲ့ စာရင်းအရဆိုရင် ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၈,၅၀၀ ကျော်ရှိပြီး ကူးစက်ခံရသူကတော့ ၂၈၉,၀၀၀ ကျော်ရှိပြီဖြစ်ပါတယ်။

............................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)









XS
SM
MD
LG