သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်ပြန်ခေါ်ရေး ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်


ရခိုင်ပြည်နယ်ဝန်ကြီးချုပ်- လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးတို့ ပြန်လည်လက်ခံရေးစခန်းတွေကို လိုက်လံကြည့်ရှုစစ်ဆေးနေစဉ်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်- လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးတို့ ပြန်လည်လက်ခံရေးစခန်းတွေကို လိုက်လံကြည့်ရှုစစ်ဆေးနေစဉ်။

မြန်မာအစိုးရနဲ့ ကုလအဖွဲ့အစည်းတွေ သဘောတူလက်မှတ်ရေး ထိုးပြီးကတည်း ကစလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး လုပ်ငန်းတွေ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ပူးပေါင်းပြီး ပိုအရှိန်အဟုန်မြင့် ဆောင်ရွက်နေပြီဖြစ်တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာ ချထားရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ နယ်စပ်လုံခြုံရေးကိုလည်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေချိန်မှာတော့ ဒုက္ခသည်တွေ နေရပ်ရင်းပြန်နိုင်ရေး လုံခြုံရေးစိုးရိမ်ချက်တွေ ရှိနေတုန်းပဲလို့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေ ကပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က ဆက်ပြောပြပါမယ်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ကြတဲ့ ဒုက္ခသည်တွေ နေရပ်ရင်းကို လုံခြုံစိတ်ချစွာပြန်လာနိုင်ရေးနဲ့ အခွင့်အရေးတွေ အပြည့်အဝရရှိနိုင်ရေး UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး၊ UNDP ကုလသမဂ္ဂဖွ ံ့ဖြိုးမှုအစီအစဉ်နဲ့ မြန်မာအစိုးရတို့အကြားမှာ ပူးပေါင်း ဆောင်ရွက်သွားကြဖို့ သုံးပွင့်ဆိုင်သဘောတူညီမှု နားလည်မှုစာချွန်လွှာကို ပြီးခဲ့တဲ့ ဇွန်လ၆ရက်နေ့က နေပြည်တော်မှာ သုံးဦးသုံးဖလှယ် လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။

အခုလို ကုလအဖွဲ့တွေနဲ့အစိုးရတို့ကြား နားလည်မှု သဘောတူစာချုပ်ထိုးပြီးကတည်းကစလို့ မြေပြင်အထိကွင်းဆင်းစစ်ဆေးမှုတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်မှုတွေကို အရှိန်မြင့်လုပ်ဆောင်နေပြီဖြစ်တယ်လို့ ရခိုင်အရေးဦးဆောင်ဆောင်ရွက်နေသူတဦးဖြစ်တဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပါတယ်။

"နောက်ဆုံးအခြေအနေအရကတော့ UNHCR။ UNDP နဲ့ လက်မှတ်ထိုးပြီးပြီ။ စာချုပ်ချုပ်ပြီးတဲ့နောက်မှာ ဒီစာချုပ်ကိုအကောင်အထည်ဖော်ဖို့ ကြိုးစားနေ တယ်ပေါ့နော်။ ကြိုးစားနေတဲ့အအချိန်မှာ ဒီမြေပြင်မှာ သေချာ အကောင်အထည်ဖော် ဖို့ ကော်မတီဖွဲ့တယ်။ ဒါလည်းဖွဲ့ပြီးသွားပြီ။ ဒီအဖွဲ့တွေက UNHCR။ UNDP မှာပါဝင်သူတွေကနေပြီးတော့ ဒီမြေပြင်မှာ ဆင်းပြီးတော့ ပါဝင်တဲ့အဖွဲ့တွေအားလုံးပူးပေါင်းပြီးတော့ ပထမသွားရောက်ဖို့ပေါ့နော် နေရာတွေရွေးချယ်တာတို့ ဘာတို့ ဒါတွေလုပ်နေတယ်။ ကျနော်တို့ဆီက ကိုယ်စားလှယ်တွေပါတယ်။ ဆိုတော့ အဲလိုမျိုးဆောင်ရွက်တာပါခင်ဗျ။"

အစိုးရရုံးစိုက်ရာနေပြည်တော်မှာလည်း ကုလသမဂ္ဂဘက်က အခြေစိုက်ရုံးဖွင့်လှစ်ပြီး ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ပိုပြီးတော့မှ ပူးပေါင်းဆောင်ရွက်မှုတွေကို အချိန်နဲ့တပြေးညီ ဆောင်ရွက်နိုင်ခဲ့တယ်လို့လည်း ဝန်ကြီးဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။

"အခုဆို မကြာခင် UN အဖွဲ့အစည်းများနဲ့ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေအကုန်လုံး ၊ ဒီပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်ဆိုတဲ့ Contract တခုတောင်လုပ်မှာခင်ဗျ မကြာဘူး။ ဒီလစမ်းမှာ လုပ်တော့မယ်။ ဒီကြားထဲမှာ UN လည်းပါတယ် တခြားနိုင်ငံကလူတွေလည်းပါတယ်။ ဒါတွေက ထိုင်းကနေပြီးတော့ တကယ့်ကုမ္ပဏီ ကြီးတွေ အလုပ်လုပ်မယ့် ဖောင်ဒေးရှင်းတွေ အကုန်လုံးကနေပြီးတော့ ဆွေးနွေးကြတာရှိတယ်။ ကျနော်တို့ဆီမှာလေ။

မဆုမွန်။ ။ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ နောက်ဆုံးအခြေအနေလေးလည်းသိချင်ပါတယ်။

ဖြေ။ ။ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ကတော့ ၂ နိုင်ငံ working group တွေအစည်းအဝေးလုပ်ပြီးတော့ လုပ်နေတာပေါေ့နာ် အဲဒါတွေက သွားနေတာပေါ့။ ဒီလုပ်ငန်းစဉ်တွေက သူ့အချိန်နဲ့ သတ်မှတ်ထားတဲ့ စာချုပ်တွေအတိုင်းကို လုပ်သင့်တာကို ကျနော်တို့ လုပ်နေတာပဲ။"

အခုလိုဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည်တွေပြန်လည်လက်ခံရေး သက်ဆိုင်ရာတာဝန်ရှိသူတွေ ဆောင်ရွက်နေချိန်မှာပဲ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေဘက်ကတော့ ရခိုင်ဖြစ်စဉ်နဲ့ပတ်သက်ပြီး သူတို့ချိုးဖောက်ခံရမှုတွေအပေါ် ကျူးလွန်သူတွေကို ဖော်ထုတ်ရေး နိုင်ငံသားအခွင့်အရေးအပြည့်အဝေပေးရေးနဲ့ နေရပ်ရင်းပြန်တဲ့အခါ လုံခြုံစိတ်ချရတဲ့ အာမခံပေးဖို့တွေကို အဓိကတောင်းဆိုလိုတယ်လု့ိ ဘင်္ဂလားဒေ့ရှ် ကော့ဇက်ဘဇားအနီး ဘာလုခါလီဒုက္ခသည်စခန်းနေ ဦးအီစလံကပြောပါတယ်။

"တောင်းဆိုချက်တာကတော့ ကျနော်တို့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ကျူးလွန်သူမှန်သမျှကို နိုင်ငံတကာရာဇဝတ်ခုံရုံးကို တင်ပေးဖို့နဲ့ နောက်ကျနော်တို့နိုင်ငံသားအခွင့်အရေးရရှိဖို့နဲ့ ဘေးကင်းလုံခြုံစွာ နေရပ်ရင်းကိုပြန်နိုင်ဖို့တွေအဓိက တောင်းဆိုချင်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဘေးကင်းလုံခြုံမှုမရှိပဲနဲ့ နေရပ်ပြန်ဖို့ဆိုတာ အလွန်စိုးရိမ်ပါတယ်။ မိမိမူလကျေးရွာမှာ နေထိုင်ဖို့နဲ့ တည်ငြိမ်အေးချမ်းတဲ့ဘဝကို ပြန်လည်တည်ဆောက်ဖို့ အဓိကလိုအပ်တယ်။ အခုဖြစ်ရပ်ရဲ့ အကြံပြုချက်ကို အကောင်အထည်ဖော်မယ်ဆိုပြီးတော့ အပြောပဲရှိတယ် လက်တွေ့ဆိုတာ ဘာတခုမှ ကျနော်တို့ မမြင်သေးပါဘူး။"

ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ဆောင်ရွက်နေချိန်နဲ့တပြိုင်နက်တည်းမှာပဲ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေးအပိုင်းကိုလည်း နှစ်နိုင်ငံပူးပေါင်းပြီး ကင်းလှည့်နေတယ်လို့ ဝန်ကြီးကပြောပါတယ်။

"လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာလည်းကြိုးစားနေတယ် ဒါပေမယ့် နယ်စပ်မှာ ကုန်းပိုင်းလုံခြုံရေးတို့ ရေပိုင်းလုံခြုံရေးတို့ ခုနပြောသလို လှည့်လည်သွားလာတာ။ ဒါပေမယ့်လို့ ထိရောက်ဖို့လိုတယ်။ အပိုင်းအပိုင်းတွေကတော့ အများကြီးပဲ အပေါက်တွေကအများကြီးဖြစ်နေတယ် ဝင်ဖို့လွယ်တာပေါေ့နာ် ဒါတွေလည်း ကျနော်တို့ ဆောင်ရွက်နေတယ် အတတ်နိုင်ဆုံးလေ။"

ပြီးခဲ့တဲ့ဇူလိုင်လ ၁၆ရက်နေ့ကတော့ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ် အတွင်း ဘင်္ဂလားဒေရှ့်နဲ့ မြန်မာ နယ်စပ် ခြံစည်ရိုးကို ကျော်တက်သူ နှစ်ဦးကို သေနတ်နဲ့ သတိပေး ပစ်ခတ်ခဲ့ရကြောင်း လုံခြုံရေးက ခြောက်လှန့် ပစ်ခတ်ခဲ့တာမှာ ဒီလူးရဲ့ ကျောဘက်ကနေ ကျည်ထိခဲ့ပြီး မောင်တော ဆေးရုံကို ပို့ဆောင်ခဲ့ရပြီး မာမွတ်ဖာဒူကိုတော့ ပြင်ဖြူ ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ မြန်မာ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ အခုလိုနယ်စပ်မှာ ပစ်ခတ်မှုတွေရှိနေတဲ့အတွက် နယ်မြေရှင်းလင်းမှုတွေကြား ကြောက်လန့်ပြီး တိမ်းရှောင်ခဲ့ကြရတဲ့ ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည်တွေဘက်ကတော့ စိုးရိမ်မှုတွေပိုတိုးလာနေတယ်လို့ ဗွီအိုအေမြန်မာပိုင်းကို ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG