သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ARSA အပစ်ရပ် တလပြည့် မောင်တောမှာ လုံခြုံရေးတိုးမြှင့်


လုံခြုံရေးရဲများ
လုံခြုံရေးရဲများ

ARSA ခေါ် အကြမ်းဖက်အဖွဲ့အစည်း ရဲ့ ၁လကြာအပစ်အခတ်ရပ်စဲရေး ကြေညာချက် ရက်စေ့သွားချိန်မှာ နယ်စပ်ဒေသမှာ အကြမ်းဖက်သမားတွေ ရောက်ရှိနေတဲ့ သတင်းတွေထွက်ပေါ်နေသလို အာဏာပိုင် အဖွဲ့အစည်းတွေဖက်ကလည်း ရခိုင်ပြည်နယ်ရဲ့ လုံခြုံရေးကို တိုးမြှင့်ထားပါတယ်။ မောင်တောမြို့ခံတချို့ကတော့ လုံခြုံရေးတိုးမြှင့်ထားတာကြောင့် အရင်ထက်စာရင် ပူပန်မှုသိပ်မရှိကြောင်း ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ARSA ခေါ် အကြမ်းဖက်အဖွဲ့က သြဂုတ်လ ၂၅ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ လုံခြုံရေးစခန်း ၃၀လောက်ကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့နောက် စက်တင်ဘာလ၁၀ရက်နေ့မှာ လူသားချင်း စာနာ မှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ရေးအတွက် ၁လကြာ အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ ပါတယ်။

ဒီလို ကြေညာပြီး ၁လပြည့်ချိန်မှာ အကြမ်းသမားတွေ ထပ်မံဝင်ရောက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ် လာသလို ဒေသခံပြည်သူတချို့ကလည်း စိုးရိမ်တာတွေရှိနေခဲ့ပါတယ်။

ရခိုင်ပြည်နယ်ရဲမှုး ရဲမှုးကြီးအောင်မြတ်မိုးက လက်ရှိ ထွက်ပေါ်နေတဲ့သတင်းတွေကို အတည်မပြုနိုင်သေး ကြောင်းနဲ့ လုံခြုံရေးအခြေအနေကို တိုးမြှင့်ထားကြောင်း ပြောပါတယ်။

“သီးခြားရယ်လို့ တော့ မရဘူး။ သို့သော် Hear Say တွေပေါ့။ အတည်ပြုလို့ မရတဲ့ သတင်းတွေကတော့ နယ်စပ်မှာ သူတို့ရောက်နေပြီ၊ အထက်အမိန့်ကို စောင့်နေတယ်။ ဆိုတဲ့ဟာမျိုးလေးတွေတော့ ကြားရတယ်ခင်ဗျ။ သို့သော် မြေပြင်မှာကတော့ ရောက်တယ်မရောက်ဘူးဆိုတာတော့ အတည်ပြုလို့ မရဘူး။ လုံခြုံရေးကတော့ ကျနော်တို့ကတော့ ပုံမှန်ထက်ပိုပြီးတော့ အဆင့်မြှင့်ဆောင်ရွက်နေပါတယ်။ ရခိုင်ပြည်နယ်မြို့ကြီးတွေ အားလုံး စစ်တွေမြို့အပါအဝင် အားလုံး၁၇မြို့နယ်ရှိတာပေါ့။ ခရိုင်မြို့ကြီးတွေမှာရော လှည့်ကင်းတွေ၊ရပ်ကင်းတွေ၊ စောင့်ကြည့်ကင်းတွေ ဒါတွေကတော့ တိုးမြှင့်ပြီးဆောင်ရွက်နေပါတယ်။ မြို့ဝင်မြို့ထွက် ရှာဖွေတာတွေရော၊ ပိတ်ဆို့တာတွေရော။”

အကြမ်းဖက်တိုက်ခိုက်တာတွေ အများဆုံးဖြစ်ပွားခဲ့တဲ့ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ် အတွင်း လုံခြုံရေးဆောင်ရွက်နေတဲ့ အခြေအနေကိုလည်း အခုလို ဆက်ပြောပါတယ်။

“ မောင်တောဒေသမှာတော့ နယ်ခြားစောင့်တပ်ရှိပါတယ်။ သူတို့ကတော့ သူတို့ သတ်မှတ်ထားတဲ့ နယ်မြေအတွင်းမှာ တပ်မတော်နဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်တာရှိတယ်။ နောက် ရဲချည်းပဲ သတ်သတ်ဆောင်ရွက်တာရှိတယ်။ ဘူးသီးတောင်မြို့ပေါ်၊ မောင်တောမြို့ပေါ်မှာလည်း ခရိုင်ရဲတပ်ဖွဲ့ နယ်မြေခံရဲတပ်ဖွဲ့ရှိတယ်။ ဒါတွေက သတ်မှတ်ထားတဲ့ဧရိယာအလိုက်ဆောင်ရွက်တွေရှိပါတယ်ခင်ဗျ။ ”

မောင်တောမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းလှစိန်ကတော့ လက်ရှိလုံခြုံရေး အခြေ အနေအရ သိပ်စိုးရိမ်စရာမရှိကြောင်း ပြောပါတယ်။

“ လုံခြုံရေးကတော့ နယ်ခြားစောင့်ကလည်း သူ့နေရာနဲ့သူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြီးရင် တပ်က သူ့ဆိုင်ရာဆိုင်ရာလှည့်ကင်းတွေနဲ့ သူ၊ ခု ၉ရက်နေ့နဲ့ပတ်သက်ပြီးတော့ သူတို့လှုံဆော်တာကလည်း မီဒီယာလောက်ပဲဖြစ်မှာပါ။ လုံခြုံရေးဆိုဒ်အမြင်ကတော့ သူတို့ မြို့ပတ်ဝန်းကျင်မှာရှိနေတယ်။ မြို့ကို ပိတ်နိုင်တယ်ဆိုပြီးတော့ စဉ်းစားနေကြတာပေါ့။ ငါတို့ကတော့ ဒီမှာရှိတဲ့ တိုင်းရင်းသားတွေနဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့စုပေါင်းပြီးတော့ အင်အားမျှလိုက်ရင် အရင်ထက်စာရင်တော့ ငါတို့ စိုးရိမ်စရာတော့ မရှိဘူးလို့ထင်တယ်။ ”

မောင်တောမြို့ရဲ့ မြောက်ဖက် ငါးခူရကျေးရွာမှာ နေထိုင်သူတဦးကတော့ သူတို့ဖက်မှာ အခြေအနေဟာ အေးအေးဆေးဆေးရှိကြောင်း ပြောပါတယ်။

“ ပုံမှန်ပါပဲ။ ဟိုဟာမျိုးတွေ တိုးမြှင့်ချထားတာတော့ မတွေ့ရပါဘူး။ ဒီမှာ အကုန်လုံးတော့ သွားလာနေကြတာပါပဲ။ ခုလောလောဆည်တော့ ခုနလေးတင်ကမှ လူကြီးတွေ လာသွားတာတော့ ရှိတယ်။ ဝန်ကြီးတွေလို့ ပြောတယ်။ ရဟတ်ယာဉ်နဲ့ လာတာဆိုတော့ ရပ်မိရပ်ဖတွေနဲ့ သူတို့ပဲ တွေ့ကြတာ။ တာဝန်ရှိတဲ့သူတွေနဲ့ပဲတွေကြတာခင်ဗျ။ ”

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုရဲ့ facebook စာမျက်နှာမှာတော့ နိုင်ငံတော်အတိုင်အပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ နယ်စပ်ရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွန်း၊ ပြည်ထောင်စုအစိုးရရုံး/ညွှန်ချုပ်ဦးဇော်သန်း၊ အတိုင်အပင်ခံရုံးဝန်ကြီးဌာန ညွှန်မှူး ဦးကျော်လွင်၊ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ သံတမန်အဖွဲ့တွေနဲ့ နိုင်ငံတကာသတင်းသမားတွေဟာတပ်မတော်ရဟတ်ယာဉ် (၂)စီးနဲ့မောင်တောဒေသကို သွားရောက်ခဲ့ကြောင်း ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေကတော့ ARSA ခေါ် အကြမ်းဖက်အဖွဲ့က အစိုးရဖက်က ငြိမ်းချမ်းရေးကမ်းလှမ်းလာရင် ဆွေးနွေးမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပေမဲ့ အစိုးရဖက်ကတော့ ARSA ဟာ အကြမ်းဖက်အဖွဲ့ဖြစ်တာကြောင့် စေ့စပ်ညှိနှိုင်းဖို့ မရှိကြောင်း ကာကွယ်ရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး စိန်ဝင်းက တနင်္လာနေ့က သတင်းမီဒီယာတွေကို ပြောကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG