သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာချီလိတ်မြို့လျှပ်စစ် ထိုင်းကမရ၍ လာအိုဆီကယူ


မယ်ဆိုင်-တာချီလိတ် ထိုင်းနယ်စပ်ဂိတ် (မှတ်တမ်းရုပ်ပုံ)
မယ်ဆိုင်-တာချီလိတ် ထိုင်းနယ်စပ်ဂိတ် (မှတ်တမ်းရုပ်ပုံ)

မြန်မာနိုင်ငံနယ်စပ်မှာ အခြေစိုက်ပြီး အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့ ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နှင်းဖို့ဆိုပြီး ထိုင်းအစိုးရက နယ်စပ်မြို့တချို့မှာ လျှပ်စစ်မီးနဲ့ လောင်စာဆီ ဖြတ်တောက်လိုက်တာ ဒီကနေ့နဲ့ဆို အချိန်ကာလ ၁ လရှိပါပြီ။ မြန်မာနိုင်ငံနယ်စပ်မြို့ တာချီလိတ်မှာတော့ လာအိုကနေရရှိတဲ့ လျှပ်စစ်မီးကို အလှည့်ကျသုံးစွဲနေပြီး စက်သုံးဆီ ပုံမှန် ဝယ်ယူလို့ရနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ထိုင်းဘက်က လျှပ်စစ်မီးနဲ့ လောင်စာဆီ ဖြတ်တောက်ခံထားရတဲ့ တာချီလိတ်မြို့ အခြေအနေ သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့ ကျားဖြန့်လုပ်ငန်းတွေ အခြေစိုက်ရာ နယ်စပ်မြို့တွေကို ထိုင်းအာဏာပိုင်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ကစပြီး လျှပ်စစ်မီးနဲ့ လောင်စာဆီ ဖြတ်တောက်ခဲ့တာပါ။ နယ်စပ်မြို့တွေထဲက တခုဖြစ်တဲ့ တာချီလိတ်မြို့မှာတော့ ထိုင်းဘက်က လျှပ်စစ်မီး ဖြတ်တောက်လိုက်ချိန်မှာ လာအိုဘက်ကမီးကို အချိန်ပိုင်းသတ်မှတ်ပြီး မြို့တွင်းမှာ သုံးစွဲနေတယ်လို့ တာချီလိတ်ဒေသခံတဦးက ပြောပါတယ်။

"တနေ့မှာ ဒီနေ့ ၃ နာရီ ပျက်တယ်ဆိုရင် ည ၁၁ မှလာတယ်။ တနေ့ကို ၈ နာရီပဲ ပေးတော့တယ်။ တချို့မြို့ထဲမှာဆိုရင် VIP လိုင်းဆိုတာ ရှိတယ်တဲ့။ အဲဒီလိုင်းကတော့ ပျက်လည်း ခဏပဲပေါ့။ ကျနော်တို့လိုင်းကတော့ သာမန်ဆိုတော့ ၈ နာရီပဲရတယ်။"

အရင်က လျှပ်စစ်မီး ၂၄ နာရီရပေမယ့် အခုချိန်မှာတော့ ရပ်ကွက်တော်တော်များများ တနေ့တာလျှပ်စစ်မီးရချိန်က ၈ နာရီပဲရှိတယ်လို့ ပြောပါတယ်။ တာချီလိတ်မြို့ မီးလင်းရေး ဦးဆောင်ကော်မတီကနေ လာအိုဘက်က လျှပ်စစ်မီးကို ဝယ်ယူသုံးစွဲပြီး အလှည့်ကျပေးဝေနေတာပါ။

"နှုန်းထားကတော့ အတူတူပါပဲဗျ။ အရင်ကတည်းက ဒီမှာက လာအိုမီး သုံးတာရှိတယ်။ အပိုင်း ၁ နဲ့ ၂ ပေါ့ဗျာ။ ၁ အခြမ်းက ထိုင်းမီးသုံးတာပေါ့။ အဲဒီ ၁ အခြမ်းက ထိုင်းမီးအဖြတ်ခံရတော့ လာအိုမီးရတဲ့ဘက်ကနေ မျှသုံးတဲ့ပုံစံမျိုး ဖြစ်နေတာဗျ။"

ထိုင်းဘက်ကနေ လျှပ်စစ်မီးနဲ့ လောင်စာဆီ ဖြတ်တောက်လိုက်တဲ့ ဖေဖော်ဝါရီလတုန်းက စက်သုံးဆီရရှိဖို့ကို ဒေသခံတွေဟာ ဆီပန့်တွေမှာ တန်းစီဝယ်ယူရတဲ့ အခြေအနေကို ကြုံတွေ့ခဲ့ကြပါတယ်။ အခုချိန်မှာတော့ စက်သုံးဆီကို ပုံမှန်ဝယ်ယူနိုင်တယ်လို့ ပြောပါတယ်။

"စက်သုံးဆီကတော့ အရင်တုန်းကထက်စာရင် ၂ ဘတ်၊ ၃ ဘတ်လောက်ပဲ တက်တော့တာပါ။ သဘောတခုပေါ့။ အရင်တုန်းကဆိုရင် ၂၀ ကနေ ၃၃ ဘတ်ဆိုရင် တလီတာစျေးပေါ့။ အခုက တလီတာကို ၄၀၊ ၄၂ ဘတ်၊ အဲဒီလောက်ပါပဲ။ အများကြီးတော့ မတက်ဘူး။ ပုံမှန်တော့ ရနေတယ်။ တန်းစီစရာလည်း မလိုတော့ပါဘူး။ မီးကတော့ ဒုက္ခရောက်တာပေါ့။ စက်သုံးဆီကတော့ လောလောဆယ်က အဆင်ပြေပါတယ်။ မီးရတာက ၂၄ နာရီမဟုတ်တော့ အလုပ်အကိုင်တွေက အရင်ကလောက်တော့ မကောင်းဘူးပေါ့။"

မြန်မာနိုင်ငံနဲ့ နယ်စပ် အွန်လိုင်းငွေကြေးလိမ်လည်တဲ့ လုပ်ငန်းတွေကို နှိမ်နှင်းဖို့ ဖိအားပေးမှုတွေ ရင်ဆိုင်ရပြီးတဲ့နောက် ထိုင်းအစိုးရက မြဝတီ၊ တာချီလိတ်နဲ့ ဘုရားသုံးဆူကို ပေးထားတဲ့ လျှပ်စစ်မီးတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ကစပြီး ဖြတ်တောက်လိုက်တာပါ။ ဒါ့အပြင် ကုန်စည်တချို့ သယ်ယူခွင့်ကိုလည်း ထိုင်းဘက်က ပိတ်ပင်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG