သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်အာဏာသိမ်းမှုရှုတ်ချတဲ့ဆုံးဖြတ်ချက် လူ့အခွင့်အရေးကောင်စီမူကြမ်းပြင်ဆင်


ဥရောပသမဂ္ဂ EU ဌာနချုပ် (Brussels, Belgium)
ဥရောပသမဂ္ဂ EU ဌာနချုပ် (Brussels, Belgium)

{{Zawgyi/Unicode}}

ဗြိတိန်နဲ့ ဥရောပသမဂ္ဂ (EU) တို့က ပူးတွဲတင်သွင်းထားတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းထဲမှာ စစ်အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ချထားပြီး လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံကို ချက်ခြင်းလာခွင့်ပေးဖို့ တောင်းဆိုထားတယ်လို့ ရိုက်တာသတင်းတပုဒ်မှာ ရေးထားပါတယ်။

ဒီမူကြမ်းကို သောကြာနေ့မှာ ဆွေးနွေးဆုံးဖြတ်ကြဖို့ရှိတာပါ။ မြန်မာစစ်တပ်နဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိကြတဲ့ တရုတ်နဲ့ ရုရှားတို့ကတော့ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ ဆုံးဖြတ်ချက်မူကြမ်း မဲခွဲတာကို ကိုဗစ်ကပ်ရောဂါကြောင့် အွန်လိုင်းကနေ လုပ်ရမယ့်အပေါ် စိုးရိမ်တဲ့အကြောင်း ဒီသီတင်းပတ်အတွင်း ပြောထားပါတယ်။

စစ်ကောင်စီက ထိန်းသိမ်းထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားလူတွေကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြီးခဲ့တဲ့သီတင်းပတ်မှာ တောင်းဆိုခဲ့ပေမယ့် အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ချတဲ့ထိတော့ မလုပ်နိုင်ခဲ့ပါဘူး။

မြန်မာနိုင်ငံတွင်း ဆန္ဒပြပွဲတွေကို အင်အားသုံး နှိမ်နင်းဖြိုခွဲမယ့်အရေး နိုင်ငံတကာက သတိပေးထားပြီး စိုးရိမ်မှုတွေလည်း ထွက်နေတာပါ။ "ကြီးမားတဲ့ပမာဏနဲ့ ထိပ်တိုက်တွေ့မှုတစ်ခု ဖြစ်လာဖို့က သေချာသလောက်ပါပဲ" လို့ အမည်မဖော်လိုတဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

လူ့အခွင့်အရေးကောင်စီ အထူးအစည်းအဝေးတစ်ရပ်ခေါ်ယူဖို့ တောင်းဆိုထားတယ်လို့ ဗြိတိန်က တနင်္လာနေ့မှာကြေညာခဲ့ပြီး ဆုံးဖြတ်ချက်မူကြမ်းတစ်ခုကို EU နဲ့ ပူးတွဲတင်သွင်းမယ်လို့ ပြောထားတာပါ။ သံတမန်တွေကြား ဖြန့်ထားပြီးဖြစ်တဲ့ ဒီမူကြမ်းကို လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင် ၄၇ နိုင်ငံထဲက ဂျပန်၊ တောင်ကိုရီးယားတို့အပါအဝင် ၁၉ နိုင်ငံက တရားဝင် ထောက်ခံထားပြီးပြီလို့ မူကြမ်းမှာ ဖော်ပြထားပါတယ်။

မူကြမ်းထဲမှာ အရပ်သားအစိုးရကို ဖြုတ်ချ အာဏာသိမ်းမှုအပေါ် ပြစ်တင်ရှုတ်ချထားပြီး အရပ်သားအစိုးရကို အာဏာပြန်ပေးဖို့၊ ထိန်းသိမ်းထားသူတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို အင်အားသုံးနှိမ်နင်းတာ ရှောင်ရှားဖို့ စစ်တပ်ကို တိုက်တွန်းထားသလို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ အင်တာနက်ဆက်သွယ်ရေးတွေ ဖွင့်ထားဖို့လည်း တောင်းဆိုထားပါတယ်။

ဒ့ါအပြင် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး Thomas Andrews ကို အတားအဆီး အကန့်အသတ်မရှိဘဲ မြန်မာနိုင်ငံကို ချက်ခြင်းလာခွင့်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

..............................................

{{Unicode}}








XS
SM
MD
LG