သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖယ်ဒရယ်ပြည်ထောင်စုအရေး တိုင်းရင်းသားခေါင်းဆောင်တချို့ မျှော်မှန်းမှု


Pinlong union day
Pinlong union day

ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ်သတ်မှတ်ခဲ့တာ (၇၇) နှစ် မြောက်ရှိလာခဲ့ပါပြီ။ လက်ရှိ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး မျှော်လင့်ချက်တွေ ဘယ်လိုရှိနေသလဲ။ တိုင်းရင်းသားအဖွဲ့တွေ ရေးဆွဲနေတဲ့ (၈) ပြည်နည် အခြေခံဖွဲ့စည်းပုံ မူကြမ်းအပေါ် ဘယ်လို သဘောထားတွေရှိနေလဲ။ တခါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့နယ်မြေသိမ်းပိုက်နေတဲ့ စစ်ဆင်ရေးတွေဟာ ဖယ်ဒရယ်ပြည်ထောင်စု တည် ဆောက်ဖို့ အထောက်အကူဖြစ်စေသလား။ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ တိုင်းရင်းသားခေါင်းဆောင်တချို့ရဲ့ ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးမျှော်မှန်းချက်တွေကို မအင်ကြင်းနိုင်က စုစည်းတင်ပြထားပါတယ်။

၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့ ရှမ်းပြည်နယ် ပင်လုံမြို့မှာ အနာဂတ် ပြည်ထောင်စုမြန်မာနိုင်ငံတည်ထောင်ဖို့ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ မြန်မာ့ လွတ်လပ်ရေးခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင် တွေ စာချုပ် ချုပ်ဆိုလက်မှတ်ရေးထိုးခဲ့ကြတာပါ။ ဒီလို ပင်လုံစာချုပ်ကနေ ဖယ်ဒရယ်ပြည်ထောင်စုဆိုတဲ့ သဘောတူညီချက်ရခဲ့တာနဲ့ပတ်သက်လို့ ဝါရှင်တန် ဒီစီ အခြေစိုက် ချင်းအဖွဲ့အစည်း (မေရီလန်း) အမှုဆောင် ညွှန်ကြားရေးမှူး Zo Tum Hmung က အခုလို ဗွီအိုအေကို ပြောပါတယ်။

"ပြည်ထောင်စုဆိုတဲ့ဟာက ဘယ်ကနေ ပေါက်ဖွားလာသလဲ၊ ပင်လုံစာချုပ်ကလည်း ပေါ်ပေါက်လာတယ်။ ပြည်ထောင်စုနေ့ ဆိုတာဟာ။ ပင်လုံစာချုပ်အပေါ်မှာအခြေခံတယ်။ အဲလိုပဲ ကျနော်တို့တော့ ခံယူတယ်။ ပင်လုံစာချုပ်ဆိုတာ အဓိပ္ပါယ်ဖွင့်ဆိုချက် ဘယ်လိုလဲ၊ "အတူတကွ စုပေါင်းနေထိုင်ခြင်း" ကချင်၊ ချင်း၊ ရှမ်း၊ ဗမာ....အားလုံးအတူတကွ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရအောင်။ လွတ်လပ်ရေး ရတဲ့အခါကျတော့လည်း ကျနော်တို့အတူတကွ နေထိုင်ရအောင် ဆိုပြီး - အဲလိုပဲ ကျနော်တို့ကတော့ ခံယူပါတယ်။"

ဗမာပြည်နယ်အပါအဝင်ဖြစ်တဲ့ (၈) ပြည်နယ်မူကို အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းတရပ်ကို နိုင်ငံရေးပါတီ (၁၂) ပါတီက ထုတ်ပြန်လိုက်တဲ့အခြေအနေမှာ နိုင်ငံရေးအရ အားလုံးပါဝင်ညှိနှိုင်းတာမျိုးမရှိဘူးလို့ မြင်ကြောင်း Zo Tum Hmung ကပြောပါယ်။

"(၈) ပြည်နယ်ဆိုတာဟာ ကျနော် နားလည်သလောက်ကတော့ တောင်ကြီးညီလာခံကို အခြေခံလိမ့်မယ်လို့ ကျနော်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်လည်း တိုင်းရင်းသားရေးရာစင်တာမှာ ကျနော်လည်း လုပ်ခဲ့တုန်းက constitution ကို တော်တော်လေး လေ့လာလာခဲ့ပြီးတော့ သုံးသပ်လာခဲ့တယ်။ အခုကျတော့ ဘယ်လိုဆက်သွားမလဲဆိုတာကတော့ နိုင်ငံရေးအရ ညှိနှိုင်းဖို့လိုလိမ့်မယ်။"

ကာလီဖိုးနီးယားပြည်နယ်အခြေစိုက် ရှမ်းတိုင်းရင်းသားများအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာစိုင်းထွေးမောင်ရဲ့ သဘောထားအမြင်ကိုလည်း ကြည့်ရအောင်ပါ။

"လာမယ့်အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်မယ်ဆိုရင်လည်း ကျနော်တို့မှာ ဖက်ဒရယ်ဒီမိုကရေစီရဲ့အခြေခံရဲ့ စည်းမျဥ်းဥပဒေ ရှိကို ရှိရပါမယ်။ ကျနော်တို့ အဲဒီ ဖက်ဒရယ်ဒီမိုကရေစီအခြေခံ စည်းမျဥ်းဥပဒေရေးဆွဲတဲ့အခါမှာလည်း သူ့တဖွဲ့တည်း ရေးဆွဲလို့မရဘူး။ ကျနော်တို့ ကိုယ်စားလှယ် ရေးဆွဲရေးကော်မတီကနေပြီးတော့မှ တာဝန်ယူရေးဆွဲရမယ်။ ပြီးလို့ရှိရင်လည်း အဲဒီ အခြေခံစည်းမျဥ်းဥပဒေကို ကျနော်တို့ တိုင်းရင်းသားအားလုံးအပြင် ပြည်သူလူထုအားလုံးကနေပြီးတော့ သဘောတူလက်ခံမှပဲ အတည်ပြုနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ အခြေခံစည်းမျဥ်းဥပဒေဖြစ်ပါတယ်။ အခုလို တလောကပဲထွက်လာတဲ့ ....သူတို့ရဲ့ ဖက်ဒရယ်ဒီမိုကရေစီအခြေခံစည်းမျဥ်းဥပဒေလို့ ထွက်လာတာ တွေ့ရပါတယ်။ ဆိုတော့ အဲဒီဟာကလည်း သူတို့အစုအဖွဲ့ကနေပြီးတော့ ရေးဆွဲထုတ်ဖော်လာတာပဲဖြစ်တယ်။ ဆိုတော့ အဲဒီဟာလည်း အတည်ပြုဖို့ ပြည်သူလူထုက ထောက်ခံမှ၊ အားလုံးသဘောတူမှ ဖြစ်မယ်။"

ဒါဆိုရင် ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နယ်မြေသိမ်းတိုက်ပွဲတွေ ဆင်နွဲနိုင်ခဲ့တဲ့အခြေအနေကရော အနာဂတ် ပြည်ထောင်စုပေါ်ပေါက်ရေး အထောက်အကူဖြစ်စေမလား။ ဒေါက်တာစိုင်းထွေးမောင်ရဲ့အမြင်ကတော့ -

"သူတို့အနေနဲ့လည်း သူတို့လည်း လွတ်လပ်မှုရအောင်ယူနေတာ။ အခုဆိုလို့ရှိရင် ရခိုင်အဖွဲ့ကလည်း သူတို့ဟာသူတို့ သူတို့နိုင်ငံ သူတို့တည်ထောင်မယ်။ သူတို့ပြည်ထောင် သူတို့တည်ထောင်မယ်။ ပြီးမှ သူတို့ ပါဝင်ချင်လည်း ပါဝင်မယ်၊ မပါဝင်ချင်လည်း မပါဝင်ဘူး။ အဲဒါ သူတို့ရဲ့ဆုံးဖြတ်ချက်၊ သူတို့ဟာသူတို့ သွားပါလိမ့်မယ်၊ ဆိုတော့ ကျနော်မြင်တာက အခုက တိုင်းရင်းသားလက်နက်ကိုင်တော့ အားလုံးက ကိုယ့်ပြည်နယ်ကိုယ်လွတ်လပ်အောင်လုပ်နေကြတာ။ ဥပမာ ကရင်နီဆိုလည်း ကရင်နီ- လွတ်လပ်အောင် လုပ်နေတာပဲ။ ဆိုတော့ သူတို့လည်း သူတို့ပြည်နယ်ကို သူတို့ လွတ်လပ်အောင်လုပ်ပြီးမှ နောက်မှ ဖက်ဒရယ်ပုံစံသွားမလား၊ (Confederation) ပုံစံသွားမလား၊ သူတို့ပြန်ဆွေးနွေးကြလိမ့်မယ်လို့ အဲလိုမြင်တယ်ခင်ဗျ။"

အမေရိကန်ပြည်ထောင်စုမှာ မဟာ ဘွဲ့လွန်ပညာသင်ကြားနေတဲ့ ရခိုင်ပြည်နယ်က မရမာကြီးလူမျိုးစုဖြစ်တဲ့ ကိုအောင်ဆန်းဝင်းကတော့ လူငယ်မျိုးဆက်တဦးအနေနဲ့ အနာဂတ်ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး မျှော်မှန်းချက်ကို အခုလိုပြောပါတယ်။

"အခု အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ silver lining လို့ ပြောရမလား၊ အဆိုးထဲကအကောင်း-လို့ ပြောရမလား၊ မျှော်လင့်ချက်တွေ နည်းနည်းပေါ်လာတယ်၊ ဘာကြောင့်လဲဆိုတော့ တခေတ်တခါတုန်းက ကျနော်တို့ ဖက်ဒရယ်ဆိုတဲ့စကားလုံးကို သုံးလိုက်ရင်တောင်မှ ခွဲထွက်ရေးကိုလိုလားတဲ့သူတွေ-စသဖြင့် အမြင်အမျိုးမျိုးတွေ မြင်ခဲ့ရတယ်ပေါ့လေ။ ဆိုတော့ အခုနောက်ပိုင်းမှာက အထူးသဖြင့် ပြည်မက အင်အားစုတွေရော တတိုင်းတပြည်လုံးက ဒီလောက် unite ဖြစ်တယ်၊ ဒီလောက် စည်းလုံးညီညွတ်တဲ့အသံမျိုးကို ကျနော်တို့ တခါမှ မကြားဖူးဘူးပေါ့လေ။ ဆိုတော့ ဒီကနေစပြီးတော့ ကျနော်တို့ မျှော်လင့်ချက်ရောင်ခြည်တွေ သန်းလာတယ်လို့ ကျနော် မြင်တယ်ပေါ့။ လူမျိုးစုအရေးကို တောက်လျှောက်လုပ်လာတဲ့သူတယောက်အနေနဲ့ လူမျိုးစုတိုင်းကတော့ သူတို့ရဲ့နိုင်ငံရေးဆန္ဒကို သူတို့လွတ်လွတ်လပ်လပ် ထုတ်ဖော်ပိုင်ခွင့်ရှိတယ်။ လွတ်လွတ်လပ်လပ် တောင်းဆိုပိုင်ခွင့် ရှိသင့်တယ်လို့ ကျနော်မြင်တယ်လေ။ တကယ်လို့သာ ရခိုင်ပြည်သူတရပ်လုံးက ဖက်ဒရယ် - ကွန်ဖက်ဒရေးရှင်း (Confederation) ကိုသွားချင်တယ်၊ သို့မဟုတ်ရင် ဒီ လွတ်လပ်သော ရခိုင်နိုင်ငံတော်ကိုသွားချင်တယ်ဆိုရင် ပြည်သူ့ဆန္ဒသည် အခရာကျတယ်လို့ ကျနော်မြင်ပါတယ်။"

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG