သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီလက်ထရောနစ်မဲပေးစနစ်သုံးမယ့် စစ်ကောင်စီ အစီအစဉ် အကဲခတ်တွေမေးခွန်းထုတ်


ဒီကနေ့ကျရောက်တဲ့ပြည်ထောင်စုနေ့အခမ်းအနားမှာ အီလက်ထရောနစ်မဲပေးစနစ်ကျင့်သုံးမဲ့အကြောင်းပါတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရရဲ့ ပြည်ထောင်စုနေ့သဝဏ်လွှာကို ဖတ်ကြားနေတဲ့ စစ်ကောင်စီဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း။ (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၅)
ဒီကနေ့ကျရောက်တဲ့ပြည်ထောင်စုနေ့အခမ်းအနားမှာ အီလက်ထရောနစ်မဲပေးစနစ်ကျင့်သုံးမဲ့အကြောင်းပါတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရရဲ့ ပြည်ထောင်စုနေ့သဝဏ်လွှာကို ဖတ်ကြားနေတဲ့ စစ်ကောင်စီဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း။ (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၅)

လာမယ့်ရွေးကောက်ပွဲကို အီလက်ထရောနစ်မဲပေးစနစ်အသုံးပြုဖို့ စီစဉ်နေကြောင်း စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီနေ့ ပြည်ထောင်စုနေ့အထိမ်းအမှတ် ပေးပို့တဲ့ မိန့်ခွန်းမှာပြောလိုက်ပါတယ်။ လာမယ့်ရွေးကောက်ပွဲမှာအသုံးပြုမယ်လို့ဆိုပေမယ့် အသေးစိတ်တော့ မပြောပါဘူး။ နိုင်ငံရေးပြဿနာတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ရွေးကောက်ပွဲကို ဦးစား မပေးဖို့ တိုက်တွန်းနေတဲ့ကြားက စစ်ကောင်စီက စီစဉ်နေတဲ့အပေါ်မှာတော့ အကဲခတ်တွေ မေးခွန်း ထုတ်နေကြတာပါ။ ရန်ကုန်ကသတင်းပေးပို့ထားတာကိုအခြေခံပြီး တင်ပြထားပါတယ်။

Myanmar Union Day
Myanmar Union Day

ဒီနေ့ကျရောက်တဲ့ ၇၈ နှစ်ပြည့် ပြည်ထောင်စုနေ့အခမ်းအနားကို ပေးပို့တဲ့မိန့်ခွန်းမှာ စစ်ကောင်စီဥက္ကဋ္ဌ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လာမယ့်ရွေးကောက်ပွဲမှာ အီလက်ထရောနစ် မဲပေးစနစ်နဲ့မဲပေးနိုင်ဖို့ လုပ်သွားမယ့်အကြောင်း ထည့်သွင်းထားတာပါ။ ဒီမိန့်ခွန်းကို စစ်ကောင်စီ အကြီးအကဲကိုယ်စား စစ်ကောင်စီဒုက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဖတ်ကြားခဲ့ပါတယ်။

“ရွေးကောက်ပွဲတွင်မဲမသမာမှုမရှိစေရေးနှင့် တိကျမှန်ကန်ရေး Myanmar Electronic Voting Machine နဲ့မဲပေးသည့်စနစ်ကိုအသုံးပြုဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ အခွင့်အရေးများနစ်နာဆုံးရှုံးမှု မရှိစေရေးနှင့် နည်းလမ်းကျန မှန်ကန်ရေး ဖြစ်စေရေးအတွက် အဘက်ဘက်မှကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်သည်။”

ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီခန့် ပြည်ထောင်စု‌ရွေးကောက်ပွဲကော်မရှင်က Myanmar Electronic Voting Machine (MEVM) ကို စစ်ကောင်စီ ဥက္ကဋ္ဌနဲ့ အဖွဲ့ကိုချပြခဲ့ပါတယ်။ ထုတ်ပြန်ထားချက်အရ ဆန္ဒပြုစက်၊ ဆန္ဒပြုမှုကိုမှန်ကန်မှု ရှိ/မရှိ ပြသပေးတဲ့စက်နဲ့ ထိန်းချုပ်စက်တွေပါဝင်တယ်လို့ ဆိုပါတယ်။ ၁၂ ဗို့ ဘက်ထရီနဲ့ ဒီစက်တွေကို လည်ပတ် အသုံးပြုနိုင်တယ်လို့ လည်း ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့လည်း ပြည်တွင်းမှာ ထုတ်လုပ်ထားတယ်လို့ဆိုတဲ့ ဒီစက်တွေကို မဲရုံတိုင်းမှာသုံးမလား ဆိုတာ လည်း ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

မဲမသမာမှုအကြောင်းပြချက်နဲ့ အရပ်သားအစိုးရကိုဖယ်ရှားပြီး အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲအပေါ် ပြည်တွင်းပြည်ပ သံသယတွေနဲ့သတိပေးနေချိန်မှာပဲ မဲပေးပုံစနစ် အပြောင်းအလဲတွေအပေါ် နိုင်ငံရေးအကဲခတ်တွေရဲ့ မေးခွန်းတွေလည်း ထွက်ပေါ်နေပါတယ်။

“သာမန်အခြေအနေမှာ ဒီစနစ်ဆိုရင်တော့ ကောင်းတယ်လို့ပြောရမှာပေါ့။ ဒါပေမဲ့ ရွေးကောက်ပွဲရဲ့ အဓိကဦးတည်ချက်က အများဆန္ဒကိုဖော်ထုတ်နိုင်ဖို့၊ ရလဒ်ထွက်ဖို့ ဆိုတော့ ဒါကို ဦးမတည်နိုင်တဲ့ ပတ်ဝန်းကျင်အခြေအနေ၊ ရွေးကောက်ပွဲကိုဦးစီးတဲ့လူစီမံခန့်ခွဲတဲ့သူ စသဖြင့် မပြည့်စုံရင်တော့ ပြောင်းလဲသင့်တာမှန်ပေမယ့် ကောင်းတဲ့ပြောင်းလဲမှုဖြစ်ဖို့တော့ခက်တယ်။ ဒီစနစ်က ဘယ်လောက် အပြန်အလှန်ထိန်းကျောင်းမှုရှိလဲ။ ဘယ်လောက်ယုံကြည်နိုင်လဲ။ မဲပေးတဲ့သူက ဒီစနစ်ပေါ်မှာ ဘယ်လောက်အားကိုးနိုင်သလဲပေါ်မှာ ဒါကလည်း အရေးကြီးတဲ့မေးခွန်းပဲ။ အခြေအနေအားလုံးကို အကဲခတ်ကြည့်ရင် သံသယဖြစ်စရာ ရည်ရွယ်ချက်ရှိရှိ တခုခုဘာရှိလဲ၊ သို့မဟုတ် စိတ်ကူးရသလိုပဲ ပို ကောင်းမယ်ထင်တဲ့ ရိုးရိုးအားထုတ်မှုလား၊ ဒါတွေ စဉ်းစားစရာအများကြီးရှိပါတယ်။”

နိုင်ငံရေးပါတီတခုဖြစ်တဲ့ ရခိုင့်ဦးဆောင်ပါတီက ဒေါက်တာအေးမောင်ကတော့ ဒီစနစ်နဲ့သုံးမယ့်အပေါ် အခုလိုရှုမြင်ပါတယ်။

“သူတို့စနစ်မှာကျတော့ ပါတီတခုကိုမဲလာပေးရင် တခါတည်းရေတွက်ပြီးသားလို့ပြောပါတယ်။ ဘယ်ပါတီကို ပေးလိုက်တယ်ဆိုတဲ့အရွက်၊ ကတ်ပြားလေးက မဲပုံးထဲအလိုလိုကျပြီးသားဖြစ်တယ်။ မဲလာပေးသူ ၁၀၀ မဲလက်မှတ်အောက်မှာ ၁၀၀ ရောက်မှာပေါ့။ ဘယ်ပါတီဘယ် ပါတီဆိုတာလေးကို ခွဲခြားကြည့်ရင် အီလက်ထရောနစ်နဲ့မဲပေးတာ တခုသွားတယ်။ ဟိုဘက်က Manual counting တခုက အောက်မှာကျပြီးသားလို့ပြောပါတယ်။ check က double checking system ဖြစ်နေတယ်လို့ ညွှန်းပါတယ်။ အမှားအယွင်းမရှိအောင် စမ်းသပ်လိုက်ပြင်ဆင်လိုက်ပေါ့ဗျာ။ လူတယောက် ပါတီတခုကိုမဲပေးရင် အပေါ်အောက်အကွက်ကပ်တာမှာ လက်ချော်ပြီး အပေါ်ကအကွက်ကိုမနှိပ်မိ အောင် တခုနဲ့တခုကြားမှာ ခြံစည်းရိုးလေးခြားထားတယ်လို့ ပြောပါတယ်။ ပါတီတွေအားလုံးကတော့ ဒါကို သဘောတူလက်ခံကြပါတယ်။”

လာမယ့် ၂၀၂၅ နှစ်ဦးပိုင်းလောက်မှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ကော်မရှင်ဘက်က လျာထားပေမယ့် အချိန်အတိအကျကို စစ်ကောင်စီက မပြောသေးပါဘူး။ နိုင်ငံရေးသုံးသပ်သူတွေကတော့ ၂၀၂၆ ခုနှစ် အစလောက်မှသာ ကျင်းပနိုင်မယ်ဆိုပြီး ခန့်မှန်းနေပါတယ်။ မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့ အထဲ တိုက်ပွဲဖြစ်ပွားနေတာနဲ့ နယ်မြေမငြိမ်မသက်ဖြစ်နေတဲ့ နေရာတွေ၊ စစ်ကောင်စီ မထိမ်းချုပ်နိုင်တဲ့ နေရာတွေကိုဖယ်ပြီး မြို့နယ်ပေါင်း ၁၆ မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ စစ်ကောင်စီအနေနဲ့ လျာထားနေတယ်ဆိုပြီး နိုင်ငံရေး ပါတီတွေက ပြောပါတယ်။

ကျင်းပမယ့်ရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော်တို့ကို ရွေးချယ်တာမှာ အရင်စနစ်တွေတုန်းကလို မဲအများဆုံးရတဲ့ပါတီကို အနိုင်ပေးတဲ့စနစ်နဲ့မဟုတ်ဘဲ အချိုးကျ ကိုယ်စားပြုစနစ် (PR) စနစ်ကို ကျင့်သုံးရွေးချယ်ဖို့ စစ်ကောင်စီဘက်က ပြင်ဆင်နေတာလည်း ရှိပါတယ်။ ကော်မရှင်ဘက်ကနေ မကြာခင်ထုတ်ပြန်မယ့် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေတွေကို ပြင်ဆင်ပြဌာန်းနိုင်ဖို့ဆောင်ရွက်တာမှာ အီလက်ထရွန်နစ်မဲပေးစနစ်အကြောင်း ထည့်သွင်းပြဋ္ဌာန်း လာနိုင်ဖွယ်ရှိတယ်လို့ တချို့က သုံးသပ်ပါတယ်။

အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်း ခေါင်းဆောင်တွေကတော့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပဖို့ထက် ငြိမ်းချမ်းရေးကိုအရင် တည်ဆောက်ဖို့ စစ်ကောင်စီကို တိုက်တွန်းနေပါတယ်။ လက်ရှိရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၅၃ ပါတီ ရှိပါတယ်။ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ဟာ မကြာသေးခင်က နိုင်ငံရေးပါတီဥပဒေပြဌာန်းပြီး ပါတီတွေကို ပြန်လည် မှတ်ပုံတင်ခိုင်းခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) စတဲ့ ပါတီကြီးတွေအပါအဝင် ပါတီပေါင်း ၈၀ နီးပါးကိုတော့ နိုင်ငံရေးပါတီတွေအဖြစ်ကနေ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ကပယ်ဖျက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG