သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတွင်း ကလေးစစ်သား အသုံးပြုမှု ကုလအတွင်းရေးမှူးချုပ် စိုးရိမ်


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres

မြန်မာနိုင်ငံမှာ ကလေးစစ်သားတွေကို စုဆောင်း အသုံးပြုနေတာနဲ့ အထူးသဖြင့် မြေမြှုပ်မိုင်းတွေ၊ စစ်ပွဲအကြွင်းအကျန် ပေါက်ကွဲ စေတဲ့ပစ္စည်းတွေနဲ့ လက်လုပ် ဖောက်ခွဲရေးပစ္စည်းတွေကြောင့် ကလေးတွေ ထိခိုက်ဒဏ်ရာရနေတဲ့အပေါ် အထူးစိုးရိမ်တဲ့ အကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် က ပြောပါတယ်။

ဒါ့အပြင် ဘက်အားလုံးက ကျူးလွန်တဲ့ ဆိုးရွားတဲ့ ချိုးဖောက်မှုတွေကို ပြစ်တင်ရှုတ်ချတဲ့အကြောင်းလည်း ဒီကနေ့ထုတ်ပြန်တဲ့ ကလေးသူငယ်များနဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ဆိုးရွားတဲ့ချိုးဖောက်မှုတွေအဖြစ် ဖော်ပြထားတဲ့ထဲမှာ ၂၀၁၈ ခုနှစ်အတွင်း တပ်မတော်က ကလေး ၇ ယောက်ကို စစ်သားအဖြစ် စုဆောင်းခဲ့ပြီး ၆၄ ယောက်ကို စစ်သားတွေအဖြစ် အသုံးပြုနေခဲ့တဲ့အကြောင်းနဲ့ အရင်တုန်းက ကလေးစစ်သား ၂၆ ယောက် စုဆောင်းခဲ့တာကိုလည်း ၂၀၁၈ ခုနှစ်မှာ အတည်ပြုနိုင်ခဲ့တယ်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။

လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့တွေက ကလေးစစ်သားစုဆောင်းတဲ့ဖြစ်ရပ် ၁၁ ခုရှိခဲ့တာနဲ့ ယောက်ျားလေး ၁၄ ယောက်၊ မိန်းကလေး ၃ ယောက်၊ စုစုပေါင်း ၁၇ ယောက်ကို ကလေးစစ်သားအဖြစ် အသုံးပြုနေတာကိုလည်း ဖော်ပြထားပါတယ်။ ကလေး စစ်သားစုဆောင်းတဲ့ဖြစ်ရပ်တွေထဲက ၉ ခုကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကလုပ်ခဲ့တာဖြစ်ကြောင်းနဲ့ တအာန်း အမျိုးသား လွတ်မြောက်ရေးတပ် TNLA က ၁ ခု၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA က တခု လုပ်ခဲ့တာလို့ ဖော်ပြ ထားပါတယ်။ ဒါ့အပြင် ညီညွတ်သော ဝပြည်တပ်မတော် UWSA ပါဝင်ပတ်သက်တဲ့ ကလေးစစ်သားစုဆောင်းမှုဖြစ်ရပ် နှစ်ခုရှိတာ ကို မှတ်တမ်းတင်ထားတယ်လို့လည်း အစီရင်ခံစာမှာဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကနေ ကလေးတွေ သေဆုံး ဒဏ်ရာရတဲ့ ဖြစ်စဉ်တွေကိုလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အခု အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG