သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဒုက္ခသည်တွေ လူသားချင်းစာနာအကူအညီ လိုအပ်ချက်ကြီးမား


ကရင်နီပြည်မှာ စစ်ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများ (ဓာတ်ပုံ - ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)
ကရင်နီပြည်မှာ စစ်ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများ (ဓာတ်ပုံ - ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)

ဩဂုတ်လ ၁၉ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုနေ့ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်ထဲမှာ ကမ္ဘာအနှံ့အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ သန်းပေါင်းများစွာရှိနေပြီး မြန်မာနိုင်ငံမှာလည်း အိုးအိမ်စွန့်ခွါထွက်ပြေးနေရသူတွေ ၃ သန်းလောက်ရှိပါတယ်။ သူတို့အားလုံးဟာ နိုင်ငံတကာ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေသူတွေဖြစ်ကြတယ်လို့ဒုက္ခသည်တွေ စစ်ဘေးရှောင်တွေကို အကူညီပေးနေတဲ့အဖွဲ့အစည်းတွေက ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

၂၀၂၄ ခုနှစ်ထဲမှာ ကမ္ဘာအနှံ့ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ သန်းပေါင်းများစွာရှိနေတဲ့အထဲ မြန်မာနိုင်ငံမှာသဘာ၀ဘေးဒဏ်တွေနဲ့ စစ်ဘေး ကြောင့်အိုးအိမ်စွန့်ခွါထွက်ပြေးနေရသူတွေက ၃ သန်းလောက်ရှိပါတယ်။ စစ်ဘေးဒဏ်သင့်နေတဲ့ မြန်မာနိုင်ငံမှာ အခု ၂၀၂၄ ခုနှစ် ဇွန်လတုန်းက ရေဘေးဒဏ်ကြောင့် အိုးအိမ်စွန့်ခွါခဲ့ရသူတွေကအများအပြားရှိနေတာပါ။ ကရင်လူ့အခွင့်ရေးအဖွဲ့ KHRG က ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးကတော့ တိုင်းရင်းသားဒေသတွေမှာ လူသားချင်းစာနာထောက်ထားမှုအကူညီတွေက အချိန်တိုင်း လိုအပ်နေတယ်လို့ အခုလိုပြောပါတယ်။

“အထူးသဖြင့် ကျနော်တို့တိုင်းရင်းသားဒေသတွေ၊ ထိုးစစ်ဆင်မှုခံရတဲ့နယ်မြေဒေသတွေမှာ အဓိက လိုအပ်နေတဲ့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေကတော့အခြေခံစားနပ်ရိက္ခာတွေ၊ စားနပ်ရိက္ခာမဟုတ်တဲ့ ကူညီထောက်ပံ့ ပစ္စည်းတွေ လိုအပ်နေ တာပေါ့။ ပြောရမယ်ဆိုရင် အခုချိန်ထိ လူသားချင်းစာနာထောက်ထားမှု အကူညီတွေကတော့ လိုအပ်နေတာပေါ့နော်။”

နယ်စပ်ဒေသကတိုက်ပွဲတွေကြောင့် သောင်ရင်းမြစ်နဘေးမှာနေထိုင်နေတဲ့ အိုးအိမ်စွန့်ခွါထွက်ပြေးလာရတဲ့ဒုက္ခသည်တွေနဲ့ တိုင်းနဲ့ပြည်နယ် အသီးသီးက ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေကို ၂ နှစ်ကျော်ကြာတဲ့အထိ ပုံမှန်ကူညီ ထောက်ပံ့ပေးနေတဲ့အဖွဲ့အစည်းက ဦးဇော်ထွန်းက အခုလိုပြောပါတယ်။

“အများစုကတော့ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေပြီး ဒေသကမငြိမ်းချမ်းသေးတဲ့အတွက် အဲဒီစခန်းတွေမှာပဲ နေနေရတယ်။ စားနပ်ရိက္ခာ ကတော့ အလှူရှင်ပေါ်မှာပဲမှီခိုနေရတယ်။ ကျနော်တို့ဆို သောကြာနေ့အပတ်စဉ်တိုင်း ဆန် ဆီ ဆား ငရုပ် ကြက်သွန်နဲ့ စားနပ်ရိက္ခာတွေ အမြဲပို့နေရတယ်။ ဒါပေမယ့် လုံလောက်မှုက မရှိဘူး။ လိုအပ်ချက်တွေကတော့အမြဲရှိနေတာပဲ။”

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၃ နှစ်အကြာ မြန်မာနိုင်ငံရဲ့လူဦးရေ ၃ ပုံတပုံဖြစ်တဲ့ ၁၈.၆ သန်းဟာ လူသားချင်းစာနာထောက်ထားမှု အကူညီတွေ လိုအပ်နေတယ်လို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA)က ပြောပါတယ်။ ဒီထဲက အိုးမဲ့အိမ်မဲ့ဖြစ်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာသင်ကြားမှု အခွင့်အရေးဆုံးရှုံးမှု၊ စားနပ်ရိက္ခာမဖူလုံမှု၊ အာဟာရချို့တဲ့မှု၊ အတင်းအကြပ် လူစုဆောင်းမှု၊ စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေအပါဝင် အကာကွယ်မဲ့မှုတွေကို ကလေး ၆ သန်းက ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတလွှားမှာ ပြီးခဲ့တဲ့နှစ်ထဲ လူသားချင်းစာနာမှုဆိုင်ရာ ဝန်ထမ်း စုစုပေါင်း ၂၈၀ ဦး စံချိန်တင် သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာမှာတော့ ဩဂုတ်လ ၁၉ ရက်နေ့ကို ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုနေ့အဖြစ် နှစ်စဉ်ကျင်းပလေ့ရှိပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေကတော့ အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေကို အဆုံးသတ်ရေး၊ အကူအညီပေးရေး လုပ်သားတွေကို ကာကွယ်ဖို့နဲ့ ကျူးလွန်သူတွေကို အရေးယူဖို့အတွက် နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG