သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနင်္သာရီဒေသ စစ်ရှောင်များ ကျန်းမာရေးစောင့်ရှောက်မှု အထူးလိုအပ်နေ


တနင်္သာရီမြို့နယ်မှာ တိုက်ပွဲတွေကြောင့် တောတောင်တွေထဲဖြစ်သလို စစ်ရှောင်နေရသူများ။ (ဓာတ်ပုံ-နွေဦးမေတ္တာ-စစ်ဘေးရှောင်ကူညီပံ့ပို့ရေးအဖွဲ့ )
တနင်္သာရီမြို့နယ်မှာ တိုက်ပွဲတွေကြောင့် တောတောင်တွေထဲဖြစ်သလို စစ်ရှောင်နေရသူများ။ (ဓာတ်ပုံ-နွေဦးမေတ္တာ-စစ်ဘေးရှောင်ကူညီပံ့ပို့ရေးအဖွဲ့ )

တနင်္သာရီမြို့နယ်မှာ စစ်ဘေးရှောင်တွေ ငှက်ဖျားရောဂါ အဖြစ်များနေပြီး၊ မိုးဦးကျကာလမှာ အခြေခံလိုအပ်ချက် တော်တော်များများရှိနေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ တိုက်ပွဲအခြေအနေကြောင့် တနေ့ထက်တနေ့ စစ်ရှောင်သူဦးရေ တိုးလာနေတယ်လို့လည်း ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

တနင်္သာရီမြို့နယ်မှာ တိုက်ပွဲတွေကြောင့် တောတောင်တွေထဲဖြစ်သလို စစ်ရှောင်နေရသူတွေဟာ ငှက်ဖျားရောဂါအဖြစ်များနေပြီး ဆေးဝါးမလုံလောက်တာလည်း တွေ့ကြုံနေရတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ ငှက်ဖျားရောဂါအပြင် ရာသီတုပ်ကွေးလည်း အဖြစ်များတယ်လို့ လူသားစာနာအဖွဲ့ရဲ့ တာဝန်ခံတဦးက ပြောပါတယ်။

"စစ်ရှောင်တွေနဲ့ပတ်သက်ပြီးတော့ အခုကလေ ရာသီတုပ်ကွေးလို့ ပြောရမှာပေါ့။ စစ်ရှောင်တွေ ငှက်ဖျားလည်း တော်တော်များများ အဖြစ်များကြတယ်။ မြို့နယ်ကျန်းမာရေးအဖွဲ့နဲ့ပဲတိုင်ပင်ပြီးတော့ လောလောဆယ်မှာ သွားနေတယ်ခင်ဗျ။ မြို့နယ်ကျန်းမာရေးဌာနကို ကျနော်တို့က စစ်ရှောင်တွေရှိတဲ့ နေရာကိုသွားပေးပါဆိုရင် သူတို့က သွားပေးတဲ့အစီအစဉ်ပေါ့နော်။ နောက်တခုက ကျန်းမာရေးဌာနပြီးတော့ နယ်လှည့်ပြီးတော့ သွားတဲ့အစီအစဉ်တွေလည်း လုပ်ပေးနေတယ်ခင်ဗျ။"

ပြီးခဲ့တဲ့နှစ်ကလည်း စစ်ဘေးရှောင်တွေထဲ ငှက်ဖျားရောဂါခံစားရသူ တော်တော်များများ ရှိခဲ့ပါတယ်။ ဒီရက်ပိုင်းထဲမှာ မိုးစရွာလာလို့ အမိုးအကာလိုအပ်နေပြီး အရေးပေါ် ထွက်ပြေးတိမ်းရှောင်လာရလို့ စစ်ဘေးဒုက္ခသည်တွေဟာ စားနပ်ရိက္ခာပြတ်လပ်တာကိုလည်း ကြုံတွေ့နေရပါတယ်။ ဒါ့အပြင် ကျန်းမာရေးပြုစု စောင့်ရှောက်ဖို့ ဆေးဝါးလိုအပ်ချက်လည်း ရှိနေတယ်လို့ ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ရှောင်အများစုက တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာပြီး တောတောင်ထဲမှာ ဖြစ်သလိုနေ နေကြတာပါ။ အခုမိုးဦးကျကာလ ရောက်လာချိန်မှာတော့ အခြေခံလိုအပ်ချက်က အရင်ကထက် ပိုများလာပါတယ်။ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ အဖွဲ့တွေအနေနဲ့လည်း အလှူရှင်တွေရဲ့ ထောက်ပံ့မှုကို အခုချိန်မှာ တော်တော်လိုအပ်နေတယ်လို့ လူသားစာနာအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

"တနင်္သာရီမြို့နယ်က စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာရော၊ မိုးလည်းကျလာပြီဆိုတော့ နေထိုင်ဖို့အတွက် တာလပတ်နဲ့ မိုးကာတွေလိုတယ်။ စစ်ရှောင်အိမ်ထောင်စု ဦးရေကတော့ ထပ်များလာဖို့ရှိတယ်။ အခုဆိုရင် စစ်ဆင်ရေးတပွဲလုပ်တာနဲ့ ကျနော်တို့ဘက်မှာဆိုရင် စစ်ဘေးရှောင် တခါများလာတာပေါ့နော်။ ကျနော်တို့မှာ ဝန်ကြီးဌာနကပေးတဲ့ ဘတ်ဂျက်ကလည်း သိပ်မရှိဘူး။ ဝန်ကြီးဌာနက ပေးမယ်ဆိုရင် သူက ပွဲတပွဲဖြစ်မှပဲ တကြိမ်ပေးတာ ဖြစ်တဲ့အတွက် ကျနော်တို့မှာ ကြားကနေ အလှူရှင်တွေ ရှာရတာပေါ့။"

တိုက်ပွဲကြောင့် စားနပ်ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့် ကန့်သတ်ခံထားရတဲ့ အထဲမှာ တနင်္သာရီမြို့နယ်လည်း ပါဝင်ပါတယ်။ ကုန်စျေးနှုန်း တက်တဲ့ဒဏ်နဲ့ အခုလို ပိတ်ဆို့ထားတာကြောင့် ကူညီပေးနေတဲ့ အဖွဲ့တွေလည်း အခက်တွေ့နေကြပါတယ်။ တဖွဲ့နဲ့တဖွဲ့ ချိတ်ဆက်ပြီး စစ်ရှောင်အရေးကို ကူညီနေရတဲ့ မြေပြင်အခြေအနေကိုလည်း တွဲလက်ညီညီ စစ်ရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

"ကျနော်တို့ စစ်ဘေးရှောင်ကူညီရေး အဖွဲ့အနေနဲ့တော့ ဆေးဝါးတွေ ပြင်ဆင်ထားတာတော့ မရှိဘူးဗျ။ ကျနော်တို့က မြို့နယ်ကျန်းမာရေး အဖွဲ့ကိုပဲ အဓိကအားကိုးနေတာ ဆိုတော့လေ တခုခုဆိုရင်တော့ သူတို့က ကွင်းဆင်းပြီးတော့ ဆေးဝါးတွေ ယူသွားပေးတာပေါ့။"

စစ်ကောင်စီနဲ့ ဒေသတွင်း တော်လှန်ရေး အင်အားစုတွေကြားက တိုက်ပွဲတွေကြောင့် တနင်္သာရီတိုင်းထဲမှာ နေ့စဉ်စစ်ရှောင်နေရသူ ရှိနေတာပါ။ တနင်္သာရီတိုင်း တတိိုင်းလုံးမှာ ပြီးခဲ့တဲ့ ဧပြီလက နေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်သူ ၆ သောင်းနီးပါး ရှိခဲ့တယ်လို့ တနင်္သာရီတိုင်းထဲက အဖြစ်အပျက်တွေကို မှတ်တမ်းယူနေတဲ့ FE5 တနင်္သာရီက ဖော်ပြထားပါတယ်။ စစ်ကြောင်းထိုး ဝင်ရောက်တာနဲ့ တိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေပေါ် မူတည်ပြီး စစ်ရှောင်အရေအတွက်က အမြဲတမ်း အပြောင်းအလဲ ရှိနေတယ်လို့လည်း ပြောပါတယ်။

Forum

XS
SM
MD
LG