သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၀ါးစိမ္းေတာင္စီမံကိန္း စမ္းသပ္မႈ ေဒသခံေတြ ကန္႔ကြက္ဆႏၵျပ


၀ါးစိမ္းေတာင္စီမံကိန္း ဆႏၵျပ

စစ္ကုိင္းတုိင္း၊ ယင္းမာပင္ခရိုင္အတြင္းက ဝါးစိမ္းေတာင္စီမံကိန္းကို ဒီကေန႔မွာ ေဒသခံ တေထာင္နီးပါး ကန္႔ကြက္ဆႏၵျပခဲ့သလို၊ အရပ္ဖက္အဖဲြ႔ ၁၈ ဖဲြ႔ ေပါင္းထားတဲ့ Youth for a New Society (YNS) ကလည္း ဒီစီမံကိန္းကုိ ကန္႔ကြက္ေၾကာင္း သေဘာထား ထုတ္ျပန္ခဲ့ပါတယ္။ ေဒသအာဏာပိုင္ေတြကေတာ့ ဒီ စီမံကိန္းဟာ စမ္းသပ္ လုပ္ေနတဲ့ သေေဘာသာျဖစ္ၿပီး၊ ဘာကိုမွ ထိခိုက္ဆံုးရံႈးေစမွာမဟုတ္ဘူးလို႔ အာမခံ ေျပာေနပါတယ္။

ဒီအေၾကာင္းအျပည့္အစံုကို ဗီြအိုေအသတင္းေထာက္ စုစုက ေမးျမန္းေပးပုိ႔ထားပါတယ္။

တရုတ္ႏုိင္ငံ ျမန္မာယန္စီကုမၸဏီက စစ္ကုိင္းတိုင္း၊ ယင္းမာပင္ၿမိဳ႕နယ္၊ ဝါးစိမ္းေတာင္ ေဒသမွာရွိတဲ့ဓာတ္သတၳဳ စမ္းသပ္တူးေဖာ္ေရးလုပ္ပုိင္ခြင့္ရသြားတဲ့အေပၚ ေဒသခံ တစ္ေထာင္ နီးပါးက စက္တင္ဘာလ ၃၀ရက္ နံနက္ပိုင္းမွာ ကန္႔ကြက္ဆႏၵျပၾကတာပါ။

ဝါးစိမ္းေတာင္ သတၳဳတူးေဖာ္ေရးစီမံကိန္းေၾကာင့္ စုိက္ပ်ိဳးေျမေတြနဲ႔ ေသာက္သံုးေရ ဆံုးရံႈးခဲ့ရတဲ့ အတြက္ ေဒသခံေတြအေနနဲ႔ သူတုိ႔ရဲ႕သေဘာထားကို တုိင္းေဒသႀကီးအစုိးရထံ အႀကိမ္ႀကိမ္ တင္ျပခဲ့တယ္လို႔ ဆႏၵျပသူေတြထဲက ဝါးစိမ္းေတာင္ေဒသခံ ဦးခင္ေမာင္ထြန္းက အခုလိုေျပာပါတယ္။

“ဝါးစိမ္းေတာင္နဲ႔ ပတ္သက္လို႔ကေတာ့ ယန္စီကုမၸဏီကေန ဓာတ္သတၳဳရွာေဖြဖုိ႔ပဲျဖစ္ျဖစ္၊ တူးေဖာ္ဖုိ႔ပဲ ျဖစ္ျဖစ္ေပါ့ဗ်ာ။ ရွာေဖြဖို႔ကိုက က်ေတာ္တို႔ေဒသခံျပည္သူေတြကေတာ့့ လံုးဝကုိသေဘာမတူဘူး။ ဆက္လက္ၿပီးေတာ့လည္း ကန္႔ကြက္သြားမယ္။”

ဝါးစိမ္းေတာင္ သတၳဳတူးေဖာ္ေရးစီမံကိန္းက ယင္းမာပင္၊ ဆားလင္းႀကီးနဲ႔ ကနီၿမိဳ႕နယ္၃ခုမွာရွိတဲ့ ေျမဧရိယာ တစ္သိန္းေက်ာ္ထဲက ဧက ၂ေသာင္းေက်ာ္ကုိ အရင္ဆံုးစမ္းသပ္ခြင့္ျပဳလုိက္တယ္လို႔ ေဒသခံေတြကဆိုပါတယ္။

ဒီစီမံကိန္းေၾကာင့္ ပ်က္စီးဆံုးရံႈးမႈေတြအေပၚ ေဒသခံေတြက စိုးရိမ္ေနၾကေပမယ့္ တိုင္းေဒသႀကီး အစုိးရကေတာ့ ဒီစီမံကိန္းဟာ အပ်က္အစီးနဲ႔ ဆံုးရံႈးမႈလံုးဝမရွိဘူးလို႔ အခိုင္အမာေျပဆိုထားပါတယ္။ အခုသတၳဳစမ္းသပ္ခြင့္ကို တိုင္းအစိုးရကလုပ္တာမဟုတ္ဘဲ၊ ျပည္ေထာင္စုအစုိးရက စမ္းသပ္ခြင့္ျပဳခဲ့တာလို႔ စစ္ကုိင္းတုိင္းစည္ပင္ဝန္ႀကီး ဦးျမင့္ၾကည္က ဗီြအုိေအကို အခုလိုေျပာပါတယ္။

“ပြင့္ပြင့္လင္းလင္း ေျပာမယ္ဆိုရင္ ေတာင္သူေတြက အဲဒီဆႏၵျပတယ္ဆိုတာ ဂဃနဏမသိဘူး။ ဒါေပမယ့္ တခ်ိဳ႕အဖြဲ႕အစည္းေတြက အခုခ်ိန္မွာ နည္းမ်ိဳးစံုနဲ႔ ေႏွာင့္ယွက္တာရွိတယ္။ ဆိုလုိတဲ့သေဘာက ဒီအခုလုပ္ေနတာက ဒီေတာင္ႀကီးၿဖိဳဖို႔မဟုတ္ဘူး။ စမ္းသပ္ရွာေဖြတယ္ဆုိတာ ဓာတုေဗဒနည္းအရေသာ္လည္းေကာင္း ဒီလိုေလးေတြပဲလုပ္သြားမွာ။ အဲဒီကရလာတဲ့ Research (သုေတသန) မွာ ဒီလုပ္ငန္းရွင္ေတြ ခ်တာ၊ မခ်တာဆုိတာ ဒါႏို္င္ငံေတာ္ကေနၿပီးေတာ့ ကုမၸဏီေတြတင္ဒါပစ္မွာကုိ။ အခုဟာက ဘာတစ္ခုမွပ်က္စီးတာတုိ႔၊ ဆံုးရံႈးတာတုိ႔ မပါဘူး။”

ဝါးစိမ္းေတာင္ေဒသ ဓာတ္သတၳဳစမ္းသပ္တူးေဖာ္ေရးစီမံကိန္းကုိ ကန္႔ကြက္ေၾကာင္း Youth for a New Society (YNS) ကလည္း စက္တင္ဘာလ ၃၀ရက္ေန႔က သေဘာထားထုတ္ျပန္ခဲ့ပါတယ္။ ေလ့လာခ်က္ေတြအရ ဒီစီမံကိန္းကို စတင္ေဆာင္ရြက္တဲ့အခါမွာ စီမံကိန္းဧရိယာက ေက်းရြာေပါင္း ၁၂၀၊ စာသင္ေက်ာင္း ၈၆ ေက်ာင္းနဲ႔ ဘုန္းႀကီးေက်ာင္း ၁၃၉ ေက်ာင္းအပါအဝင္၊ ေဒသခံ ၈၀,၀၀၀ ေက်ာ္တို႔ရဲ႕ လူမႈစီးပြားေရးဘဝေတြ ထိခိုက္ပ်က္စီးႏုိင္တယ္လုိ႔ ထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပ ထားပါတယ္။

အစုိးရအေနနဲ႔ အခုလိုစီမံကိန္းေတြ လုပ္မယ္ဆိုရင္ ပညာရွင္ေတြ ၊ အရပ္ဘက္ အဖြဲ႕ေတြ၊ လႊတ္ေတာ္ကုိယ္စားလွယ္ေတြရဲ႕ ေထာက္ျပခ်က္ေတြကို လက္ခံၿပီး ဘက္ေပါင္းစံုကေန သံုးသပ္ၿပီးမွ ဆံုးျဖတ္သင့္တယ္လို႔ လူ႔ေဘာင္သစ္ဒီမုိကရက္တစ္ပါတီက ဗဟုိအလုပ္မႈေဆာင္ေကာ္မတီဝင္ ဦးေငြလင္းက ေျပာပါတယ္။

“ဒီ Survey (အစီရင္ခံစာ) ကေပါ့ဗ်ာ ဓာတ္သတၳဳေလးမ်ိဳးရွိတယ္လို႔ က်ေတာ္တို႔ အေျခခံအားျဖင့္ ၾကားသိရတယ္။ အဲဒီေလးမ်ိဳးရွိတာက ပထဝီသေဘာအရဆုိရင္လည္း ေသခ်ာႏုိ္င္ပါတယ္။ အဲေတာ့ ေသခ်ာသြားတယ္ဆုိ ပ်က္စီးမႈေတြက အႀကီးအက်ယ္ျဖစ္ေတာ့မယ္ေလ။ လူထုေတြရဲ႕ စုိးရိမ္ခ်က္က အႀကီးအက်ယ္ျဖစ္ေတာ့မယ္။ အဲဒါေတြကုိ ေက်လည္ေအာင္အထိ မေျဖရွင္းဘဲနဲ႔ ဒီကိစၥကို ေရွ႕ဆက္တုိးၿပီးမလုပ္သင့္ဘူးလို႔ ဝန္ႀကီးခ်ဳပ္နဲ႔ တာဝန္ရွိသူေတြအားလံုးကုိ က်ေတာ္ေျပာခ်င္တာပါ။”

ယင္းမာပင္ၿမိဳ႕နယ္က တုိင္းေဒသႀကီးလႊတ္ေတာ္ကုိယ္စားလွယ္ ေဒၚေအာင္ေမရီက ၂၀၁၉၊ ဇြန္လ ၂၄ရက္ေန႔က ဝါးစိမ္းေတာင္စီမံကိန္းနဲ႔ပတ္သက္ၿပီး စစ္ကိုင္းတုိင္းလႊတ္ေတာ္မွာေမးျမန္းခဲ့ဖူးပါတယ္။ အဲဒီအခ်ိန္တုန္းက စီမံကိန္းကုိ ေဒသခံျပည္သူေတြလက္ခံမွ ေဆာင္ရြက္သြားမွာျဖစ္ၿပီး၊ လႊတ္ေတာ္ကိုလည္းအသိေပးမယ္လို႔ အစုိးရအဖြဲ႕က ျပန္လည္ေျဖၾကားခဲ့ပါတယ္။

တကယ့္ေျမျပင္အေနအထားမွာေတာ့ အခုစမ္းသပ္ခြင့္ျပဳလုိက္တဲ့ ဝါးစိမ္းေတာင္စီမံကိန္းနဲ႔ ပတ္သက္ၿပီး ေဒသခံကို္ယ္စားလွယ္ေတြလည္း သိရွိျခင္းမရွိခဲ့ဘူးလို႔ ေဒၚေအာင္ေမရီကေျပာပါတယ္။

“အစုိးရကလည္း တကယ္ဆိုရင္ သေဘာထားမွတ္ခ်က္ေပးမယ္။ ဘယ္လိုေပးမလဲ အဲဒီေပးတဲ့သေဘာထားမွတ္ခ်က္ကုိ လႊတ္ေတာ္ကုိယ္စားလွယ္ခ်ျပ။ အဲလိုမ်ိဳးျဖစ္ေစခ်င္တာ။ ဒီသေဘာထားမွတ္ခ်က္ကုိ သိရၿပီဆိုလို႔ရွိရင္ က်မတို႔က အဲဒီသေဘာထားမွတ္ခ်က္ကုိ မွားတယ္ဆုိလည္း မွားတယ္လို႔ေထာက္ျပမယ္။ မွန္တယ္ဆုိလည္း မွန္တယ္လုိ႔ က်မတို႔လက္ခံေပးမယ္။”

အခုစမ္းသပ္ခြင့္ရခဲ့တဲ့ ဝါးစိမ္းေတာင္သတၳဳစီမံကိန္းကို အစုိးရတာဝန္ရွိသူေတြအေနနဲ႔ လႊတ္ေတာ္မွာလည္း အသိေပးခဲ့ျခင္းမရွိသလို၊ ေဒသခံျပည္သူေတြကုိလည္း ခ်ျပျခင္းမရိွခဲ့တာေၾကာင့္ အခုလို ခြင့္ျပဳလိုက္တဲ့အေပၚကို မေက်လည္မႈေတြရွိလုိ႔ေနပါတယ္။ အရင္က စံပယ္ေတာင္၊ ေၾကးစင္ေတာင္ နဲ႔ လက္ပံေတာင္းေတာင္စီမံကိန္းေတြတုန္းက သာဓကေတြရွိထားတာေၾကာင့္လည္း ေဒသခံေတြက စုိးရိမ္ထိတ္လန္႔ေနၾကတာပါ။

....................

{Unicode}

ဝါးစိမ်းတောင်စီမံကိန်း စမ်းသပ်မှု ဒေသခံတွေ ကန့်ကွက်ဆန္ဒပြ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းက ဝါးစိမ်းတောင်စီမံကိန်းကို ဒီကနေ့မှာ ဒေသခံ တထောင်နီးပါး ကန့်ကွက်ဆန္ဒပြခဲ့သလို၊ အရပ်ဖက်အဖွဲ့ ၁၈ ဖွဲ့ ပေါင်းထားတဲ့ Youth for a New Society (YNS) ကလည်း ဒီစီမံကိန်းကို ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်ခဲ့ပါတယ်။ ဒေသအာဏာပိုင်တွေကတော့ ဒီ စီမံကိန်းဟာ စမ်းသပ် လုပ်နေတဲ့ သေဘောသာဖြစ်ပြီး၊ ဘာကိုမှ ထိခိုက်ဆုံးရှုံးစေမှာမဟုတ်ဘူးလို့ အာမခံ ပြောနေပါတယ်။

ဒီအကြောင်းအပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုက မေးမြန်းပေးပို့ထားပါတယ်။

တရုတ်နိုင်ငံ မြန်မာယန်စီကုမ္ပဏီက စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဝါးစိမ်းတောင် ဒေသမှာရှိတဲ့ဓာတ်သတ္ထု စမ်းသပ်တူးဖော်ရေးလုပ်ပိုင်ခွင့်ရသွားတဲ့အပေါ် ဒေသခံ တစ်ထောင် နီးပါးက စက်တင်ဘာလ ၃၀ရက် နံနက်ပိုင်းမှာ ကန့်ကွက်ဆန္ဒပြကြတာပါ။

ဝါးစိမ်းတောင် သတ္ထုတူးဖော်ရေးစီမံကိန်းကြောင့် စိုက်ပျိုးမြေတွေနဲ့ သောက်သုံးရေ ဆုံးရှုံးခဲ့ရတဲ့ အတွက် ဒေသခံတွေအနေနဲ့ သူတို့ရဲ့သဘောထားကို တိုင်းဒေသကြီးအစိုးရထံ အကြိမ်ကြိမ် တင်ပြခဲ့တယ်လို့ ဆန္ဒပြသူတွေထဲက ဝါးစိမ်းတောင်ဒေသခံ ဦးခင်မောင်ထွန်းက အခုလိုပြောပါတယ်။

“ဝါးစိမ်းတောင်နဲ့ ပတ်သက်လို့ကတော့ ယန်စီကုမ္ပဏီကနေ ဓာတ်သတ္ထုရှာဖွေဖို့ပဲဖြစ်ဖြစ်၊ တူးဖော်ဖို့ပဲ ဖြစ်ဖြစ်ပေါ့ဗျာ။ ရှာဖွေဖို့ကိုက ကျတော်တို့ဒေသခံပြည်သူတွေကတော့ လုံးဝကိုသဘောမတူဘူး။ ဆက်လက်ပြီးတော့လည်း ကန့်ကွက်သွားမယ်။”

ဝါးစိမ်းတောင် သတ္ထုတူးဖော်ရေးစီမံကိန်းက ယင်းမာပင်၊ ဆားလင်းကြီးနဲ့ ကနီမြို့နယ်၃ခုမှာရှိတဲ့ မြေဧရိယာ တစ်သိန်းကျော်ထဲက ဧက ၂သောင်းကျော်ကို အရင်ဆုံးစမ်းသပ်ခွင့်ပြုလိုက်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဒီစီမံကိန်းကြောင့် ပျက်စီးဆုံးရှုံးမှုတွေအပေါ် ဒေသခံတွေက စိုးရိမ်နေကြပေမယ့် တိုင်းဒေသကြီး အစိုးရကတော့ ဒီစီမံကိန်းဟာ အပျက်အစီးနဲ့ ဆုံးရှုံးမှုလုံးဝမရှိဘူးလို့ အခိုင်အမာပြေဆိုထားပါတယ်။ အခုသတ္ထုစမ်းသပ်ခွင့်ကို တိုင်းအစိုးရကလုပ်တာမဟုတ်ဘဲ၊ ပြည်ထောင်စုအစိုးရက စမ်းသပ်ခွင့်ပြုခဲ့တာလို့ စစ်ကိုင်းတိုင်းစည်ပင်ဝန်ကြီး ဦးမြင့်ကြည်က ဗွီအိုအေကို အခုလိုပြောပါတယ်။

“ပွင့်ပွင့်လင်းလင်း ပြောမယ်ဆိုရင် တောင်သူတွေက အဲဒီဆန္ဒပြတယ်ဆိုတာ ဂဃနဏမသိဘူး။ ဒါပေမယ့် တချို့အဖွဲ့အစည်းတွေက အခုချိန်မှာ နည်းမျိုးစုံနဲ့ နှောင့်ယှက်တာရှိတယ်။ ဆိုလိုတဲ့သဘောက ဒီအခုလုပ်နေတာက ဒီတောင်ကြီးဖြိုဖို့မဟုတ်ဘူး။ စမ်းသပ်ရှာဖွေတယ်ဆိုတာ ဓာတုဗေဒနည်းအရသော်လည်းကောင်း ဒီလိုလေးတွေပဲလုပ်သွားမှာ။ အဲဒီကရလာတဲ့ Research (သုတေသန) မှာ ဒီလုပ်ငန်းရှင်တွေ ချတာ၊ မချတာဆိုတာ ဒါနိုင်ငံတော်ကနေပြီးတော့ ကုမ္ပဏီတွေတင်ဒါပစ်မှာကို။ အခုဟာက ဘာတစ်ခုမှပျက်စီးတာတို့၊ ဆုံးရှုံးတာတို့ မပါဘူး။”

ဝါးစိမ်းတောင်ဒေသ ဓာတ်သတ္ထုစမ်းသပ်တူးဖော်ရေးစီမံကိန်းကို ကန့်ကွက်ကြောင်း Youth for a New Society (YNS) ကလည်း စက်တင်ဘာလ ၃၀ရက်နေ့က သဘောထားထုတ်ပြန်ခဲ့ပါတယ်။ လေ့လာချက်တွေအရ ဒီစီမံကိန်းကို စတင်ဆောင်ရွက်တဲ့အခါမှာ စီမံကိန်းဧရိယာက ကျေးရွာပေါင်း ၁၂၀၊ စာသင်ကျောင်း ၈၆ ကျောင်းနဲ့ ဘုန်းကြီးကျောင်း ၁၃၉ ကျောင်းအပါအဝင်၊ ဒေသခံ ၈၀,၀၀၀ ကျော်တို့ရဲ့ လူမှုစီးပွားရေးဘဝတွေ ထိခိုက်ပျက်စီးနိုင်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြ ထားပါတယ်။

အစိုးရအနေနဲ့ အခုလိုစီမံကိန်းတွေ လုပ်မယ်ဆိုရင် ပညာရှင်တွေ၊ အရပ်ဘက် အဖွဲ့တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ထောက်ပြချက်တွေကို လက်ခံပြီး ဘက်ပေါင်းစုံကနေ သုံးသပ်ပြီးမှ ဆုံးဖြတ်သင့်တယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးငွေလင်းက ပြောပါတယ်။

“ဒီ Survey (အစီရင်ခံစာ) ကပေါ့ဗျာ ဓာတ်သတ္ထုလေးမျိုးရှိတယ်လို့ ကျတော်တို့ အခြေခံအားဖြင့် ကြားသိရတယ်။ အဲဒီလေးမျိုးရှိတာက ပထဝီသဘောအရဆိုရင်လည်း သေချာနိုင်ပါတယ်။ အဲတော့ သေချာသွားတယ်ဆို ပျက်စီးမှုတွေက အကြီးအကျယ်ဖြစ်တော့မယ်လေ။ လူထုတွေရဲ့ စိုးရိမ်ချက်က အကြီးအကျယ်ဖြစ်တော့မယ်။ အဲဒါတွေကို ကျေလည်အောင်အထိ မဖြေရှင်းဘဲနဲ့ ဒီကိစ္စကို ရှေ့ဆက်တိုးပြီးမလုပ်သင့်ဘူးလို့ ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေအားလုံးကို ကျတော်ပြောချင်တာပါ။”

ယင်းမာပင်မြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မေရီက ၂၀၁၉၊ ဇွန်လ ၂၄ရက်နေ့က ဝါးစိမ်းတောင်စီမံကိန်းနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းလွှတ်တော်မှာမေးမြန်းခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းက စီမံကိန်းကို ဒေသခံပြည်သူတွေလက်ခံမှ ဆောင်ရွက်သွားမှာဖြစ်ပြီး၊ လွှတ်တော်ကိုလည်းအသိပေးမယ်လို့ အစိုးရအဖွဲ့က ပြန်လည်ဖြေကြားခဲ့ပါတယ်။

တကယ့်မြေပြင်အနေအထားမှာတော့ အခုစမ်းသပ်ခွင့်ပြုလိုက်တဲ့ ဝါးစိမ်းတောင်စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံကိုယ်စားလှယ်တွေလည်း သိရှိခြင်းမရှိခဲ့ဘူးလို့ ဒေါ်အောင်မေရီကပြောပါတယ်။

“အစိုးရကလည်း တကယ်ဆိုရင် သဘောထားမှတ်ချက်ပေးမယ်။ ဘယ်လိုပေးမလဲ အဲဒီပေးတဲ့သဘောထားမှတ်ချက်ကို လွှတ်တော်ကိုယ်စားလှယ်ချပြ။ အဲလိုမျိုးဖြစ်စေချင်တာ။ ဒီသဘောထားမှတ်ချက်ကို သိရပြီဆိုလို့ရှိရင် ကျမတို့က အဲဒီသဘောထားမှတ်ချက်ကို မှားတယ်ဆိုလည်း မှားတယ်လို့ထောက်ပြမယ်။ မှန်တယ်ဆိုလည်း မှန်တယ်လို့ ကျမတို့လက်ခံပေးမယ်။”

အခုစမ်းသပ်ခွင့်ရခဲ့တဲ့ ဝါးစိမ်းတောင်သတ္ထုစီမံကိန်းကို အစိုးရတာဝန်ရှိသူတွေအနေနဲ့ လွှတ်တော်မှာလည်း အသိပေးခဲ့ခြင်းမရှိသလို၊ ဒေသခံပြည်သူတွေကိုလည်း ချပြခြင်းမရှိခဲ့တာကြောင့် အခုလို ခွင့်ပြုလိုက်တဲ့အပေါ်ကို မကျေလည်မှုတွေရှိလို့နေပါတယ်။ အရင်က စံပယ်တောင်၊ ကြေးစင်တောင် နဲ့ လက်ပံတောင်းတောင်စီမံကိန်းတွေတုန်းက သာဓကတွေရှိထားတာကြောင့်လည်း ဒေသခံတွေက စိုးရိမ်ထိတ်လန့်နေကြတာပါ။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG