သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးလေဝသနဲ့သဘာဝဘေး သတင်းမှားဖြန့်သူတွေကို အရေးယူမည်


မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းဟာ ဆက်လက်တည်ရှိနေမှာ ဖြစ်လို့ ဒီရက်ပိုင်းအတွင်းမှာ မြန်မာနိုင်ငံအောက်ပိုင်းတွေမှာ မိုးရွာသွန်းပြီး ရေကြီးရေလျံတာတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားရေးမှူး ဦးစီးဌာနက က သတိပေးထားပါတယ်။ ဒါ့အပြင် ပြည်သူလူထုကို ထိတ်လန့်အောင် မိုးလေဝသနဲ့ မြေငလျင် ဆိုင်ရာ သတင်းမှားတွေ ဖြန့်ချိနေတာကို အရေးယူနိုင်ဖို့ ဥပဒေရေးစွဲနေတယ်လို့လည်း တာဝန်ရှိသူတွေက ဆိုပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းဟာ မုန်တိုင်းငယ်အဖြစ်နဲ့ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသကို ဖြတ်သန်း ဝင်ရောက်ခဲ့ပြီး မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံအောက်ပိုင်းဖြစ်တဲ့ ရန်ကုန် ၊ ပဲခူး ၊ နေပြည်တော် ၊ မကွေး ၊ ရှမ်းပြည်နယ်တို့မှာ ဒီရက်ပိုင်း မိုးရွာသွန်းနိုင်တဲ့အကြောင်း မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားရေးမှူး ဦးစီးဌာနက က သတိပေးထားပါတယ်။ မုန်တိုင်းဟာ ဝင်ရောက် သွားပေမယ့် လေဖိအားနည်း ရပ်ဝန်းက ဆက်လက်တည်ရှိနေမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လပြည့်ဒီရေတက်တဲ့ရက်လည်း ရောက်တော့မှာ ဖြစ်လို့ အနိမ့်ပိုင်းနေရာတွေမှာ ရေကြီးရေလျံတာတွေ ဖြစ်ပေါ် နိုင်ပါတယ်။ လေဖိအားနည်း ရပ်ဝန်းနဲ့ပတ်သက်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးကျော်စိုးဦးက

"မြစ်ဝကျွန်းပေါ် ဒေသကို ဝင်ရောက်သွားပြီ လောလောဆယ်တော့ လေဖိအားနည်း ရပ်ဝန်းအနေနဲ့ ဆက်ရှိနေသေးတယ်။ သူ့ရဲ့အရှိန်ကြောင့်မို့လို့ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြားမိုးရွာသွန်းနိုင်တယ်။ အဲ့ဥစ္စာကတော့ ၂၅ ၂၅ ရက်နေ့လောက်ထိတော့ ရှိနေအုံးမယ် မိုးရွာတဲ့ဟာကလေ အခုကတော့ ဒီအရှိန်ကြောင့်မို့လို့ပေါ့ ဒီအရှိန်ကြောင့်မို့ လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့်မို့လို့ ဒီကာလတွေမှာတော့ မိုးကတော့ တော်ယုံမပြတ်သေးဘူးပေါ့နော်။ အများသောအားဖြင့်တော့ နိုဝင်ဘာလလောက်မှ ပြတ်တယ်။ တနည်းအားဖြင့်တော့ ဒီကာလတွေမှာ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း မုန်တိုင်းတွေဖြစ်နေ တဲ့အချိန် မိုးရွာတတ်တယ်ပေါ့။ အဓိက တောင်တရုတ်ပင်လယ်မှာ အဲ့လိုပဲအလားတူ မုန်တိုင်းတွေ ဖြစ်တယ် ဆိုရင် သူ့ရဲ့မုန်တိုင်းအကြွင်းအကျန်တွေ မြန်မာနိုင်ငံကို ဖြတ်တဲ့အချိန်မှာလည်း မိုးရွာတတ်ပါတယ်။ ဟုတ်ကဲ့ ဒီကာလတွေမှာတော့ ရေကြီးလေ့ ကြီးထတော့မရှိဘူးပေါ့နော်။ ဒါပေမယ့် ဒီကာလတွေမှာ သတိပြုရမှာက ဒီရေအတက်အကျတွေ ရှိတဲ့အတွက်ကြောင့်မို့ မိုးရွာတဲ့အနေအထားလေးနဲ့ ဒီရေတက်တဲ့ဥစ္စာ ရှိလာတယ်။ ဒါရေပြည့်ရေလျံမှုတော့ ဖြစ်နိုင်တယ်။ ဒီရေကတော့ တရက်ကို နှစ်ကြိမ်တက်တယ် နှစ်ကြိမ်ကျတယ်။ ဒီရေတက်တဲ့အချိန်နဲ့ မိုးရွာတဲ့အချိန် ပေါင်းသွားတဲ့ အခါကျတော့ ရေပြည့်ရေလျံတွေဖြစ်နိုင်တယ်။ ပြီးသွားရင် ဒီရေပြန်ကျသွားတာနဲ့ ရေပြန်ကျသွားမယ့် အနေအထားတွေ။"

ဒီအတာအတွင်း ရန်ကုန်မှာ ဒီရက်ပိုင်း ငလျင်လှုပ်ခတ်မယ်ဆိုပြီး လူမှုကွန်ယက် စာမျက်နှာမှာ သတင်းမှားဖြန့်ချီတာတွေရှိနေတာကြောင့် ဒီလို သတင်းမှားတွေကို မယုံကြည်ဖို့နဲ့ စိုးရိမ်မှုလွန်ကဲတာတွေ မဖြစ်ဖို့ အစိုးရတာဝန်ရှိသူတွေဘက်က သတိပေးပါတယ်။ အခုလိုသတင်းမှားတွေဟာ အစိုးရ ယန္တရား နဲ့ ဌာနကို နာမည်ပျက်အောင် လုပ်ဆောင်တာတွေ ဖြစ်နိုင်တဲ့အတွက် အရေးယူဆောင်ရွက်ဖို့ ဥပဒေရေးဆွဲ ပြင်ဆင် နေလို့လည်း ဦးကျော်စိုးဦးက ပြောပါတယ်။

" အဓိကကတော့ မြေငလျင်က ကြိုတင်ခန့်မှန်းလို့မရဘူး။ ကမ္ဘာပေါ်မှာ ဘယ်သူမှ ကြိုတင်ခန့်မှန်းလို့မရဘူး။ မိုးလေဝသနဲ့ပတ်သက်တာပဲဖြစ်ဖြစ် မြေငလျင်နဲ့ပဲ ပတ်သက်တာပဲဖြစ်ဖြစ် ကောလဟာလတွေကတော့ လက်ရှိမှာတော့ တော်တော်များများလုပ်နေကြတာပေါ့။ အဓိကကတော့ တချို့ကလည်း အစိုးရယန္တရား အနှောက်ယှက်ပေးချင်တဲ့ အနေအထားမျိုးနဲ့ ဆောင်ရွက်တာပေါ့။ တချို့ကလည်း ဌာနကို တိုက်ခိုက်ချင်တဲ့ အနေအထားမျိုးနဲ့ ဆောင်ရွက်တာမျိုးလေးတွေပေါ့။ ဒါတွေက တော်တော်လေးလည်း ကျယ်ပြန့်တာပေါ့။ ကျယ်ပြန့်တဲ့ အနေအထားမျိုးလေးလည်း ရှိတဲ့အချိန်ကျတော့ ဒါတွေနဲ့ပတ်သက်ပြီးတော့ လက်ရှိမှာ ကျွန်တော်တို့က အရေးယူတွေမဆောင်ရွက်နိုင်သေးဘူး။ ကျွန်တော်တို့ဒီဟာတွေ ဆောင်ရွက်နိုင်ဖို့အတွက်ကို ကျွန်တော်တို့ Law ဆွဲနေပါတယ်။ ဥပဒေဆွဲနေပါတယ်။ ဥပဒေ နည်းဥပဒေနဲ့ဆိုရင် ဒီဟာတွေကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်မယ့် အနေအထားမျိုးတော့ ရှိပါတယ်။"

ဒီကနေ့ ရန်ကုန်မြို့နေရာတချို့မှာ မိုးရွာသွန်းပြီး အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ အင်းစိန် ၊ မရမ်းကုန်း ၊ တာမွေ တို့မှာ နေအိမ်တချို့ထဲကို ရေတွေ ဝင်ရောက်ခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးလိုပဲ ပဲခူးတိုင်းဒေသကြီး။ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သတိပေးချက် ထုတ်ပြန်ထားတာပါ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ နေရာကွက်ကျား၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှာ နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ၊ နေရာစိပ်စိပ်နှင့် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပါတယ်။

ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ မိုးသက်လေပြင်းတွေ ကျရောက်ပြီး မြေပြင်လေ တနာရီ မိုင် (၄၀) အထိ တိုက်ခတ်နိုင်သလို၊ ၉ ပေကနေ ၁၂ ပေလောက်အထိ ရှိနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ သတိပေးနှိုးဆော်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG